အပိုင်း ၂၈
Viewers 943

အခန်း(၂၈) - အရန် စွမ်းရည်

 

စုယန်ယန်သည် သူမ ချစ်ခြင်းအပြည့်ဖြင့် ပြင်ဆင်ပေးထားသည့် နေ့လယ်စာထမင်းဘူးကို ပေးပို့ပြီး အိမ်အပြန်လမ်းတွင် စနစ်ထံမှ သတိပေးချက်တစ်ချက် တစ်ခုကို လက်ခံရရှိခဲ့သည်။ သူမကို အံ့အားသင့်စေတာကတော့ ဒီတစ်ကြိမ်မှာ သတိပေးချက်တစ်ခုထက်ပိုပြီး လက်ခံရရှိခဲ့လို့ပါပဲ။

 

[ဂုဏ်ယူပါတယ် Host သင် နှစ်လိုမှုရမှတ် +520 ရရှိသွားပါပြီ။ ယခု သင့်ရဲ့နှစ်လိုမှုရမှတ်မှာ 1314မှတ် ဖြစ်ပါတယ်။ သင်ရဲ့နှစ်လိုမှုရမှတ် အမြင့်ဆုံးကို ရောက်ရှိသွားပါပြီ။ သင် ဆေးဖက်ဝင်အပင်တွေကို ရွေးချယ်ယူရန် ကြိုးစားနိုင်ပါပြီ။ ‌ရွေးချယ်ဝယ်ယူဖို့အတွက် ကျေးဇူးပြုပြီး စျေးဆိုင်ကိုဖွင့်လှစ်ပါ။]

 

[ဂုဏ်ယူပါတယ် Host သင် ယုံကြည်မှုရမှတ် +1 ရရှိသွားပါပြီ။ သင် အရန်စွမ်းရည်ဖြစ်တဲ့ ဓားကိုင်ခြင်း စွမ်းရည်ကို ရရှိခဲ့ပါပြီ။ ကျေးဇူးပြုပြီး စွမ်းရည်အသစ်ကို စွမ်းရည်သစ်ပင်တွင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။]

 

“ယုံကြည်မှုရမှတ်လား” စုယန်ယန်သည် တစ်ခဏလောက် ကြက်သေ သေသွားသည်။ စနစ်သည် ယုံကြည်မှုရမှတ် အကြောင်းကို ဖော်ပြထားခဲ့သော်လည်း မည်သည့်အခါမှ ထိုရမှတ်ကို မည်ကဲ့သို့ ရယူရမည်ကို ရှင်းပြဖူးခြင်း မရှိခဲ့ပါ။ သူမသည် ရုတ်တရက် ဘာကြောင့် ဒီယုံကြည်မှုရမှတ်ကို ရရှိခဲ့တာလဲ။

 

[ယုံကြည်မှုရမှတ်တွေ ဆိုသည်မှာ Hostရဲ့ တာဝန်ပစ်မှတ်များထံမှ ကျေးဇူးတင်ရှိခြင်းအတွက် လက်ခံရရှိခြင်းဖြစ်သည်။]

 

“ကျေးဇူးတင်ရှိတာလား။ ချန်ဟွမ်းက ‌ကျေးဇူးတင်နေတာလား။ ငါက သူ့အတွက် ဟင်းလျာချက်ပြုတ်ပေးလို့လား” အဲ့တာက ထူးဆန်းနေသလိုပဲ။

 

[စမ်းသပ်မှုရလဒ်များအရ Hostရဲ့စေ့စပ်ထားသူထံမှ ရရှိသော ယုံကြည်မှုရမှတ်များကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ဒီယုံကြည်မှုရမှတ်က Host တိုက်ရိုက်ထုတ်လွှတ်မှုကို ကြည့်ရှုခဲ့ပြီး ဟင်းလျာကို ဝေမျှပေးအပ်ခဲ့တဲ့ ကြည့်ရှုသူထံမှ လက်ခံရရှိခြင်းဖြစ်ပါသည်။]

 

စုယန်ယန်ရဲ့မျက်လုံးများက တောက်ပလာသည်။

 

 “နင် ဆိုလိုတာက ငါချက်ပြုတ်ထားတဲ့ တရုတ်ဆေးဖက်ဝင် ဟင်းလျာတွေ တကယ် အလုပ်လုပ်ပြီး ငါ့ကြည့်ရှုသူရဲ့ အကြီးအကဲ စားချင်စိတ် ပျောက်ဆုံးနေတာကို ကူညီပေးနိုင်ခဲ့တာလား”

 

[ဟုတ်ပါတယ်။]

 

“ဒါဆို ငါ တခြားသူတွေကို ကူညီပေးပြီး သူတို့ ငါ့ကို ‌ကျေးဇူးတင်နေသမျှ ဒီယုံကြည်မှုရမှတ်တွေကို ရရှိနိုင်မှာလား။ စကားမစပ် ဒီထောက်ပံ့ရေး စွမ်းရည်ကရော ဘယ်လို အသုံးဝင်လဲ”

 

[သီအိုရီအရ ပြောရမယ်ဆိုရင် မှန်ပါတယ်။ အကူအညီ လိုအပ်နေသူများကို စနစ်မှ ပေးအပ်ထားသော စွမ်းရည်များကို အသုံးပြု၍ ကူညီပေးသည့်အခါမှာမှ ယုံကြည်မှုရမှတ်ကို လက်ခံရရှိရပါမည်။]

 

ဆိုလိုတာက သူမ ယုံကြည်မှုရမှတ်များကို လက်ခံရရှိရန် အခြားသူများကို အကူအညီပေးရာတွင် စနစ်မှ ပေးအပ်ထားသော စွမ်းရည်များကိုသာ အသုံးပြုနိုင်သည်။ ငွေလှူဒါန်းခြင်းနဲ့ အခြားသော ပရဟိတ ကူညီပေးခြင်းတွေက အထောက်အကူမဖြစ်စေပါ။

 

[အရန်စွမ်းရည်များကို ရှင်းပြရမည်ဆိုလျှင် စွမ်းရည်သစ်ပင် လုပ်ဆောင်ချက်ရှိ ကိုင်းခက်များသည် ပင်မစွမ်းရည်၏ အရန်စွမ်းရည်ဖြစ်ပြီး Host အား ပင်မစွမ်းရည်ကို ပိုမိုကျွမ်းကျင်လာစေဖို့ ကူညီပေးသည်။]

 

စုယန်ယန်သည် ရှင်းပြချက်ကို နားထောင်ပြီးနောက် ချက်ချင်းပင် စွမ်းရည်သစ်ပင် လုပ်ဆောင်ချက်ကို ဖွင့်လှစ်လိုက်သည်။ တရုတ်ဆေးဝါး စွမ်းရည်၏  ဖြာထွက်နေသော ကိုင်းများထဲမှ ဓားကိုင်ခြင်း စွမ်းရည်ဟူသော ကိုင်းသည် ထွန်းလင်းတောက်ပနေ၏။

 

ဒီအရန်စွမ်းရည်သည် ဟင်းလျာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးဝင်နိုင်သည့်အပြင် ဆေးဖက်ဝင် ပစ္စည်းများကို ကိုင်တွယ်ရာတွင်လည်း လွယ်ကူချောမွေ့စေမည်ဖြစ်သည်။

 

စုယန်ယန်သည် အသစ်ရရှိလာခဲ့သည့် စွမ်းရည်နှင့် ပတ်သက်ပြီး စနစ်နှင့်ဆွေးနွေးနေစဉ် စုယန်ယန်၏ ဖုန်းမျက်နှာပြင် လင်းလာသည်။

 

ဖုန်းမျက်နှာပြင်ပေါ်မှ အကြောင်းကြားချက်ကို ဖွင့်ကြည့်လိုက်ချိန်တွင် အစောပိုင်းမှ ကြည့်ရှုသူထံမှ ပေးပို့ထားသော သီးသန့်မက်ဆေ့ချ် တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

 

[နေမကောင်းဘူး ဘယ်လိုလုပ်ရမလဲ: တင်ဆက်သူရေ မင်းရဲ့ စွပ်ပြုတ်နဲ့ ဆန်ပြုတ်က တကယ့်ကို အံ့အားသင့်ဖွယ်ပါပဲ။ နောက်ဆုံးတော့ ငါ့အဘွား အစာစားပြီ။]

 

စုယန်ယန်သည် သူ့ရဲ့စိတ်လှုပ်ရှားမှုကို ဖုန်းမျက်နှာပြင်ပေါ်ကနေ ခံစားမိနိုင်သည်။

 

ကြည့်ရှုသူရဲ့ ပျော်ရွှင်မှုက သူမကို ကူးစက်လိုက်သွားလိုပင် စုယန်ယန်ရဲ့ စိတ်အခြေအနေဟာ ပိုကောင်းမွန်လာသည်။ သူမက ပေါ့ပါးသည့် အပြုံးလေးဖြင့် “ကြားရတာ ဝမ်းသာပါတယ်” လို့ ကြည့်ရှုသူထံ ပြန်ပို့လိုက်သည်။

 

မက်ဆေ့ချ်ပေးပို့ပြီး သိပ်မကြာခင်မှာပဲ ကြည့်ရှုသူထံမှ ကျေးဇူးတင်ပါတယ်ဆိုသည့် ရုပ်ပုံအနည်းငယ်ခန့်ကို ပြန်လည်လက်ခံရရှိလိုက်ရာ သူမ အနည်းငယ် ရှက်ရွံ့သွားမိသည်။

 

ထို့နောက် သူသည် စုယန်ယန်ထံ မက်ဆေ့ချ်ပေးပို့ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြပြီး နောက်ဆုံး၌ စီးပွားရေးနှင့် သက်ဆိုင်သည့် အကြောင်းကို ဆွေးနွေးခဲ့သည်။

 

[နေမကောင်းဘူး ဘယ်လိုလုပ်ရမလဲ: တင်ဆက်သူရေ ပြဿနာကတော့ ကျွန်တော့်အဘွားက အသက်အရွယ်ရလာတော့ အစာစားချင်စိတ် အားနည်းလာတာကြောင့်ပဲ။ ဒီတစ်ကြိမ်ကတော့ အဆိုးဆုံးလို့ ပြောရမယ်။ မင်းရဲ့ ရှန်းကျားနဲ့ ခရူးရှင်း ငါးကြင်းစွပ်ပြုတ်ကို သောက်ပြီးတဲ့ အချိန်မှာ သူမက နောက်ထပ် ထမင်းတစ်ပန်းကန်ကို‌တောင် ထပ်စားနိုင်ခဲ့တယ်။ အဲ့တာက ပန်းကန်သေးသေးလောက်သာ စားနိုင်ပေမယ့် ကျွန်တော်တို့ မိသားစုဝင်တွေ အရမ်းပျော်ရွှင်ကြတယ်။]

 

[နေမကောင်းဘူး ဘယ်လိုလုပ်ရမလဲ: ကောင်းပြီ။ ကျွန်တော် ရှာဖွေကြည့်ရှုလိုက်တဲ့ အခါမှာ ရှန်းကျားက စျေးကွက်မှာ မရှာတွေ့ခဲ့ဘူး။ မင်းမှာ အပိုရှိသေးလားလို့ ကျွန်တော်မေးချင်ပါတယ်။ ကျွန်တော့်ကို ခွဲပေးနိုင်မလား ... သေချာပေါက် ကျွန်တော်တို့က အလကား မတောင်းဆိုပါဘူး။ တင်ဆက်သူ စျေးခေါ်တာကို ကျွန်တော့်တို့ စျေးဆစ်မှာ မဟုတ်ပါဘူး။]

 

ထိုသို့ ပြောပြီးနောက် သူက အလွန်သနားစရာကောင်းသည့် ကလေးလေးတစ်ယောက် ‘ကျေးဇူးပြုပြီး’ ဒူးထောက်တောင်းပန်နေသည့် ရုပ်ပုံလေးကိုပင် ပေးပို့လိုက်သေးသည်။

***