အခန်း(၂၅)
- ကိုယ်စားဖူးခဲ့သမျှ ဆန်ပြုတ်ထဲမှာ အကောင်းဆုံးပဲ
စုယန်ယန်သည်လည်း
ယုကျစ်ယန်နှင့် တူညီသည့် မျက်နှာအမူအရာလေး ဖြစ်သွားသည်။ သူမ မျက်တောင်တစ်ချက် ခတ်လိုက်မိကာ
မယုံနိုင်လောက်သော အကြည့်ဖြင့်ကြည့်ကာ မေးလိုက်မိသည်။
“ရှင်
ဘာလို့ ဒီလိုထင်ရတာလဲ။ တစ်ယောက်ယောက်က ရှင့်ကို တစ်ခုခုပြောခဲ့လို့လား”
ဟောက်ချန်ဟွမ်းသည်
သေချာပေါက် သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သူမပြောလိုက်သည့် စကားကို
ကြားမိလိုက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ဝန်ခံပြောဆိုဖို့ အစီအစဉ် မရှိပေ။ သူက နှုတ်ခမ်းအသာဆူရင်း
“ကိုယ်က မင်းထက် မျိုးဆက်တစ်ဆင့်မြင့်တဲ့ သူလို့ သတ်မှတ်နိုင်တယ်လေ” ဟု တိုးတိုးလေး
ပြောလိုက်သည်။
ဒီစေ့စပ်ပွဲ
မတိုင်ခင်က စုယန်ယန် သို့မဟုတ် သူမ၏အစ်ကိုပင် ဖြစ်စေကာမူ ထိုမျိုးဆက်မှ သူများသည် သူ့ကို
ဦးလေးဟု ခေါ်ဆိုရပေမည်။
စုယန်ယန်သည်
အခုပြဿနာ၏ အဓိကအကြောင်းအရင်းကို ချက်ချင်း နားလည်သွားကာ သူမ ရယ်ချင်စိတ်ကို ထိန်းထားနိုင်ခြင်း
မရှိပေ။
“ရှင်က
မျိုးဆက်တစ်ဆက်မြင့်တယ်ဆိုတိုင်း အသက်ကြီးတယ်လို့ မဆိုလိုဘူး။ ကျွန်မအမေ မိသားစုဘက်မှာဆို အသက် ၈ နှစ်အရွယ်သာ
ရှိသေးတဲ့ ကျွန်မနဲ့ဆို ဦးငယ်လေး တော်စပ်တဲ့ ကလေးတစ်ယောက်ရှိတယ်။ သူက နှာချေးတွဲလောင်းနဲ့
မျောက်တစ်ကောင်လို ဆော့ကစားနေတုန်းပဲ။ ရှင် သူနဲ့ မျက်နှာချင်းဆိုင်တွေ့ရင် သူ့ကို
အသက်ကြီးတယ်လို့ ရှင်ပြောလိုက်တာနဲ့ သူငိုပြီး အိမ်က လူကြီးတွေကို ပြန်ပြေးပြီး တိုင်
မတိုင် ကျွန်မ လောင်းကြေး ထပ်လိုက်ချင်သေးတယ်”
ဟောက်ချန်ဟွမ်းသည်
ခဏလောက် ကြက်သေ သေသွားသည်။ ထိုမြင်ကွင်းကို သူ မသိစိတ်ကနေ စိတ်ကူးယဉ်ကြည့်ပြီး သူ့မျက်လုံးများတွင်
တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
စုယန်ယန်သည်
သူ့မျက်နှာအမူအရာ အပြောင်းအလဲကို သတိပြုမိပြီး သူ့အကြောင်း ပြောဆိုကြသော အပြင်လူများ၏
မှတ်ချက်များကို သူမစိတ်ထဲ အမှတ်ရသွားမိသည်။ သူ့စိတ်ထဲတွင် မည်မျှ လေးလံနေမည်ကို သူမ
ခန့်မှန်းနိုင်သောကြောင့် သူ့လက်ကိုဆွဲကာ “ရှင်က အသက်မကြီးသေးပါဘူး။ အဲဒီအစား ရှင်က
အရမ်းချစ်စရာ ကောင်းတယ်လို့ ကျွန်မထင်တယ်”
ဟောက်ချန်ဟွမ်းသည်
အခြားသူများရှေ့တွင် ရဲရင့်ပြီး ယုံကြည်ချက်ရှိကာ သူ့စကားအတိုင်း တည်ကြည်ခိုင်မာသည်။
သို့သော် သူသည် သူမရှေ့တွင်ဆို ဂရုတစိုက်ပြုမူ နေထိုင်လေ့ရှိပြီး တစ်ခါတစ်ရံ အသေးအမွှား
ကိစ္စများကိုပင် အလေးအနက် တွေးနေတတ်သည်။
စုယန်ယန်သည်
သူ၏အလေးအနက်ထားပြီး ပြောဆိုဆက်ဆံသည့်ပုံကို သိပ်မကြိုက်ပေမယ့် သူမအား အထူးဂရုစိုက်သည့်ပုံစံက
သူမကို တိတ်တဆိတ် ဝမ်းသာကြည်နူးစေခဲ့သည်။
စုယန်ယန်
ပြောဆိုလိုက်သည့် စကားကို ကြားလိုက်ရသည့်အခါ ဟောက်ချန်ဟွမ်း၏ ရင်ခုန်သံများ မြန်ဆန်သွားစေသည်။
သူ့မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း သူ့နားရွက်တွေကတော့ နီရဲနေသည်။
စုယန်ယန်၏
တောက်ပနေသော မျက်လုံးများထဲမှ အကြည့်တွေက သူ့ကိုကြည့်ရင်း ပိုပိုပြီး သိသာထင်ရှားစွာ
တောက်ပလာခဲ့သည်။
“ကောင်းပြီ၊
ဒီအကြောင်း ဆက်မပြောနဲ့တော့။ ရှင့်အတွက် ကျွန်မချက်ပြုတ်လာတဲ့ စွပ်ပြုတ်နဲ့ ဆန်ပြုတ်ကို
မြန်မြန်လေး မြည်းစမ်းကြည့်ကြစို့။ ဒါက အေးလာပြီ”
သူမ၏
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် ဟောက်ချန်ဟွမ်းသည် စုယန်ယန် ချက်ပြုတ်ခဲ့သော
ဟင်းလျာနှစ်မျိုးကို အလွန်သိချင်နေခဲ့သည်။
“ရှင်
စွပ်ပြုတ်ကို အရင်သောက်ကြည့်။ အဲ့တာကိုသောက်ပြီး အစာစားချင်စိတ်ဖြစ်လာမှ ဆန်ပြုတ်ကို
ဆက်သောက်ကြည့်”
ဟောက်ချန်ဟွမ်းက
ခေါင်းညိတ် လက်ခံလိုက်ပြီး စုယန်ယန် သူ့ကို ကမ်းပေးနေတဲ့ စွပ်ပြုတ်ပန်းကန် သေးသေးလေးကို
လက်ခံယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်သည်။
“အရသာ
ဘယ်လိုနေလဲ။ ရှင့်ခံတွင်းနဲ့ လိုက်ဖက်ရဲ့လား”
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းကို ဒီနေ့မနက်ခင်းတွင် သွမ်းသွမ်းက သူလေးရဲ့ စားစရာကို တောင်းနေပုံနှင့်
ဆင်တူသည့် အကြည့်လေးဖြင့် စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။
ဟောက်ချန်ဟွမ်းရဲ့
မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ဒါ
စားကောင်းတယ်”
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း
စုယန်ယန် ပြောဆိုခဲ့သည့် အတိုင်းပင်ဖြစ်သည်။ ရှန်းကျားကြောင့် စွပ်ပြုတ်ထဲတွင် အချဉ်အရသာလေး
ထွက်ပေါ်လာပြီး ဝက်မြေစာဥ၏ ချိုမြိန်မှုနှင့် ရောစပ်ထားသော အချဉ်အရသာသည် သူတို့၏အရသာကို
လျော့ပါးသွားစေသော်လည်း ငါးကြင်း၏ အရသာကို ပိုလေးနက် သွားစေသည်။
အနံ့က
နည်းနည်း စူးရှသလို ခံစားရပေမယ့် ပါးစပ်ထဲသို့ ထည့်သွင်းလိုက်ချိန်တွင် မထင်မှတ်ဘဲ
အရသာက ပျော့သွားခဲ့သည်။ ဒီစွပ်ပြုတ်သည် လတ်ဆတ်ပြီး ချိုမြိန်သောကြောင့် သူ့ရဲ့ အစာစားချင်စိတ်ကို
ပို၍ တောင့်တစေသည်။
“ရှင်ကြိုက်ရင်
များများသောက်။ ဒါက ကျန်းမာရေးအတွက် ကောင်းတဲ့ စွပ်ပြုတ်ပဲ။ ရှင်က နေ့ရောညပါ နောက်ကျတဲ့အထိ
အလုပ်လုပ်ခဲ့တယ်။ ဒါက ရှင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်တင်းပေးလိမ့်မယ်”
ဟောက်ချန်ဟွမ်းသည်
စွပ်ပြုတ်တစ်ပန်းကန်လုံးကို နောက်ဆုံးတစ်စက်အထိ သောက်ပြီးသွားတော့ စိတ်ကျေနပ်သွားသလိုမျိုး
စုယန်ယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ ဆန်ပြုတ်ပန်းကန်ကို လက်လှမ်းလိုက်သည်။
များသောအားဖြင့်
ဟောက်ချန်ဟွမ်းသည် ငါးညှီနံ့နှင့် ဝက်အသည်းတို့ကို နှစ်သက်ခြင်း မရှိသောကြောင့် စားသုံးလေ့မရှိပေ။
ပြီးတော့ သူတို့ရဲ့ အရသာကလည်း သိပ်မကောင်းမွန်တာကြောင့်လည်း ပါပေသည်။
သို့သော်
စုယန်ယန် သူ့အတွက် ယူလာပေးသော ဆန်ပြုတ်တွင် ငါးညှီနံ့ မရသလို ဝက်အသည်းသည်လည်း လတ်ဆတ်ပြီး
နူးညံ့ကာ ကိုက်စားတဲ့အခါ ထင်သလောက် မခက်ခဲပါ။
“အရသာရှိလား”
ဟောက်ချန်ဟွမ်းသည်
လေးလေးနက်နက် တွေးတောနေရာမှ စုယန်ယန်၏ အသံကို ကြားလိုက်ရသော အခါတွင် သူ့အာရုံတွေက လက်ရှိအချိန်သို့
ပြန်ရောက်လာခဲ့သည်။ သူ ဆန်ပြုတ် တစ်ပန်းကန်လုံး စားပြီးပြီ ဆိုတာကို သိလိုက်ရတော့ သူ့မျက်နှာက
အနည်းငယ် နီမြန်းသွားပြီး ရှက်ရွံ့သွားမိသည်။
“ဒါက
အရသာရှိတယ်၊ ကိုယ်စားဖူးသမျှထဲမှာမှ အကောင်းဆုံးဆန်ပြုတ်ပဲ”
စုယန်ယန်ရဲ့
မျက်လုံးတွေက တောက်ပသွားပြီး သူမသည် ရွှင်မြူးသော အသံဖြင့် “ရှင် ဒါကို ကြိုက်တယ်ဆို
ဝမ်းသာပါတယ်။ နောက်တစ်ခါကျရင် ကျွန်မ ရှင့်ကို ပိုချက်ကျွေးမယ်။ တခြား ဟင်းချက်နည်းတွေလည်း
ရှိသေးတယ်။ ရှင် ဒါမျိုးကို အရင်က တစ်ခါမှ
မစားဖူးဘူးဆိုတာ သေချာတယ်”
***