အခန်း(၂၉)
- ရှားပါးသည့် ဆေးဖက်ဝင်အပင်များ
စုယန်ယန်သည်
ဒီမက်ဆေ့ချ်ကို မြင်ပြီးနောက် မျက်စောင်းရွယ်လိုက်သည်။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့်
နှစ်လိုမှုရမှတ်များကို စုဆောင်းမယ်ဆိုလျှင် ဒီလိုနေ့မျိုး ရောက်လာမယ် ဆိုတာကို သူမ
ကြိုတင်သိထားပြီးသားဖြစ်သည်။
အကယ်၍
ရှားပါးသည့် အရာဆိုလျှင် အဖိုးတန်လိမ့်မယ်။ သူမ လက်ထဲမှာရှိတဲ့ ဆေးဖက်ဝင်အပင်များသည်
ရှေးယခင်ကပင် မျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်သည်။ လူများသည် ထိုအရာကို လောဘကြီးသည့်
မျက်လုံးများဖြင့် ရှောင်လွဲမရအောင် ကြည့်မိကြသည်။
သူမတွင်
အမြဲတမ်း ခိုင်မာတောင့်တင်းသော မိသားစုနောက်ခံရှိပြီး ယခုဆိုလျှင် ဟောက်ချန်ဟွမ်းကဲ့သို့
အထင်ကြီးစရာကောင်းသည့် သတို့သားလောင်းကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်သည်။ သူမသည် ဒီကိစ္စများကို
မကြောက်ရွံ့သော်လည်း ဒုက္ခရောက်အောင်လည်း မပြုလုပ်ချင်ပါ။
စုယန်ယန်က
ထုတ်ဖော်ညည်းတွားလိုက်သည်။
“စနစ်
ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ပေးနိုင်မလား”
[ဟုတ်ကဲ့။
စိတ်မပူပါနဲ့ Host စနစ်က သင့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တင်းကြပ်စွာ လျှို့ဝှက်သိမ်းဆည်း
ထားလိုက်ပါပြီ။ ဒီကမ္ဘာကြီးရဲ့ လက်ရှိနည်းပညာကို အခြေခံပြီး Hostရဲ့ခွင့်ပြုသည့် လုပ်ဆောင်ချက်မရှိပဲ
သင့်အကြောင်းကို သိရှိနိုင်မည်မဟုတ်ပါ။]
စုယန်ယန်
သူမ၏ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားလိုက်သည်။ သို့သော်လည်း သူမပစ္စည်းတွေကို လွယ်လွယ်
မပေးလိုက်နိုင်ပါ။
“ကျွန်မ
ရှင့်ကို ရှန်းကျားကို ပေးလို့ရတယ်၊ ဒါပေမယ့် ရှင် ကျွန်မကို ရှင့်အဘွားရဲ့ ကျန်းမာရေး
စစ်ဆေးချက်ကို ပို့ပေးရမယ်။ ရှန်းကျားကို ဟင်းလျာအဖြစ် ချက်ပြုတ် ပြင်ဆင်နိုင်သော်လည်း
သူက ဆေးအမျိုးအစားထဲမှာ ပါဝင်နေဆဲဖြစ်တယ်။၊ ကြုံရာကျပန်း စားသုံးလို့ မရနိုင်ဘူး။ လူတစ်ဦးနဲ့
တစ်ဦး ကွဲပြားခြားနားမှုတွေ ရှိသောကြောင့် လူတိုင်းစားသုံးဖို့ မသင့်တော်ဘူး။ ရှင့်ကို
ရှန်းကျားမပေးခင် ကျွန်မ ရှင့်အဘွားရဲ့ကျန်းမာရေး အခြေအနေကို သိရှိဖို့ လိုအပ်ပါတယ်။
ဒါမှ သူ့အတွက် သင့်တော်တဲ့ ပမာဏကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်။ ရှင့်ကို ဒီအတိုင်းပေးလိုက်လို့
သူမ စားပြီးတဲ့အခါ တစ်ခုခု မှားသွားခဲ့ရင် ကျွန်မ ရှင့်မိသားစုကို ရှင်းပြနိုင်မှာ
မဟုတ်ဘူး”
စုယန်ယန်၏အဖြေကို
ဖတ်ရှုပြီးနောက် ဒီအမျိုးသားသည် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ အဲ့ဒီအစား စုယန်ယန်က
တာဝန်သိစိတ်ရှိတယ်လို့ ခံစားရပြီး သူမကို ပိုယုံကြည်လာခဲ့သည်။
အစောပိုင်းက
သူ့အဘွားဖြစ်သူရဲ့ အစာစားချင်စိတ် ပျောက်ဆုံးမှုကြောင့် မိသားစု သူမကို ခန္ဓာကိုယ်စစ်ဆေးကြည့်ရှုဖို့
ခေါ်လာခဲ့သည်။ ထိုကျန်းမာရေး စစ်ဆေးချက်ကို သိမ်းဆည်းထားဆဲ ဖြစ်သည်။
စုယန်ယန်သည်
သိပ်မကြာခင်အချိန်မှာပင် တိကျမှန်ကန်သော ကျန်းမာရေး စစ်ဆေးချက်ကို လက်ခံရရှိခဲ့ပြီး
အဘွားဖြစ်သူ၏ ကျန်းမာရေး အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
တရုတ်ဆေးဖက်ဝင်
ဟင်းလျာ အပြည့်အစုံကို ရည်ညွှန်း၍ တိကျသော ပမာဏနှင့် ကြိုတင်ကာကွယ်မှု အချို့ကိုပါ
ပေးပို့ခဲ့သည်။ အစောပိုင်းက သူမ စစ်ဆေးပြင်ဆင်ထားသည့် အချက်အလက်များနှင့်အတူ ရှန်းကျားကိုပါ
ကြည့်ရှုသူထံ ပေးပို့ခဲ့သည်။
စုယန်ယန်သည်
သူမလုပ်လက်စအလုပ် ပြီးသွားသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုအခိုက်အတန့်မှာပင်
သူမရှေ့တွင် မက်ဆေ့ချ်အသစ်တစ်ခု ပေါ်လာခဲ့သည်။
စုယန်ယန်သည်
ထိုမက်ဆေ့ချ်ပါ အကြောင်းအရာကို တစ်ချက်ကြည့်လိုက်သည်။ တစ်ထောင်ကျော်အထိ ရရှိခဲ့သော
နှစ်လိုမှုရမှတ်များကို ကြည့်ရင်း သူမမျက်ဝန်းလေးတွေက တလက်လက် တောက်ပလာခဲ့ပြီး သူမ
မည်သည့် ဆေးဖက်ဝင်အပင်ကို ရွေးချယ်ရမလဲဆိုတာကို သူမ သိရှိထားပြီးဖြစ်သည်။
နောက်တစ်နေ့တွင်
လန်ကျားယီသည် အနီရောင်များ အပြည့်ပါသည့် ပါဆယ်ထုပ်ကို လက်ခံရရှိခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ
နှစ်ကျင်း၊ သုံးကျင်းလောက် (TN: တစ်ကျင်းလျှင် ကီလိုဝက်နှင့် ညီသည်) ရှိသည့် သေတ္တာနှစ်လုံးကို
သယ်ရင်း အိမ်ခြံဝင်းထဲ ဟိုဟိုဒီဒီ လှည့်ပတ်ပြေးလွှားနေခဲ့သည်။
အိမ်အောက်ထပ်သို့
ဆင်းလာသော လန်မင်းဟန်သည် အလွန်ရွှင်မြူးနေသည့် အသွင်ဖြင့် သူ့ညီငယ်လေးကို တွေ့လိုက်ရသည်။
သူ့နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွားပြီး “မနက်အစောကြီးပဲ ရှိသေးတယ်
ဘာတွေ ဒီလောက်ပျော်မြူးနေရတာလဲ” ဟု အပြစ်တင်သလို ပြောလိုက်သည်။
လန်ကျားယီသည်
ဒီစကားတွေကို သူ့စိတ်ထဲ မထည့်ထားခဲ့ပေ။ အဲ့ဒီအစား သူက ရှန်းကျားဘူးကို ရတနာလေးကို ကိုင်ထားသလိုမျိုး
သူ့အစ်ကိုထံ ယူသွားပြသည်။
“အစ်ကို
ဒါကိုကြည့်။ ဘာလို့ မင်းထင်လဲ’
“အဲ့တာက
ဘာလဲ။ သစ်သီးလား’
“မဟုတ်ဘူး။
ဒါက တရုတ်ဆေးဖက်ဝင် အမျိုးအစားထဲမှာ ပါဝင်တဲ့ ရှန်းကျားပဲ။ ရှေးခေတ်ဆေးပညာနဲ့ ပတ်သက်တဲ့
သမိုင်းအကြောင်းကို လေ့လာနေတဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို ကျွန်တော်မေးကြည့်တော့
ရှေးတုန်းက ဒီရှန်းကျားဆိုတာ ရှိပေမယ့် အချိန်ကြာလာတာနှင့်အမျှ တရုတ်ဆေးဖက်ဝင် တော်တော်များများ
မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တယ်”
“မျိုးသုဉ်းပျောက်ကွယ်သွားပြီလား”
လန်မင်ဟန်က
ချက်ချင်းပင် အဓိကအချက်ကို ဖမ်းဆုပ်လိုက်မိသည်။
“မျိုးသုဉ်းပျောက်ကွယ်သွားပြီဆိုရင်
ဒီခေတ်မှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ။ မင်း... အလိမ်ခံရတာ မဟုတ်ဘူးလား’
“မဟုတ်ဘူး...
မဟုတ်ဘူး... မဟုတ်ဘူး။ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို သေသေချာချာ မေးကြည့်ပြီးပြီ။
ဒါက အစစ်ဆိုတာ သေချာတယ်။ မျိုးသုဉ်းပျောက်ကွယ်သွားတယ်လို့ ယူဆရတဲ့ တစ်စုံတစ်ခု မည်သည့်နေရာကမှန်းမသိ
ရုတ်တရက် ပေါ်ထွက်လာတာနဲ့ ပတ်သက်ပြီး တင်ဆက်သူက ရှန်းကျားကို တိုက်တိုက်ဆိုင်ဆိုင်
ရရှိခဲ့တာလို့ ပြောတယ်။ အဲ့တာက အရမ်းရှားပါးတဲ့အတွက် သူမက ကျွန်တော့်ကို လျှော့သုံးဖို့
တောင်းဆိုထားသေးတယ်”
လန်မင်ဟန်သည်
သူ့မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး နောက်ဆုံး၌ သူ ဘာကိုဆိုလိုချင်တာလဲ ဆိုတာကို
သဘောပေါက်သွားခဲ့သည်။
“ဒါက အဘွားရဲ့ အစာစားချင်စိတ်ကို တိုးမြှင့်စေတဲ့
သစ်သီးလား။ ဒီတစ်ဘူးစာကို မင်း ဘယ်လောက်ပေးခဲ့ရလဲ”
***