အပိုင်း ၃၉
Viewers 1k

အခန်း(၃၉) - ကိုယ် မင်းကို ယုံတယ်

 

စုယန်ယန်သည် သူမ သိလွန်းနေသည်ဟု ခံစားလိုက်ရသောကြောင့် သူမ အပြင်မှာ ကြာကြာမနေရဲတော့ပေ။ သူမသည် သူမအခန်းထဲသို့ ပြန်ပြေးသွားပြီး ဒီအကြောင်းကို တစ်ယောက်ယောက်နှင့် ဝေမျှရန် ဆုံးဖြတ်လိုက်သည်။

 

“မင်းစိတ်အခြေအနေကောင်းနေပုံရတယ်” ဟောက်ချန်ဟွမ်းသည် စုယန်ယန်ဆီမှ ဗီဒီယိုဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။ စခရင်ပေါ်တွင် ပါးစပ်နားရွက်သို့တက်ချိတ်လုမတတ် ပြုံးရယ်နေသော သူမရဲ့ မျက်နှာကို မြင်တွေ့လိုက်ရသည်။

 

“ကျွန်မအဖိုး လာမယ့်အပတ်ထဲ လာမယ်တဲ့”

 

“ကောင်းပြီ၊ မင်း သူနဲ့ အချိန်ကြာကြာ ဖြုန်းပေးလိုက်ပါ” ဟောက်ချန်ဟွမ်းသည် စုယန်ယန်က သူမအဖိုးဖြစ်သူနှင့် ရင်းနှီးနီးကပ်သည်ကို သိရှိခဲ့သောကြောင့် ဒီအကြောင်းကို လက်ခံပေးသည်။

 

သူ့စိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။ သူက စကားလုံးတွေကို သေသေချာချာ ဂရုတစိုက် ရွေးချယ်ပြီး မေးသည်။ “ကိုယ်တို့ရဲ့ စေ့စပ်ကြောင်းလမ်းတဲ့အကြောင်းကို သူ သိလား”

 

“ရှင် စိတ်ပူနေတာလား” စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ စိုးရိမ်စိတ်ကို ရိပ်မိကာ အပြုံးလေးဖြင့် စကားဆိုသည်။ “စိတ်မပူပါနဲ့။ ကျွန်မအဖိုးက ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်ပါ။ သူက ရှင့်ကို ကျွန်မလိုပဲ သဘောကျလိမ့်မယ်။”

 

ဖန်သားပြင်ပေါ်မှ မြင်နေသောသူသည် သူမနှလုံးသားတစ်ခုလုံးက သူ့အတွက်ပဲ သူ့ကို မည်မျှနှစ်သက်ကြောင်း ပြောပြလေသည်။

 

ဟောက်ချန်းဟွမ်းရဲ့ နှလုံးသာ အရည်ပျော်သွားခဲ့ပြီး နူးညံ့သိမ်မွေ့သော အသံဖြင့် စကားဆိုသည်။ “သူက မင်းကို အရမ်းချစ်တာ ဖြစ်လိမ့်မယ်။’

 

“ကျွန်မက အဖိုးရဲ့ အချစ်ဆုံးလေ၊ ဒါ့ကြောင့် ရှင့်ကိုလည်း သူ သဘောကျမှာ သေချာပေါက်ပဲ။” မင်းက တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးရင် သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ချစ်မြတ်နိုးမှာပင်။ ဒါ့ထက် ငါ မင်းကို ချစ်မြတ်နိုးသလို မင်းကလည်း ငါ့ကို ‌လေးလေးနက်နက် ချစ်မြတ်နိုးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။”

 

“ဒါပေမယ့် ကျွန်မမှာ ရှင့်ကို ကြိုပြောထားရမယ့် သတင်းဆိုးတစ်ခု ရှိတယ်။ ကျွန်မအမေက မိန်းကလေးတွေက သူ့လက်တွဲဖော်ကို အမြဲတမ်း သွားမရှာသင့်ဘူးလို့ ကျွန်မကို ပြောတယ်။ ဒါ့ကြောင့် ကျွန်မ ရှင့်ကို အခုတလော လာမတွေ့နိုင်သေးဘူး။ ကျွန်မအဖိုးနဲ့ အန်တီလေး နောက်အပတ်ထဲ လာမှာဆိုတော့ ကျွန်မ သူတို့ကို အလည်အပတ် လိုက်ပို့ရလိမ့်မယ်။ ကျွန်မ ရှင်နဲ့ တွေ့ဖို့ မဖြစ်နိုင်လောက်သေးဘူး။”

 

ဟောက်ချန်ဟွမ်းရဲ့ အကြည့်တွေက အနည်းငယ် မှိန်ဖျော့သွားသည်။ “အဆင်ပြေပါတယ်။ မကြာခင်အချိန်ကာလအတွင်းမှာပဲ ကိုယ်တို့အတွက် အချိန်တွေ အများကြီး ရှိလာဦးမှာပါ...”

 

စုယန်ယန်ရဲ့ မျက်လုံးတွေက သိသိသာသာကို တောက်ပလာသည်။ ‘ဟုတ်တယ်၊ ငါတို့နှစ်ယောက်စလုံးအတွက် အချိန်တွေ အများကြီး ရှိလာဦးမှာပဲ၊ ငါတို့ လာမယ့်လထဲ လက်ထပ်ရတော့မယ်။ ငါတို့စောင့်မျှော်နေတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပြီး တစ်ယောက်ကို တစ်ယောက်ဖေးမပြီး နောင်နှစ်ပေါင်းများစွာကို အတူရှိနေကြရတော့မယ်။’

 

အဲ့ဒီအကြောင်းကိုတွေးကာ သူမပျော်ရွှင်သွားမိသည်။ သို့သော်လည်း စုယန်ယန်သည် လတ်တလော မတွေ့ရမည့်အကြောင်းကြောင့် အပြည့်အဝ မပျော်ရွှင်နိုင်ပဲ နှုတ်ခမ်းစူသွားသည်။ “ဒါပေမယ့် ကျွန်မ ရှင့်ကို မြန်မြန်တွေ့ချင်နေပြီ”

 

ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားက အနည်းငယ် တုန်ခါသွားပြီး “ဒါဆိုရင် ကိုယ် မနက်ဖြန် မင်းကို လာတွေ့မယ်လေ” လို့ တုန့်ပြန်လိုက်သည်။

 

“အာ... သဘက်ခါဆိုရင်ရော ဘယ်လိုလဲ။ မနက်ဖြန်ကျ ကျွန်မ အစ်ကိုကြီးနဲ့ ကျွန်မတို့မိသားစု ကုမ္ပဏီကို လိုက်လည်မယ်လို့ ကတိပေးထားတယ်။”

 

“ကောင်းပြီ၊ ဒါဆို...” ဟောက်ချန်ဟွမ်းသည် ပြန်ဖြေရင်း ထပ်ပေါင်းပြောလိုက်သည်။ “ကိုယ် မင်းအတွက် ကုမ္ပဏီကိုလိုက်ပို့ပေးဖို့ တစ်ယောက်ယောက် စီစဥ်ပေးရမလား။”

 

“အဆင်ပြေပါတယ်။ ကျွန်မအစ်ကိုကြီး အဲ့ကိစ္စအတွက် တစ်ယောက်ယောက် စီစဥ်ပေးပြီးသွားပြီ။ ဒါ့အပြင် အဲ့တာ ကျွန်မတို့မိသားစု ကုမ္ပဏီလေ၊ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။”

 

“ကောင်းပြီလေ”

 

စုယန်ယန်က သူမအကြည့်တွေကို ဟိုလွှဲဒီလွှဲလုပ်ရင်း နူးညံ့သိမ်မွေ့အသံလေးဖြင့် စကားဆိုသည်။ “ကျွန်မ ရှင့်ကို တွေ့ချင်တယ်။ ရှင့်ခန္ဓာကိုယ်တစ်ခုလုံးကို၊ ကျွန်မကို ပြနိုင်မလား”

 

ဟောက်ချန်ဟွမ်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်တွေက ပြောင်းလဲသွားသည်။

 

ထို့နောက် ချက်ချင်းပင် ဖန်သားပြင်ကို လှည့်လိုက်ပြီး စုယန်ယန်သည် ဟောက်ချန်ဟွမ်းက အခု သူ့ကျောပြင်ကို ပြသထားပြီး သူ့ဘီးတပ်ကုလားထိုင်ကို အဝေးသို့ တွန်းသွားသည်ကို တွေ့လိုက်ရသည်။

 

သူ ပြန်လှည့်လိုက်သည့်အချိန်တွင် စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်အောက်ပိုင်းကို အနီရောင်ဇုန်တစ်ခုအဖြစ် သတ်မှတ်ထားသည်ကို တွေ့လိုက်ရသည်။

 

သူမက သူပြောခဲ့သည့်စကားက လုံးဝချဲ့ကားထားခြင်း မဟုတ်ကြောင်း အတည်ပြုခဲ့သည် - သူ့ခန္ဓာကိုယ်အောက်ပိုင်းအားလုံးနီးပါးသည် ဆိုးရွားသည့် အခြေအနေတွင် ရှိသည်။

 

ဒီအကြောင်းကို သူမ သိနေပေမယ့် သူမကိုယ်တိုင် မျက်လုံးတွေနဲ့ မြင်လိုက်ရတဲ့အခါ စုယန်ယန်ရဲ့ မျက်လုံးတွေက ထိန်းမရ သိမ်းမရ နီရဲလာခဲ့သည်။

 

စုယန်ယန်သည် သူမ၏ နှလုံးသားထဲတွင် တဆစ်ဆစ် နာကျင်ကိုက်ခဲမှုကို မျိုသိပ်ကာ လည်ချောင်းရှင်းပြီး စိတ်ပိုင်းဖြတ်ထားသည့် အသံဖြင့် ပြောလိုက်သည်။ “ရှင် ပြန်ကောင်းလာမှာပါ။”

 

“ဘာကိုလဲ” ဟောက်ချန်ဟွမ်းက ရှေ့သို့ ပြန်ရောက်လာသည် - သူ သူမ အခုပြောလိုက်သည့်စကားကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရပေ။

 

“ကျွန်မ ပြောလိုက်တာက အနာဂတ်မှာ ကျွန်မတို့ ပိုကောင်းမွန်တဲ့အရာတွေကို ပိုင်ဆိုင်နိုင်မှာလို့” စုယန်ယန်သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ပေါ့ပါးသည့်ဟန် အပြုံးလေးဖြင့် “ကျွန်မကို ယုံပါ” လို့ ဆိုလိုက်သည်။

 

ဟောက်ချန်ဟွမ်းသည် အချိန်အတော်ကြာ တစ်ကိုယ်ရေတည်း နေထိုင်ခဲ့သော်လည်း သူ့ဘဝမှာ “အနာဂတ်” ဟူသော စကားလုံးသည် အရမ်းလှပနိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရသည်။

 

သူ့ရှေ့မှာ ရပ်နေတဲ့သူက သူ့ရဲ ခြောက်ကပ်နေတဲ့ ဘဝကို အလင်းတွေ ဆောင်ယူလာခဲ့သည်။ တစ်ချိန်တုန်းက သူသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို မုန်းတီးခဲ့သော်လည်း သူမ၏ တည်ရှိမှုသည် နောက်ဆုံး၌ အသက်ရှင်နေထိုင်သည့်ရက်များကို နွေးထွေးတဲ့ မျှော်လင့်ချက်များကို ပေးစွမ်းခဲ့သည်။

 

“ကိုယ် မင်းကို ယုံတယ်၊ အကြွင်းမဲ့ပဲ။” ‘မင်းပဲမို့ မင်းပြောသမျှကို ကိုယ်ယုံကြည်တယ်။’