အပိုင်း ၂၀
Viewers 1k

အခန်း(၂၀) - ပထမဦးဆုံး တိုက်ရိုက်ထုတ်လွှင့်မှု

 

စုယန်ယန်က သူမ၏အချစ်တွေကို ထုတ်ဖော်ပြသပြီးသည့်နောက် ရိုးရှင်းသော ပြင်ဆင်မှုများကို မပြုလုပ်မီ ချက်ပြုတ်ရာတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ထုတ်ယူကာ သူမကိုယ်သူမ အေးဆေးတည်ငြိမ်သည့် ပုံလေးဖြစ်အောင် ထိန်းသိမ်းထားသည်။

 

ထို့နောက် သူမသည် တိုက်ရိုက်ထုတ်လွှင့်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။ သူမသည် ကင်မရာထဲတွင် သူမမျက်နှာကို မပါဝင်စေပဲ သူမလက်တွေကိုသာ ချိန်ထားမှန်း သေချာအောင် ပြုလုပ်ပြီးနောက် ဗီဒီယိုတိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။

 

“အားလုံး မင်္ဂလာပါ။ ယန်ယန်ရဲ့မီးဖိုချောင်က ကြိုဆိုပါတယ်။ ကျွန်မကတော့ ရှင်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ ယန်ယန်ပါ။ ဒီနေ့ ကျွန်မက ရှင်တို့ကို တရုတ်ဆေးဖက်ဝင် ဟင်းလျာနှစ်မျိုးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီတရုတ်ဆေးဖက်ဝင် ဟင်းလျာတွေမှာ ရောဂါတွေကို ကုသပေးနိုင်တဲ့ တရုတ်ဆေးဖက်ဝင် အပင်တွေကို အသုံးပြုထားတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အစားစားချင်စိတ်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့ အစွမ်းတွေလည်း ပါဝင်ပါတယ်”

 

ယုကျစ်ယန်သည် Onlooker ဟုခေါ်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းရဲ့ အဓိက တာဝန်ရှိသူဖြစ်သည်။ ပလက်ဖောင်းသည် လွန်ခဲ့သည့် သုံးနှစ်ခန့်ကမှ မိတ်ဆက်ခဲ့ပြီး ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ အများအပြားကို ရရှိခဲ့သည်။

 

ယခင်က အမည်မသိ ပလက်ဖောင်းတစ်ခု ဖြစ်လာရာမှ ယခုအချိန်တွင် ပိုမိုကြီးမားသော တိုက်ရိုက် တင်ဆက်ထုတ်လွှင့်မှု ပလက်ဖောင်းများနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ပလက်ဖောင်း အသစ်တစ်ခု ဖြစ်လာခဲ့သည်။

 

မကြာသေးမီက Onlooker ရဲ့ အစားအသောက် ကဏ္ဍတွင် မိန်းကလေးတစ်ဦးက သဘာဝအစားအစာကို အထူးပြုတင်ဆက်ခဲ့သည်။ လအနည်းငယ်ခန့် အကြာတွင် သူမသည် အစားအသောက် ပရိသတ် အများအပြားနှင့် နိုင်ငံခြား တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူများကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်က အစားအသောက် ကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

 

သို့သော်လည်း လူအများအပြားကတော့ လှည့်စားသူ လူလိမ်များသာ ဖြစ်ကြသည်။ သို့သော် များစွာသော တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူများက ပလက်ဖောင်းကို ပိုမိုမြင့်မား တိုးတက်လာစေရန် တွန်းအားပေးနိုင်သည့် စစ်မှန်သော ကျွမ်းကျင်သူများနှင့် အစစ်အမှန် ဗဟုသုတပြည့်စုံသော တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သူ အများအပြား မရှိခဲ့ပါ။

 

ယနေ့တွင် ယုကျစ်ယန်က သူ့ပလက်ဖောင်းရဲ့ အခြေအနေကို စိတ်ပျက် အားလျော့ကာ သူ့အက်ပ်ကို ဖွင့်ကြည့်လိုက်သည်။ အစားအသောက်ကဏ္ဍမှာ သတိမပြုမိသည့် အရည်အချင်းရှိသူ ရှိ မရှိကို သူ သိချင်နေခဲ့သည်။

 

သူ အက်ပ်ကို ဖွင့်ကြည့်လိုက်သောအခါ တိုက်ဆိုင်စွာပင် စုယန်ယန်က ဒီအချိန်တွင် တိုက်ရိုက် ထုတ်လွှင့်နေသဖြင့် သူမကို တွေ့လိုက်ရသည်။

 

‘တရုတ်ဆေးဖက်ဝင် ဟင်းလျာလား။ အဲ့တာက ဘာလဲ။ အစားအသောက်လား’

 

သူက သိချင်စိတ် ပြင်းပြလာသဖြင့် ယုကျစ်ယန်သည် ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်ကြည့်လိုက်ရာ စုယန်ယန်၏ မိတ်ဆက်ပြောဆိုသည့် စကားကို ကြားလိုက်ရသည်။

 

ထိုအကြောင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် အချိန်မရသေးမီ သူ့အနောက်မှ သူ့သူဌေးဖြစ်သူထံမှ အေးစက်သည့် အမေးစကားကို ကြားလိုက်ရသည်။

 

“မင်း ဘာကြည့်နေတာလဲ”

 

ယုကျစ်ယန်သည် လန့်ဖြန့်သွားပြီး အလုပ်ကို ပေါ့လျော့စွာ လုပ်ကိုင်နေတာကို ဖမ်းမိခံလိုက်ရခြင်းအတွက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

 

“သခင်လေး ဘယ်တုန်းက အောက်ကိုဆင်းလာတာလဲ”

 

ဟောက်ချန်ဟွမ်းက သူ့ကို ဖျတ်ခနဲ တစ်ချက် လှမ်းကြည့်လိုက်ပြီး ခုနကမေးလိုက်သည့် မေးခွန်းကိုပဲ ထပ်မေးလိုက်သည်။

 

“မင်း ဘာကြည့်နေတာလဲ’

 

သူ့ဖုန်းကို ဆုပ်ကိုင်ထားတဲ့ ယုကျစ်ယန်၏ လက်တွေက အနည်းငယ် တောင့်တင်းသွားသည်။

 

“ကျွန်တော် ကျွန်တော်က တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကို ကြည့်နေရုံလေးတင်ပါ”

 

“တိုက်ရိုက်ထုတ်လွှင့်မှုလား”

 

ဟောက်ချန်ဟွမ်းရဲ့မျက်ခုံးက အနည်းငယ် တွန့်ကွေးသွားသည်။

 

 “ငါ့ကို ပြစမ်း”

 

ယုကျစ်ယန်သည် သူ့ရှေ့တွင် ဖြန့်ထားသော လက်ကို ကြည့်နေရင်း သူ့နှလုံးသားက တုန်ယင်သွားသလိုပင်။

 

‘သခင်လေးက ငါ့ဖုန်းကို ရိုက်ခွဲတော့မလို့လား’

 

သူ့နှလုံးသားက နာကျင်သလို ခံစားနေရသော်လည်း ယုကျစ်ယန်သည် အဆုံး၌ သူ့ဖုန်းကို တလေးတစား လွှဲပြောင်း ပေးအပ်နေဆဲပင်။

 

ဟောက်ချန်ဟွမ်းသည် ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ရသည့် အစပိုင်းတွင် သူမလို့ ဝိုးတဝါး သံသယ ဝင်မိသော်လည်း တိုက်ရိုက် ထုတ်လွှင့်မှုတွင် မြင်လိုက်ရသည့် သူမ၏လက်များကြောင့် သူမဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

 

တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေသူမှာ စုယန်ယန်ဖြစ်သည်။

 

ဟောက်ချန်ဟွမ်း အတွေးမများခင်မှာပင် စုယန်ယန်၏ ပြုံးပြုံးလေး စကားဆိုလိုက်သည့် အသံကို ကြားလိုက်ရသည်။

 

“မကြာသေးခင်က ကျွန်မရဲ့ မိသားစုဝင် တစ်ယောက်က နောက်ကျတဲ့ အချိန်အထိ အလုပ်လုပ်ပြီး အိပ်ချိန်စားချိန် မမှန်တဲ့အတွက် ကျွန်မ သူ့ကို စိတ်ပူနေရတယ်။ သူက အစားစားချင်စိတ်လည်း နည်းပြီး များများလည်း မစားတတ်တာကြောင့် ဒီနေ့ ဒီပြဿနာကို ကူညီဖြေရှင်းပေးနိုင်မယ့် တရုတ်ဆေးဖက်ဝင် ဟင်းလျာနှစ်မျိုးကို ချက်ပြုတ်ပေးချင်ပါတယ်”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန် သူ့ကို မနေ့က ပေးပို့လိုက်တဲ့ မက်ဆေ့ချ်တွေကို မသိစိတ်မှ အမှတ်ရသွားပြီး ကြက်သေ သေသွားခဲ့သည်။

 

 ‘မိသားစုဝင် … သူမဆိုလိုတာက... ငါ့ကိုလား’

 

“အရင်ဆုံး ဒီရှန်းကျားနဲ့ ခရူးရှင်းငါးကြင်းကို စွပ်ပြုတ် လုပ်ကြည့်ကြရအောင်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ ရှန်းကျား၊ ခရူးရှင်းငါးကြင်းနဲ့ တရုတ်ဝက်မြေစာဥတို့ပဲ ဖြစ်ပါတယ်”

 

[ဟေး... တင်ဆက်သူအသစ်လေးရေ မင်း ဘာလို့ မင်းမျက်နှာကို မပြတာလဲ။]

 

[တရုတ်ဆေးဖက်ဝင် ဟင်းလျာလား။ အဲ့တာ ဘာလဲ။ ငါ ဒါမျိုးကို တစ်ခါမှ မကြားဖူးသေးဘူး။ မကြာသေးမီက အစားအသောက်ကဏ္ဍကို ထူးဆန်းတဲ့ အရာတွေ ဘာကြောင့် အဆက်မပြတ် ဝင်ရောက်လာတာလဲ။]

 

[ရှန်းကျားဆိုတာ ဘာလဲ။ တရုတ်ဝက်မြေစာဥ ဆိုတာကရော ဘာလဲ။ နင်ပြောတဲ့ ရင်ဘတ်တွေက စားလို့ရတယ်ဆိုတာ ငါ မသိဘူး။ ဒါက မထင်မရှားတဲ့ ဟင်းလျာတစ်မျိုးလား။ ဒီတင်ဆက်သူက သမားရိုးကျ တိုက်ရိုက်ထုတ်လွှင့်မှု မဖြစ်အောင် တမင်တကာ ကြိုးစားနေတာလား။]

 

စုယန်ယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း မှတ်ချက်အနည်းငယ် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောအခါတွင် သူမရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို လူဆယ်ဦးကျော်ခန့် ကြည့်ရှုနေကြောင်း သတိပြုမိလိုက်သည်။

***