အပိုင်း ၁၄
Viewers 1k

အခန်း(၁၄) - ကလေးလေးရဲ့ အဖေအသစ်

 

ယခင် ရုတ်တရက် နမ်းရှိုက်ခဲ့ဖူးသည့် အနမ်းနှင့်မတူပဲ ဒီတစ်ကြိမ် နမ်းရှိုက်ပြီးနောက် စုယန်ယန်က ပြေးမထွက်သွားခဲ့ပါ။ အဲ့ဒီအစား သူမတို့ နှုတ်ခမ်းဖယ်ခွာသွားပြီးနောက် သူမရှေ့က အမျိုးသားကို လေးလေးနက်နက် ကြည့်လိုက်သည်။

 

သူမရဲ့ အနည်းငယ် နီရဲနေသော မျက်ဝန်းများတွင် စိတ်ရှုပ်ထွေးမှုများ၊ စိတ်နှလုံး ပူဆွေးခြင်းနှင့် နက်ရှိုင်းစွာ ချစ်မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေသော်လည်း ဟောက်ချန်ဟွမ်း တွေးထင်ထားခဲ့သလို နောင်တရခြင်း သို့မဟုတ် တုံ့ဆိုင်းလိုမှုတွေ မြူတစ်မှုန်မျှ မရှိခဲ့ပေ။

 

“ကျွန်မ ဒီကိစ္စကို နောင်တမရဘူး။ ဒါကြောင့် ရှင် ကျွန်မကို အဝေးကို တွန်းထုတ်နိုင်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့မှာ ကလေးမရနိုင်တာပဲ မဟုတ်လား။ အဲ့တာ ဘာဖြစ်လဲ။ အဲ့တာက ကိစ္စကြီးကြီးမားမား မဟုတ်ဘူး။ ဒါ့အပြင် ရှင် ကျွန်မက ကလေးချစ်တတ်လား မချစ်တတ်ဘူးလား ဆိုတာကို ရှင် ဘယ်လိုလုပ်သိလဲ”

 

စုယန်ယန်သည် အခက်အခဲ တစ်စုံတစ်ရာကို ကြုံတွေ့နေရသော ကြောင်တစ်ကောင်ကဲ့သို့ သူမ၏ အမြီးလေးကို ထောင်ထားပြီး ရင်ဆိုင်တိုက်ခိုက်တော့မယ့် အသွင်ဖြင့် စူးရဲတောက်ပနေသည်။ သို့သော်လည်း သူမ၏ နီရဲနေသော မျက်ဝန်းများထဲမှ စိတ်နှလုံး နာကျင်ကြေကွဲနေသော အကြည့်တွေက သူမကို သစ္စာဖောက်နေခဲ့သည်။

 

“ရှင်က ကျွန်မကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ရှင် ကျွန်မကို ဘာတစ်ခွန်းမှ ရင်မဖွင့်ပဲ နေမှာလား။ ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ အကုန်လုံးကို ရှင်တစ်ယောက်တည်းပဲ ထမ်းပိုးထားပြီး ကျွန်မ တိုင်ပင်ဆွေးနွေးခြင်းမရှိပဲ ရှင်က ကျွန်မအစား ဆုံးဖြတ်ချက်တွေ ချမှတ်မှာလား။ ကျွန်မ တကယ်လိုချင်တဲ့ အရာကို ရှင် ဘယ်လိုသိလဲ။ ကျွန်မ သေချာပေါက် နောင်တရမယ်လို့ ရှင်က ဘယ်လိုလုပ်ပြီး သိတာလဲ။ ရှင်... ရှင် အရမ်းလွန်သွားပြီ”

 

စကားအဆုံးတွင် စုယန်ယန်သည် လုံးဝ မထိန်းထားနိုင်တော့ပဲ ငိုကြွေးလိုက်မိသည်။ သူမရဲ့ သွေးသားကို သူမ မပိုင်ဆိုင်နိုင်မှာကို စိုးရိမ်ပူပန်သော သူမရှေ့က အမျိုးသားအတွက်တင်သာမက သူမ အရင်ဘဝတုန်းက ထိုသိမ်ငယ်စိတ်ကြောင့် သူမကို ဂရုစိုက်မြတ်နိုးသည့်တိုင် သူ သေဆုံးသွားသည့်အချိန်ထိ ချစ်သည့်အကြောင်းကို ဖွင့်ဟမပြောဆိုနိုင်ခဲ့သော အမျိုးသားအတွက်ပါ ဝမ်းနည်းကြေကွဲမိသည်။ သူက သူမ သေဆုံးသွားချိန်တွင် နောင်တကြီးစွာ ရခဲ့သူဖြစ်သည်။

 

“ကိုယ်...”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန် ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေသည်ကို မြင်လိုက်ရသောအခါ နှစ်ပေါင်းများစွာ သူ့ကိုယ်သူ ခက်ခဲပင်ပန်းစွာ တည်ဆောက်ထားခဲ့သော ခိုင်ခံ့သော အပြင်ပန်းသွင်ပြင်သည် ချက်ချင်းဆိုသလို ပြိုလဲကျသွားသည်။ သူက လုံးဝ ပျာယာခတ်သွားပြီး သူ့ကိုယ်သူ ကြုံ့တောင့်ကြုံခဲ အပြစ်ဆိုချင်သွားသည်။

 

“မဟုတ်ဘူး။ ကိုယ်က အဲ့လိုမဟုတ်ပါဘူး... ကိုယ် အဲ့လိုသဘောမျိုး မဟုတ်ပါဘူး... ကိုယ်က မင်း အဲ့တာကို ဘယ်လောက် ကြိုက်နှစ်သက်လဲ ဆိုတာကို ကိုယ် သိပါတယ်”

 

စုယန်ယန် ကြက်သေ သေသွားသည်။

 

 “အဲ့တာ... ရှင် ဘာအကြောင်းကို ပြောနေတာလဲ”

 

 

 

ဟောက်ချန်ဟွမ်း၏ မ‌ရေမရာ အကြည့်များသည် သူမလက်မောင်းထဲက ကော်ဂီခွေးလေးဆီသို့ ရုတ်တရက် ကျရောက်သွားပြီး သူ ဆိုလိုသည့် အဓိပ္ပါယ်ကို ထင်ရှားသွားစေသည်။

 

စုယန်ယန်သည် ဒေါသထွက်သွားမိသလို တစ်ချိန်တည်းမှာပင် ပြုံးရယ်ချင်သွားမိသည်။

 

 “အိမ်မွေးတိရစ္ဆာန်လေးတွေကို ကြိုက်နှစ်သက်တာနဲ့ ကလေးတွေကို ကြိုက်နှစ်သက်တာက ဘာဆက်နွှယ်မှုရှိလို့လဲ။ အိမ်မွေးတိရစ္ဆာန်ကို ချစ်မြတ်နိုးတဲ့သူတိုင်း ကလေးတွေကို ချစ်မြတ်နိုးရမယ်လို့ ပြောနေတာလား။ သူတို့က လုံးဝတူညီတဲ့ အရာတွေ မဟုတ်ဘူး”

 

 

 

ဟောက်ချန်ဟွမ်းက သူမကို ဘာစကားမှ  ပြန်မပြောတော့ပဲ ကြည့်လိုက်မိသည်။ ဒီမေးခွန်းက သူမ  ထင်မြင်ယူဆသည့် ကိစ္စထက် မကကြောင်းကို သူ ကောင်းကောင်းသိသည်။

 

စုယန်ယန်က ငယ်ရွယ်သေးသည့် အချိန်ဖြစ်သောကြောင့် ကလေး မလိုချင်တာက ပုံမှန်ကိစ္စ တစ်ခုလိုပင်ဖြစ်သည်။ သို့သော် ဆယ်စုနှစ်တစ်ခုလောက် ကြာသွားခဲ့လျှင် သူမ ဒီလိုပဲ တွေးနေဦးမလားဆိုသည်ကို မည်သူ အာမခံနိုင်မည်နည်း။

 

ထိုအချိန်သို့ ရောက်ရှိလာသောအခါတွင် သူမ မိခင်ဖြစ်ခွင့်ကို ဆုံးရှုံးလိုက်သည့်အတွက် သူ့ကို အပြစ်တင်လိမ့်မည်လား။

 

ထိုဖြစ်နိုင်ခြေကို သူ တွေးလိုက်မိသောအခါတွင် ဟောက်ချန်ဟွမ်း ခက်ခက်ခဲခဲ မျိုသိပ်ထားရသည့် စိတ်မသက်မသာဖြစ်မှုသည် သူ့လိုအင်ဆန္ဒကို ဆန့်ကျင်ပြီး အုံကြွလာသည်။ စုယန်ယန်ကို ဘယ်သူ တစ်ဦးတစ်ယောက်ကို မတွေ့စေပဲ ဘယ်သူ တစ်ဦးတစ်ယောက်နှင့်မျှ အဆက်အသွယ် မလုပ်စေပဲ သူတစ်ယောက်တည်းအတွက် ဖြစ်အောင် အဝေးမှာ သော့ခတ်သိမ်းဆည်း ထားနိုင်ဖို့ ဆန္ဒပြုမိသည်။

 

သူမ နောင်တရမည် ဆိုလျှင်တောင် သူမကို သူနဲ့အတူ ငရဲအထိ ဆွဲခေါ်သွားရလိမ့်မည်။ သူမ သူ့ကို ဘယ်တော့မှ မခွဲခွာသွားစေရ။

 

ဟောက်ချန်ဟွမ်း၏ မျက်လုံးတွေထဲမှာ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

‘မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို မဆုံးရှုံးသွားစေနဲ့။ မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို မဆုံးရှုံးသွားစေနဲ့’

 

သူ့ရှေ့က လူသားက မည်သူ တစ်ဦးတစ်ယောက်ကမှ ထိခွင့်မရှိတဲ့ မျဉ်းတစ်ခုပဲ။ သူမ၏ဆံပင် တစ်ခုလေးကိုတောင် မထိမီအချိန်က သူ သူ့ကိုယ်သူ သတ်သေချင်ဖူးသည်။

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ စိတ်အတွင်းမှ ရုန်းကန်မှုကို သတိမပြုမိသော်လည်း သူ စိုးရိမ်ပူပန်နေသည့် အကြောင်းအရာများကို ခန့်မှန်းနိုင်ခဲ့သည်။

 

“ကျွန်မ တကယ်တမ်း ကလေးလိုချင်တယ် ဆိုရင်တောင် ကျွန်မ ရှင့်ရဲ့ကလေးကိုပဲ လိုချင်တာပါ။ ဒါပေမယ့် ကျွန်မဆိုလိုတဲ့ အဓိပ္ပာယ်ကို ရှင် ရှင်းရှင်းလင်းလင်း နားလည်ရမယ်။ ကလေးတွေက နောက်မှာပဲ ရှင်က ကလေးတွေရဲ့ရှေ့မှာ အမြဲတမ်း ရှိနေရမယ်။ အကယ်၍ ရှင်နဲ့ရတဲ့ ကလေးမဟုတ်ရင် ကျွန်မ ဘယ်ကလေးကိုမှ လုံးဝမလိုချင်ဘူး”

 

ဟောက်ချန်ဟွမ်း၏ နှလုံးသားသည် ပြင်းထန်စွာ အခုန်မြန်နေပြီး စုယန်ယန်၏ စကားများကြောင့် သူ့နှလုံးသားအောက်ခြေရှိ လျှို့ဝှက်စွာ ပုန်းခိုနေသော အမှောင်ထုက ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသည်။

 

 

 

“ကောင်းပြီ။ ကျွန်မတို့ ဒီအကြောင်းကို ဆက်မပြောကြရအောင်”

 

စုယန်ယန်သည် သူ့မျက်နှာအမူအရာ ပြန်ကြည်လင် ကောင်းမွန်လာသည်ကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး “တကယ်လို့ ရှင် ကလေးလိုချင်တယ်ဆိုရင် ကျွန်မမှာ ကလေးတစ်ယောက်ရှိတယ်။ ဒီဟာလေးက ကျွန်မတို့ရဲ့ ကလေးလေးပေါ့”

 

စုယန်ယန်က ဤသို့ပြောလိုက်ပြီး သူမလက်မောင်းထဲက ဆူဖြိုးသာ ခွေးငယ်လေးကို ပင့်မြှောက်ကာ ဟောက်ချန်ဟွမ်း လက်ထဲသို့ ကမ်းပေးလိုက်သည်။

 

“ဒီမှာ သွမ်းသွမ်းရေ မင်းရဲ့ဒယ်ဒီကို နှုတ်ဆက်လိုက်ပါဦး။ ဒယ်ဒီလို့ ခေါ်လိုက်ပါဦး။ မြန်မြန် ဒယ်ဒီလို့ ခေါ်လိုက်ပါဦး”

 

သွမ်းသွမ်းရဲ့ အနက်ရောင် စပျစ်သီးနှင့်တူသော မျက်လုံးတွေ ဇဝေဇဝါ ဖြစ်နေလေသည်။

 

 “ဝု...”

 

ဟောက်-အသစ်-ကလေး-ဒယ်ဒီ-ချန်ဟွမ်း “...” အဲ့ဒီအမူအရာလေးကို မြင်လိုက်ရတော့ သူ ငြင်းပယ်နိုင်စွမ်း မရှိတော့ဘူး။

 

***