အပိုင်း ၄၀
Viewers 966

အခန်း(၄၀) - ကလေးလေး စိတ်ဆိုးနေသည်

 

စုယန်ယန်သည် သူမ စိတ်ခံစားချက်များကို ထိန်းမထားနိုင်တော့ပေ။ သူမက အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး ပြောသည်။ “စောစော အနားယူနော်။ ကျွန်မ မနက်ဖြန် ကုမ္ပဏီကို ယူသွားဖို့ ပစ္စည်းတွေ ပြင်ဆင်လိုက်ဦးမယ်။”

 

စုယန်ယန် ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ချဖို့ပြင်လိုက်သောအခါတွင် ဟောက်ချန်ဟွမ်းရဲ့ “ခဏနေဦး” လို့ ရုတ်တရတ်အော်သံကို ကြားလိုက်ရ၍ အံ့အားသင့်သွားသည်။

 

“ဘာဖြစ်လို့လဲ” စုယန်ယန် လန့်ထိတ်သွားသည်။

 

ထို့နောက်မှာတော့ ကင်မရာရှေ့တွင် ရင်းနှီးသော ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့သည်။

 

သွမ်းသွမ်းသည် သူလေးကို ရုတ်တရတ် လက်နှစ်ဖက်ဖြင့် ဆွဲယူပွေ့ချီခြင်း ခံရမည့်ကံကြမ္မာကို မသိပဲ သူ့ဒယ်ဒီရဲ့ ဘီးတပ်ကုလားထိုင်ကို ပတ်ပတ်လည် ပြေးလွှားနေရင်း သူ့အရုပ်တုတ်ချောင်းလေးဖြင့် ပျော်ရွှင်ကစားနေခဲ့သည်။ ခွေးလေးသည် ဖုန်းစခရင်ပေါ်မှ မြင်နေရသော သူ့သခင်ကို ဗလာအကြည့်တွေဖြင့် စိုက်ကြည့်နေသည်။

 

ကော်ဂီခွေးငယ်လေး၏ မျက်လုံးတွေက အနည်းငယ် တောက်ပလာကာ သူလေးရဲ့သခင်ကို ‘ဟယ်လို’ လို့ နှုတ်ဆက်စကားပြောချင်နေချိန်မှာပင် သူလေးကို နောက်ပြန်လှည့်လိုက်ပြီး တင်ပါးလေးကို ဖော်ထုတ်ခံလိုက်ရသည်။

 

ကော်ဂီခွေးငယ်လေး “???”

 

စုယန်ယန်သည် ဖုန်းစခရင်‌ပေါ်တွင် သူမ ရင်းနှီးနေသော ခွေးငယ်လေးရဲ့ အသည်းပုံတင်ပါးလေးကို တွေ့လိုက်ရကာ စက္ကန့်အနည်းငယ်မျှကြာမှ ဟောက်ချန်ဟွမ်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်လိုက်ကာ တခစ်ခစ်ရယ်မောလိုက်သည်။

 

ခွေးလေးကို အသုံးပြုပြီး သူ့မျက်နှာကို ဖုံးအုပ်ထားသည့် ဟောက်ချန်ဟွမ်းသည် ဖုန်းစခရင်တစ်ဖက်မှ စုယန်ယန်၏ ရယ်မောသံကို ကြားလိုက်ရသည်။ သူ့မျက်နှာက နီရဲသွားပြီး ခွေးလေးကို အကာအကွယ်အဖြစ် အသုံးပြုလိုက်တာ မှန်ကန်တယ်လို့ တွေးလိုက်သည်။

 

စုယန်ယန်သည် အချိန်အတန်ကြာ ရယ်မောလိုက်ပြီးနောက် ရပ်တန့်ကာ သူ့ကို အပြုံးလေးဖြင့် “ကျွန်မ နားလည်ပြီ” လို့ ပြန်ပြောသည်။

 

စုယန်ယန်သည် သူမလက်တွေကို ခေါင်းပေါ်တင်ကာ အသည်းပုံသဏ္ဍာန် လုပ်ပြပြီး “ရှင့်ကို ချစ်တယ်...” လို့ ဆိုသည်။

 

ဒါက ရိုရှင်းတဲ့ လုပ်ဆောင်ချက်လေးတစ်ခု ဖြစ်ပေမယ့် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာတော့ အိမ်မက်တစ်ခုကို မျက်မြင်တွေ့ရသကဲ့သို့ လှပနေပါသည်။

 

ကျိုးယန်ပိုင်သည် စာရွက်စာတမ်းများကို အိမ်တော်ဟောင်းဆီသို့ အလျင်အမြန် ယူလာခဲ့သည်။ သူ အိမ်တော်ဟောင်းဆီသို့ ရောက်သောအခါတွင် သူ့သခင်လေးသည် ပြည့်ပြည့်ဖောင်းဖောင်း ခြေတိုတိုလေးရှိသည့် ကော်ဂီခွေးငယ်လေးကို အရုပ်တုတ်ချောင်းလေးဖြင့် စနောက်ကျီစယ်နေတာကို တွေ့လိုက်ရသည်။

 

ကော်ဂီခွေးငယ်လေးသည် ခြေတံတိုလေးများဖြင့် မွေးဖွားခဲ့ပြီး အရုပ်တုတ်ချောင်းလေးဆီသို့ရောက်အောင် အကြိမ်အနည်းငယ်ခန့် ခုန်ကာ ကြိုးပမ်းခဲ့ပေမယ့် ကျရှုံးသွားခဲ့သည်။ သို့သော် စိတ်ရှည်ခြင်းက အောင်မြင်မှု၏ အဓိက သော့ချက်ဖြစ်သည်။ သို့သော်လည်း သူလေးသည် သည်းခံနိုင်စွမ်းတွေ ပျောက်ဆုံးသွားပြီး သူလေး၏ နောက်ခြေနှစ်ချောင်းကို အားပြုကာ ခုန်လိုက်ပြီး သူ့ရှေ့ခြေနှစ်ချောင်းသည် ဟောက်ချန်ဟွမ်းရဲ့ လက်မောင်းကို ဖက်တွယ်ထားခဲ့သည်။

 

သူလေးက ပါးစပ်ကိုဖွင့်လိုက်ပြီး အရုပ်တုတ်ချောင်းကို ကိုက်ကာ ဟောက်ချန်ဟွမ်းထံမှ အရုပ်တုတ်ချောင်းကို ဆွဲလုကာ ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်သည်။

 

ချစ်စရာကောင်းတဲ့ တင်ပါးလေးအောက်တွင် သူလေးရဲ့ အရုပ်တုတ်ချောင်းလေးကို ဖိထိုင်လိုက်သည်။

 

ဒီလိုလုပ်ပြီးသွားပေမယ့် ကလေးလေးသည် ဒေါသထွက်နေဆဲဖြစ်ပုံပင်။ သူလေးက ကြမ်းပြင်ပေါ်တွင်ထိုင်ကာ အကြိမ်တိုင်း နည်းနည်းစီ အဝေးသို့ တဖြည်းဖြည်း ရွေ့သွားပြီး သူ့တင်ပါးလေးကို ဟောက်ချန်ဟွမ်းဖက်သို့ မျက်နှာမူထားသည်။

 

ကျိုးယန်ပိုင် “...” ဒီခွေးလေးက လူတစ်ယောက်လို ပြုမူနေတာလား။

 

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်တွင် မည်သည့်မျက်နှာအမူအရာကို မဖော်ပြထားသော်လည်း သူ့ရဲ့ အမြဲတမ်းနက်နဲအေးစက်သည့် မျက်လုံးများတွင် သူတစ်ခါမှ မမြင်ဖူးသော နူးညံ့သိမ်မွေ့သော အရိပ်အယောင်လေးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

 

ကျိုးယန်ပိုင်က အနည်းငယ် အံ့သြသွားသော်လည်း အကြောင်းရင်းကို သိလိုစိတ်ပြင်းပြတာကြောင့် ဟောက်ချန်ဟွမ်းဆီသို့ လျှောက်သွားခဲ့သည်။

 

ဟောက်ချန်ဟွမ်းက သူလာတာကို မြင်လိုက်ရတော့ သူ့မျက်လုံးထဲက အပြုံးရိပ်ဟာ ချက်ချင်း ပျောက်ကွယ်သွားကာ “ဘာကိစ္စရှိလို့လဲ” ဟု အေးစက်စွာ ပြောလိုက်သည်။

 

“သခင်လေး တာဝန်ပေးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆင်ခြေဖုံးအနီးရှိ ဖွံ့ဖြိုးဆဲဇုန်က ဟောက်ရှောက်ဖုန်းနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေပေမယ့် သူ့အစွမ်းအစနဲ့ဆို သူ ဒီလိုလုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး၊ ပြီးတော့ သူ့နောက်ကွယ်က လူတွေက...”

 

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားသည်။ “ဒီရက်ပိုင်း ဟောက်ချီဟန် နည်းနည်းဂနာမငြိမ်ဖြစ်လာတယ်။”

 

“ဟုတ်ပါတယ်၊ သူက...” ကျိုးယန်ပိုင်၏ လေသံတွင် အထင်သေးမှုများ အပြည့်ပါဝင်နေသော်လည်း သူက စကားကို ချက်ချင်း ရပ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

 

“သူ့ကို ဆက်စောင့်ကြည့်ထားပြီး မရိပ်မိစေနဲ့။”

 

“မှတ်သားထားပါ့မယ်။”

 

ဟောက်ချန်ဟွမ်းက သူ့ခေါင်းကိုငုံ့ကာ စိတ်တိုနေဆဲဖြစ်သည့် သွမ်းသွမ်းကို တစ်ချက်လှမ်းကြည့်ပြီး “ယန်ယန်ရဲ့ မိသားစုဆီကို လက်ထပ်ရာတွင် မိဘအိမ်မှ ထည့်ပေးလိုက်သော ပိုင်ဆိုင်မှုစာရင်းကို ပို့ပေးပြီးပြီလား” လို့ မေးလိုက်သည်။

 

“အတော်လေး ကြီးမားတဲ့ ပိုင်ဆိုင်မှုတချို့ရဲ့ စာရင်းပြုစုပြီး သူတို့ကို ပို့ပေးပြီးပါပြီ။ ပိုင်ဆိုင်မှုအသေးလေးတွေရဲ့စာရင်းကိုတော့ ကျွန်တော်တို့ ပြုစုနေဆဲပါပဲ။”

 

ဟောက်ချန်ဟွမ်းသည် သူ့ကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လက်ထပ်ရာတွင် မိဘအိမ်မှ ထည့်ပေးလိုက်သော ပိုင်ဆိုင်မှုစာရင်းထဲသို့ ထည့်သွင်းလိုက်သောအချက်ကို ကျိုးယန်ပိုင်နဲ့ အခြားသူများက သဘောမကျချင်ပေ။

 

သို့သော်လည်း ထိုပစ္စည်းဥစ္စာများသည် ဟောက်ချန်ဟွမ်းရဲ့ အပိုင်သာဖြစ်၍ သူ ဆန္ဒရှိသလို စီစဥ်နိုင်သောကြောင့် သူတို့ ထိုအကြောင်းကို အများကြီး မပြောနိုင်ကြပေ။

 

ဟောက်ချန်ဟွမ်းသည် တစ်ခဏလောက် အတွေးနက်သွားပြီး “ကျစ်ယန်ရဲ့ နာမည်အောက်မှာရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကို အခုလောလောဆယ် သိမ်းထားလိုက်ဦး။” ဟု ရုတ်တရတ် ပြောလိုက်သည်။