အပိုင်း ၂၆
Viewers 1k

အခန်း(၂၆) - မင်းမှာ ကောင်မလေးရှိလား

 

စုယန်ယန် ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်မှာ ဟောက်ချန်ဟွမ်း၏ မျက်လုံးများသည် အနည်းငယ် ပူနွေးသွားမိပေမယ့် သူက “မင်း အပင်ပန်းခံစရာ မလိုပါဘူး” လို့ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

 

“ရှင်က ကျွန်မချက်ပေးတာကို မကြိုက်ဘူးလား”

 

“ကိုယ် အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ် မင်းကို မပင်ပန်းစေချင်လို့ပါ”

 

အပိုစာသားတွေ မပါဝင်တဲ့ စိတ်ရင်းပါသည့် စကားတစ်ခွန်းသာ ဖြစ်သော်လည်း သူမနှလုံးသားကို နွေးထွေးသွားစေသည်။

 

စုယန်ယန်၏ မျက်နှာကို အနည်းငယ် ရှက်သွေး ဖြာသွားစေသော်လည်း သူမမျက်လုံးတွေကို တလက်လက် တောက်ပသွားစေသည်။

 

 “ကျွန်မ ပင်ပန်းတယ်လို့ မထင်ပါဘူး။ ကျွန်မ ရှင့်အတွက် ချက်ပြုတ်ပေးရတာကို ပျော်တယ်”

 

ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာနေတဲ့လူကို ကျွန်မမျက်စိရှေ့မှာ မြင်နေရတာကို သဘောကျတယ်။ တရုတ်ဆေးဖက်ဝင် ဟင်းလျာက သူမအတွက် မရှိမဖြစ် အ‌‌ရေးပါလှပြီး နှစ်လိုမှုရမှတ်တွေ ရရှိစေဖို့အတွက်လည်း ပါဝင်ပေသည်။

 

တစ်နေ့တွင် သူ့ခြေထောက်ပြန်ကောင်းပြီး မတ်တပ်ပြန်ရပ်နိုင်တာကို သူမ မြင်တွေ့ချင်မိသည်။ အတိတ်က သူ့ကို မထီမဲ့မြင်ပြုပြီး နာကျင်စေခဲ့သည့် သူများရှေ့တွင် မတ်တပ်ရပ်ပြီး အဲ့ဒီအတွက် ပြန်ပေးဆပ်စေရမည်။

 

ဟောက်ချန်ဟွမ်းသည် သူမပြောသည့် စကားကို ငြင်းဆိုခြင်း မရှိပေ။ သူက နောက်တစ်ဖန် ဆန်ပြုတ်တစ်ပန်းကန် ထပ်ယူလိုက်ပြီး တိတ်တဆိတ် စားနေခဲ့သည်။

 

သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေ တွန့်ကွေးနေသည်ကိုကြည့်ရင်း သူ့စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေပုံရမှန်း သိလိုက်သည်။

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း အများကြီး စားနေသည်ကိုမြင်ရတော့ စိတ်ပျော်ရွှင်မိသည်။ ရုတ်တရက် သူမခြေထောက်ပေါ်တွင် ရင်းနှီးနေသော အလေးချိန် တစ်ခုကို ခံစားလိုက်ရသည်။ သူမခေါင်းငုံ့ကြည့်လိုက်သည့် အချိန်တွင် ကော်ဂီခွေးငယ်လေးရဲ့ ‘ကျေးဇူးပြုပြီး ကျွေးမွေးပေးပါ သို့မဟုတ် ပွေ့ဖက်ပေးပါ’ ဟု ဆိုလိုသည့် အဓိပ္ပါယ်များ ပါဝင်နေသော သနားစရာကောင်းကာ အကူအညီကင်းမဲ့နေသည့် အကြည့်လေးများနှင့် ဆုံတွေ့လိုက်ရသည်။

 

စုယန်ယန် “…”

 

သူ့သူဌေး နှစ်ပေါင်းများစွာ တိတ်တခိုး ချစ်မြတ်နိုးခဲ့သော သူ့သူဌေး၏ အနာဂါတ် ဇနီးသည်က အလည်ရောက်နေသည်ကို သိလိုက်ရသဖြင့် ယုကျစ်ယန်သည် သူ့ရဲ့ စပ်စုချင်စိတ်ကို မထိန်းနိုင်ပဲ ဧည့်ခန်းထဲသို့ ဝင်လိုက်ထွက်လိုက် ဟန်ဆောင်နေခဲ့သည်။

 

သူလှည့်ကြည့်လိုက်ချိန်တွင် အိမ်ထဲတွင် နှစ်ယောက်သာ အတူယှဉ်တွဲထိုင်နေသည့် အနားက လေထုထဲမှာ ပန်းရောင်အငွေ့အသက်တွေ လွှမ်းခြုံနေတာကို သတိပြုမိလိုက်သည်။

 

‘ကျွတ်... ကျွတ်... ကျွတ် သခင်လေးက နောက်ဆုံးတော့ ပိုင်ဆိုင်နိုင်သွားပြီပဲ။ သူ့ရဲ့ တိတ်တခိုးအချစ်ကို ဖွင့်ဟပြောဆိုနိုင်ခဲ့ပြီး တစ်ကိုယ်ရေ ဘဝကနေ စုံတွဲတွေ အဖြစ်ကို ကူးပြောင်းသွားခဲ့တယ်။ ဘယ်လောက်တောင် ချစ်ခင်ယုယနေကြတာလဲ’

 

ယုကျစ်ယန်သည် တူယှဉ်တွဲနေသည့် အချစ်ငှက်နှစ်ကောင်ကို ကြည့်ရင်း သက်ပြင်း တစ်ချက်ချသည်။ သူ မထွက်သွားခင်မှာ စားပွဲပေါ်က နေ့လယ်စာ ထမင်းဘူးကို သူ၏စူးရှသည့် အကြည့်များနှင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

 

‘ဟမ်... အဲ့ဒီ နေ့လယ်စာ ထမင်းဘူးကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ။ ခဏနေပါဦး... အဲ့တာက ဟိုဟာ မဟုတ်ဘူးလား...”

 

ဟောက်ချန်ဟွမ်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံးကို ကြည့်ရှုရန် တွန်းအားပေး ခံလိုက်ရသည့် ယုကျစ်ယန်သည် နောက်ဆုံးတော့ သူ ကြီးမားသော လျှို့ဝှက်ချက် တစ်ခုကို ရှာတွေ့သွားသလို ခံစားလိုက်ရသည်။

 

စုယန်ယန်သည် ဟောက်မိသားစု အိမ်တော်တွင် အချိန်အကြာကြီး မနေခဲ့ပါ။ ဟောက်ချန်ဟွမ်း ဆန်ပြုတ်နှင့် စွပ်ပြုတ် စားသောက်ပြီးစီးသည်ကို ကြည့်ရှုပြီး‌နောက် သူမ ယူလာခဲ့သည့် ပစ္စည်းတွေကို ကောက်ယူကာ ချက်ချင်း ပြန်သွားခဲ့သည်။

 

သူမသည် တံခါးဆီသို့ မရောက်မီအချိန်တွင် သူမအနားဝယ် တဝဲဝဲလည်ဖြစ်နေသော ကော်ဂီခွေးငယ်လေးရဲ့ သနားစဖွယ် အကြည့်လေးကို မခံစားနိုင်တော့ပါ။

 

ဟောက်ချန်ဟွမ်းသည် သူ့ရဲ့သက်ရှိ ရတနာနှစ်ခုလုံးကို ကြည့်နေခဲ့သည်။ သူ၏ ပုံမှန်လို အေးစက်နေသည့် အကြည့်များတွင် နွေးထွေးနေသော အရိပ်အငွေ့များ ယှက်သန်းနေခဲ့သည်။ သူက ခွေးစာခွက်ထဲသို့ ခွေးစာအချို့ လောင်းထည့်ကာ သွမ်းသွမ်းရှေ့တွင် ထားပေးလိုက်သည်။

 

အစားအစာ သူ့ရှေ့သို့‌ ရောက်ရှိသည့် အခိုက်အတန့်တွင် ကော်ဂီခွေးငယ်လေးသည် သခင်ဖြစ်သူနှင့် ခွဲခွာရတော့မည်ဖြစ်၍ ဝမ်းနည်းပူဆွေးနေသည့် အကြောင်းကို မေ့လျော့သွားပြီး သူ့အစာခွက်ထဲ ပျော်ရွှင်စွာ ခေါင်းစိုက်သွားသည်။

 

တံခါးမှ ဖြတ်ဝင်လာသည့် ယုကျစ်ယန်သည် ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး မကြာသေးမီက သူ ထုတ်ဖော်ရရှိခဲ့တဲ့ ကြီးမားသော လျှို့ဝှက်ချက်ကို အမှတ်ရစေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်စွန်းများ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ တစ်ခဏတာ ပြောစရာစကား ပျောက်ရှသွားသည်။

 

သူ ဝင်လာတာကို ဟောက်ချန်ဟွမ်း မြင်လိုက်ရသည့် အခါမှာ သူက “မင်းမှာ ကောင်မလေးရှိလား” လို့ အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။

 

“အာ...” ယုကျစ်ယန်သည် အကြည့်ဗလာဖြစ်သွားသည်။

 

“မရှိပါဘူး”

 

ဟောက်ချန်ဟွမ်းက သူ့ကို အေးစက်သည့် အကြည့်တစ်ချက် ပစ်ခွင်းလိုက်ပြီး သူ့အကြည့်တွေက ‘မင်းမှာ ရည်းစားမရှိလို့ မင်း ဒီကိုရောက်နေတာလား” လို့ ပြောနေသလိုပင်။

 

ယုကျစ်ယန်သည် သူ့နှလုံးသားကို မြားဖြင့် ပစ်ခွင်းလိုက်သလို ခံစားလိုက်ရသည်။

 

‘ရည်စားမရှိတာ ဘာမှားလို့လဲ။ ရည်စားမရှိတာနဲ့ ကျွန်တော့်က ဘာလို့ ဒီလိုဆက်ဆံခံရမှာလဲ။ စေ့စပ်ထားသူရှိတာက အရမ်းကောင်းလို့လား’

 

အမှန်ပဲ စေ့စပ်ထားသူရှိခြင်းက အလွန်ကောင်းတယ် ... အနည်းဆုံးတော့ တစ်ကိုယ်ရေ ခွေးတွေကို သူတို့ အလိုရှိသလို နှိမ်ချတိုက်ခိုက်နိုင်သည်။

 

“ရှောက်ယန်နဲ့ ယန်ပိုင်မှာရော ကောင်မလေးရှိလား”

 

“ကျွန်တော် သိရသလောက်တော့ သူတို့တွေလည်း တစ်ကိုယ်ရေ သမားတွေပါပဲ”

 

“ကျွတ်...”

 

ဟောက်ချန်ဟွမ်းက တိတ်ဆိတ်သွားပြီး ဘာစကားတစ်ခွန်းမှ ပြန်မပြောပေမယ့် သူ့မျက်လုံးတွေထဲမှာ လှောင်ပြောင်လိုသည့် အရိပ်အငွေ့ ယှက်သန်းနေတာကို သတိပြုမိလိုက်သည်။

 

မြားအနည်းငယ် ထိုးဖောက်ဝင်ခြင်း ခံထားရသော နှလုံးသားသည် ဒီအချိန်မှာ ထောင်ပေါင်းများစွာသော မြားတွေရဲ့ပစ်မှတ် ဖြစ်သွားပြီး မြားတွေအကုန်လုံး ထိုးဖောက် ဝင်ရောက်သွားသလိုပင်။

***