အပိုင်း ၃၅
Viewers 935

အခန်း(၃၅) - ဖက်ပြောင်းခြင်း

 

စုယန်ယန်သည် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသည့် တစ်ချိန်တည်းမှာပင် ရင်းနှီးသော သတိပေးချက်ကို လက်ခံရရှိခဲ့သည်။ ထိုသတိပေးချက်သည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသော ပြည်တွင်းအာဏာရှင် ဟောက်ချန်ဟွမ်းကြောင့်ပင် ဖြစ်သည်။

 

ဟောက်ချန်ဟွမ်းသည် သူမ တိုက်ရိုက်ထုတ်လွှင့်မှုကို ဘယ်နေရာကနေ ကြားမိမှန်း သူမ မသိပေမယ့် ဒါက သူမရဲ့ ကောင်းမွန်နေတဲ့ စိတ်အခြေအနေကို လွှမ်းမိုးနိုင်စွမ်း မရှိပါဘူး။

 

အထူးသဖြင့် စုယန်ယန်သည် နှစ်လိုမှုရမှတ် သုံးရာ လေးရာလောက် ရရှိလိုက်ချိန်ပေါ့။

 

တိုက်ရိုက်ထုတ်လွှင့်မှု ပထမနှစ်ရက်အတွင်းမှာပင် ရရှိခဲ့တဲ့ ရလဒ်တွေက မဆိုးပါဘူး။ စုယန်ယန် သက်ပြင်းတစ်ချက်ချလိုက်ပြီး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ကာ အပြင်သို့သွားခါနီးတွင် သူမမိခင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

 

“အမေ သမီးအစ်ကိုဆီက ကြားခဲ့ရတယ်။ သမီး အဲ့လူကို ချစ်စဖွယ်ကောင်းတဲ့ နေ့လည်စာထမင်းဗူး ပြင်ဆင်ပေးပြီး နင်ကိုယ်တိုင် သွားပို့ပေးတယ်ဆို။”

 

စုယန်ယန်သည် ခဏလောက် ကြက်သေသေသွားပြီး သူမအမေကို ပြောပြလိုက်တဲ့ သူမအစ်ကိုဖြစ်သူအား အပြစ်တင်လိုသည့်အကြည့် ပစ်လွှတ်လိုက်သည်။

 

စုယုရွှမ်က သူ့အကြည့်တွေကို မျက်နှာကြတ်ဆီ ပို့လိုက်ပြီး ဘာမှ မမြင်လိုက်ရသလို ပြုမူလိုက်သည်။

 

ဒီလောက်ကြီးတဲ့ တရုတ်ဂေါ်ဖီထုပ်ကြီးကို ခက်ခက်ခဲခဲ မွေးမြူခဲ့ရတာက အခု ဝက်တစ်ကောင်စားဖို့ ဖြစ်သွားခဲ့သည်။ ဒီလို ခက်ခဲသည့်အချိန်မျိုး သူ တစ်ခါမှ မခံစားဖူးဘူး။

 

“နင် ဘာလို့ နင့်အစ်ကိုကြည့်နေတာလဲ။ သူက နင့်အကြောင်း တစ်ခုခု မှားပြောတာ ရှိလို့လား။”

 

“… မရှိပါဘူး။”

 

“မရှိဘူးဟုတ်လား။ ဒါဆိုရင် သူပြောတာ မှန်တယ်ပေါ့လေ။” ချိန်ရှုချင်ရဲ့ မျက်နှာအမူအရာဟာ မည်းမှောင်သွားကာ စိတ်မကောင်းဖြစ်မိသွားသလို အတန်ငယ် ပြုံးရယ်မိသွားစေသည်။ “ဒါ့ကြောင့် လူတွေက လက်ထပ်ပြီးသွားတဲ့သမီးတွေက ဖိတ်စင်သွားတဲ့ရေနဲ့တူတယ်လို့ ပြောကြတာကိုး။ နင်က လက်မထပ်ရသေးဘူး။ ဒါကိုတောင် နင်က သူ့အတွက် နေ့လည်စာထမင်းဗူး လုပ်ပေးနေပြီ။ အနာဂတ်မှာ မင်းမိဘတွေကိုရော မင်း သတိရပါ့ဦးမလား။ အိုး... ဆိုးရွားလိုက်တဲ့ ငါ့ကံကြမ္မာပါလား။”

 

ချိန်ရှုချင်သည် သူမမျက်နှာပေါ်မှာမရှိသည့် မျက်ရည်များကို သုတ်ချင်ယောင်လိုက်သည်။ စုယန်ယန်က သူမမိခင်ဖြစ်သူ ကြည့်ရှုခဲ့သည့် မည်သည့်ခွေးသွေး ဒရာမာကားကို ဒေါသထွက်ကာ တိတ်တဆိတ် ကျိန်ဆဲနေမိသည်။

 

သို့သော် သူမမျက်နှာတွင် မကျေနပ်ချက်တွေကို မပြဝံ့တာပေ။ သူမသည် ချိန်ရှုချင်အနားသို့ကပ်ကာ ဖက်တွယ်ရင်း သူမကို ယုံကြည်လာစေရန် ညင်သာသော အသံလေးဖြင့် “မေမေ ဘာလို့ ဒီလိုမျိုးပြောရတာလဲ။ သူနဲ့ အတူရှိပြီဆိုတာနဲ့ အမေ့ကို သမီးက ဘယ်လိုလုပ်ပြီး မေ့ရက်မှာလဲလို့။” လို့ ချွဲလိုက်သည်။

 

“ဒါဆို သမီးက ဘာလို့ သူ့အတွက် ချက်ပြုတ်ပေးနေရတာလဲ။”

 

ထိုစကားကို ကြားလိုက်သည်နှင့် မလှမ်းမကမ်းမှာ ရပ်နေသည့် မစ်စတာစုနှင့် အစ်ကိုကြီးစုတို့က အေးစက်စက် နှာမှုတ်ပြီး သဘောတူဟန်ပြသည်။

 

စုယန်ယန်ရဲ့ မျက်နှာထားသည် အနည်းငယ် တောင့်တင်းသွားသော်လည်း တစ်စက္ကန့်အတွင်း ပြန်ပြောင်းသွားသည်။ သူမက သက်ပြင်းချလိုက်ပြီး “သမီး သူ့ကို သနားလို့ပါ။” လို့ ပြောလိုက်သည်။

 

“သနားတာလား”

 

“ဟုတ်တယ်။ အခုဆို သူက လမ်းတောင် လျှောက်နိုင်တာ မဟုတ်ဘူး၊ သူ့ဆွေမျိုးတွေကတော့ အဆင်ပြေချောမွေ့နေတာပဲ။ သူ ဘယ်လိုနေလဲဆိုတာ တွေးကြည့်ဖို့ မခက်ပါဘူး။ မလိုအပ်ပဲနဲ့ အိမ်ဟောင်းမှာ ရုံးခန်းကို ထားမှာ မဟုတ်ဘူး။ အပြင်မှာ လူတွေက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံတာကြောင့်ပဲ မဟုတ်လား။ သမီးကသာ သူ့ကို သွားမတွေ့ရင် ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။”

 

ချိန်ရှုချင်သည် စကားပြော ကြမ်းတမ်းပေမယ့် စိတ်ထားနူးညံ့သူ ဖြစ်သည့်အတွက် စုယန်ယန်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးချိန်မှာ အနည်းငယ် စိတ်ပြောင်းသွားသည်။ “သူက သနားစရာပါလား။”

 

“သူ ဘယ်လိုနေနိုင်တာလဲ။ သူ့မိသားစုက ဘယ်လိုလူမျိုးတွေလဲ။ သူတို့က သူ့ရှေ့မှာသာ နှိမ့်ချ ကဲ့ရဲ့ခြင်း မပြုပေမယ့် သူ့အပေါ် စေတနာထားဖို့ မျှော်လင့်လို့မရဘူး။”

 

ချိန်ရှုချင်သည် တစ်ဆို့သွားသည်။ စုယန်ယန်သာ သူမကို ဒီအကြောင်းကို စောစောက ပြောခဲ့လျှင် ဟောက်ရှောက်ဖုန်းနဲ့ သူ့မိသားစုအတွက် ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း...

 

ဟောက်ရှောက်ဖုန်းရဲ့မိခင်သည် တက္ကသိုလ်တက်စဥ်ကတည်းက တစ်ယောက်ကို တစ်ယောက် သိလာခဲ့ကြသည့် အခင်ဆုံး သူငယ်ချင်းများ ဖြစ်ကြ၍ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိတယ်လို့ ထင်ခဲ့သည်။ မဟုတ်ပါက စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို သဘောတူခဲ့မည် မဟုတ်ပေ။

 

ရလဒ်အနေဖြင့် ထိုမိသားစုသည် အထူးသဖြင့် သူမ အချစ်ဆုံးသူငယ်ချင်းဖြစ်သူက သူမတို့အပေါ် ပြင်းထန်စွာ ပါးရိုက်ခဲ့သည်။

 

ချိန်ရှုချင်သည် ထိုမိသားစုကို မုန်းတီးနာကြဥ်းမိသည်။ ဟောက်ရှောက်ဖုန်းက လူကောင်းတစ်ယောက် မဟုတ်ဘူး။ သူ့မိဘတွေက သူ့ကို သေသေချာချာ သွန်သင်ဆုံးမမယ် မရှိဘူး။

 

“သမီးဆိုလိုတာကို အမေ နားလည်ပါတယ်။”

 

ဘေးမှာ စောင့်ကြည့်နေတဲ့ သားအဖနှစ်ယောက် “...” ‘ချစ်လေး(အမေ) မင်း ဘယ်လိုလုပ်ပြီး ဒီလိုလွယ်လွယ် ဖက်ပြောင်းသွားတာလဲ။ ငါတို့က တစ်သင်းတည်းလို့ ထင်ထားတာလေ။”