အခန်း(၃၁)
– ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းကို သက်သာစေသော စွပ်ပြုတ်
အကြွေစေ့တစ်ရာသာ
ကုန်ကျတဲ့ စိန်အနည်းငယ်ခန့်ကို လက်ဆောင်ပေးသည်မှာ သာမာန်သာ ဖြစ်သော်လည်း ဤသည်မှာ စိန်တုံး
၅၂၀ ဖြစ်လေသည်။ အဆုံး၌ ၅၂၀ဟူသော ကိန်းဂဏန်းက မည်သည်ကို ကိုယ်စားပြုသည်ကို လူတိုင်းသိကြသည်။
သို့သော်လည်း
စိန်တုံး ၅၂၀သည် သေးငယ်သော လက်ဆောင် ပမာဏမဟုတ်ပါ။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည်
တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကြည့်ရှုသူများအနေဖြင့် ဤသည်မှာ အစသာဖြစ်ကြောင်း သိပ်မကြာခင်အချိန်မှာ
သိရှိသွားခဲ့သည်။
တောင်တန်းပေါ်က
ပိုးစာပင် အမည်ရှိ ကြည့်ရှုသူသည် စိန်တုံး ၅၂၀ ပါဝင်တဲ့ လက်ဆောင်ထုပ်ကို ဆယ်ကြိမ်ပေးပို့ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု
ပလက်ဖောင်းပေါ်တွင် အခြားသော နာမည်ရ တင်ဆင်သူများသည်ပင် တစ်ညလျှင် ယွမ် တစ်သိန်းခန့်သာ
ရရှိကြောင်းကို သင် သိထားသင့်သည်။
ထိုလက်ခံရရှိသော
ပမာဏသည် ဤပလက်ဖောင်း၏ ဝင်ငွေအများဆုံး တိုက်ရိုက်ထုတ်လွှင့်မှုများအတွက် ထိပ်ဆုံးအဆင့်ငါးနေရာတွင်
မပါဝင်နိုင်သော်လည်း ထိပ်ဆုံးအဆင့်ဆယ်စာရင်းတွင် သေချာပေါက် ပါဝင်နိုင်လိမ့်မည်။
အစီအစဥ်
တင်ဆက်သူအသစ်သည် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်မှာ နှစ်ရက်သာ ကြာမြင့်သေးသည့်အပြင်
ကြည့်ရှုသူထောင်ပေါင်းများစွာပင် မပြည့်သေးကာ စာချုပ်တွင်ပင် လက်မှတ်ရေးထိုးရခြင်း
မရှိသေးပေ။ တစ်စုံတစ်ယောက်က ဤကဲ့သို့ ဆုလက်ဆောင် ပမာဏများစွာကို သူမအား လိုလိုလားလား
ဆုချစေခဲ့ခြင်းအတွက် သူမရဲ့ ထူးခြားချက်မှာ အဘယ်နည်း။
တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်ရှိ
လက်ဆောင်သတိပေးချက်များကြောင့် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရောက်ကြည့်ရှုကြသော
ကြည့်ရှုသူအသစ်များမှာ အနည်းငယ် ကြက်သေ သေသွားခဲ့ပြီးနောက် ခါးသီးသော အမုန်းစကားများဖြင့်
မေးခွန်းထုတ်လာကြသည်။
ဒါပေမယ့်
သူတို့ မသိတာက ပိုက်ဆံအများကြီး သုံးစွဲကာ လက်ဆောင်တွေ အများကြီး ပေးခဲ့တဲ့ ဒီအာဏာရှင်က
ဒီလောက်နဲ့တင် မရပ်တန့်သွားချင်ခဲ့ပေ။
“စာချုပ်
ပို့ပြီးပြီလား။” ဖန်သားပြင်ပေါ်ရှိ စိန်များက ခန့်ငြားတောက်ပနေသော်လည်း သူမအတွက် သူ့စိတ်ခံစားချက်တွေကို
အကြိမ်အနည်းငယ်ခန့်သာ ဖော်ပြနိုင်သည့်အတွက် စိတ်မကျေနပ်နိုင်ခဲ့ပါ။
ပိုမိုကောင်းမွန်သော
လက်ဆောင်များကို ရရှိနိုင်သောကြောင့် စိန်များကိုသာ ဆုလက်ဆောင် ပေးရခြင်းအတွက် စိတ်မကျေမနပ်
ဖြစ်ခဲ့မိသည်။
ယုကျစ်ယန်သည်
သူ့နဖူးပေါ်မှ အေးစက်သော ချွေးစက်များကို တိတ်တဆိတ် သုတ်လိုက်ပြီး အပြစ်ရှိသော လေသံဖြင့်
ပြန်ဖြေသည်။ “စာချုပ်ကို မမလေးရဲ့ စာဝင်ပုံးဆီကို ပို့ပေးလိုက်ပါပြီ။ မဖတ်ကြည့်ရသေးတာလို့
ကျွန်တော် ထင်တယ်။”
“ဟုတ်လား”
ဟောက်ချန်ဟွမ်းသည် သူ့ထံသို့ အေးစက်သော အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး ဖန်သားပြင်ပေါ်ရှိ
နားလည်ရန် ခက်ခဲသော မှတ်ချက်များကို မြင်လိုက်ရသည်။ သူ့မျက်လုံးတွေက အေးစက်သွားပြီး
နောက်ထပ် စိန်တုံး ၅၂၀ကို ပေးပို့လိုက်သည်။
ဖန်သားပြင်ပေါ်မှာ
ပျံ့လွင့်နေတဲ့ မနာလိုပြီး အမုန်းစကား ပြောဆိုသူတိုင်း သူ့ဆီက လက်ဆောင်ထုပ်များဖြင့်
ပစ်ပေါက်ခြင်း ခံလိုက်ရသည်။ အဆုံး၌ အမုန်းစကားဆိုသူအားလုံး ပါးစပ်ပိတ်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော်
သူတို့မျက်နှာကို ငွေဖြင့်ပစ်ပေါက်ခံရမှာကို ကြောက်ရွံ့လို့ပါပဲ။
ချမ်းသာကြွယ်ဝခြင်းက
တကယ့်ကို ကောင်းမွန်တာပဲ။
ချမ်းသာခြင်းသည်
တကယ့်ကို ကြီးမြတ်ကြောင်းကို သက်သေပြခဲ့ပြီး အနည်းဆုံးတော့ သူက ထိုကီးဘုတ်ဖိုက်တာများ၏
ပါးစပ်တွေကို အလွယ်တကူ ပိတ်ဆို့လိုက်နိုင်သည် သို့မဟုတ် အနည်းဆုံးတော့ သူတို့ကို စိတ်အနှောင့်အယှက်
ပေးလိုက်နိုင်သည်။
စုယန်ယန်သည်
ဒီလို ရုတ်တရတ် ဖြစ်ပွားသွားခဲ့သော ဇာတ်လမ်းကို သတိထားမိခြင်း မရှိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့်
သူမသည် စိတ်ကို လျင်မြန်စွာ ငြိမ်သက်သွားစေခဲ့သည်။ သူမသည် ရုတ်တရတ် ပေါ်ပေါက်လာသည့်
ဒီပြည်တွင်း အာဏာရှင် ကြည့်ရှုသူရဲ့ အထောက်အထားအမှန်ကို ရဲရင့်စွာ ခန့်မှန်းနိုင်ခဲ့သည်။
ဒီလိုအသုံးဖြုန်းကြီးတဲ့သူနဲ့
ပတ်သက်ပြီး သူမ ဘာမှ မတတ်နိုင်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ ကြည့်ရှုသူများ
များပြားလာနေဆဲပင်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူ အရေအတွက်သည်
ဤဆုလှိုင်းကြောင့် ဂဏန်းသုံးလုံးမှ ဂဏန်းလေးလုံးသို့ လျင်မြန်စွာ တိုးလာကာ ငွေကြေးသုံးစွဲသကဲ့သို့
မြင့်တက်လာနေဆဲဖြစ်သည်။ ပရီမီယမ်အဆင့်အတွက် ဝန်ဆောင်မှုစရိတ် ပေးဆောင်ခြင်းကဲ့သို့
သဘောထားသင့်သည်။
စုယန်ယန်သည်
ဤတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းက သူ့အမည်အောက်ရှိ ပိုင်ဆိုင်မှုတစ်ခုဆိုတာကို
သိသောကြောင့် သူမနှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ ဤလက်ဆောင်များသည် သူ့အိတ်ကပ်ထဲသို့သာ
ပြန်လည်ရောက်ရှိသွားမှာဖြစ်သည်။
ပေါ့ပေါ့ပါးပါး
ချောင်းတစ်ချက်ဆိုးရင်း သူ့ထံမှ လူတိုင်းရဲ့အာရုံကို သူမထံသို့ ပြန်ဆွဲယူလိုက်သည်။
“ဆုတွေ
ဆက်တိုက်ချီးမြှင့်ပေးတဲ့အတွက် ‘တောင်တန်းပေါ်ကပိုးစာပင်’ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့
ခေါင်းစဥ်ကို ပြန်သွားကြရအောင်။ ဒီနေ့ ကျွန်မချက်ပြုတ်ဖို့ ပြင်ဆင်ထားတာက ယိမူချောင်နဲ့
ကြက်ဥစွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ ဒါက တရုတ်ဆေးဖက်ဝင် ချိုမြိန်တဲ့စွပ်ပြုတ်တစ်ခွက်ပါပဲ။
ပါဝင်ပစ္စည်းတွေကတော့ ယိမူချောင်၊ တရုတ်ဆီးသီး၊ ကြက်ဥနဲ့ သကြားညိုပဲ ဖြစ်ပါတယ်။ ဒါက
ပြုလုပ်ရလွယ်ကူပြီး မိန်းကလေးတွေ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းကို သက်သာစေဖို့
အရမ်းထိရောက်မှု ရှိပါတယ်။”
(တကယ်လား။
ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါလား။ ဒါကိုသောက်ပြီးရင် မနာကျင်တော့ဘူးလား။)
(ယိမူချောင်နဲ့
တရုတ်ဆီးသီးက ဘာပါလဲ။ အဲ့တာ အကျိုးသက်ရောက်မှု ရှိလား။ သကြားညိုနဲ့ ကြက်ဥအကြောင်းကိုပဲ
ကျွန်မသိတယ်။ ဓမ္မတာလာစဥ် နာကျင်ကိုက်ခဲတဲ့အခါကျရင် အမေက ကျွန်မအတွက် သကြားညိုကိုကြိုပေးပြီး
ဒါက ရိုးရာဆေးတစ်လက်လို့ ပြောပြဖူးတယ်။ နာကျင်ကိုက်ခဲမှုကို အနည်းငယ် သက်သာစေပေမယ့်
လုံးဝပျောက်ကင်းသွားခြင်းမရှိပဲ နာကျင်နေတုန်းပါပဲ။)
(ဓမ္မတာလာချိန်
ရောဂါဝေဒနာကို ရှင် နားလည်နိုင်မယ်လို့ ကျွန်မထင်တယ်။ အဲ့ဒီအချိန်တွေဆို ကျွန်မ အိပ်ရာပေါ်လဲလျောင်းရင်း
ဝေဒနာကို အာရုံပြောင်းရန်အတွက် ရုပ်ရှင်အချို့ကြည့်တယ်။ တင်ဆင်သူရေ ကျေးဇူးပြုပြီး
ကျွန်မတို့ကို ဒီဝေဒနာမှ ကယ်တင်ပေးပါ။)