အပိုင်း ၄၁
Viewers 1k

အခန်း(၄၁) - သူမကို ရိုက်ချလိုက်

 

ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်းက ဒီလိုကြီးမားတဲ့ လုပ်ငန်းစုကြီးတစ်ခုကိုတောင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ယုကျစ်ယန်ရဲ့ အမည်အောက်မှာ ထားရှိတဲ့ ဒီလိုသေးငယ်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကိုကျ ဘာကြောင့် ထိန်းသိမ်းထားလိုတာလဲဆိုတာကို နားမလည်ခဲ့ပါ။

 

မည်သို့ပင်ဆိုစေကာမူ သူက ဒီအကြောင်းကို ခေါင်းညိတ်သဘောတူလိုက်သည်။

 

“ကောင်းပြီ၊ ကျွန်တော် သတိပေးလိုက်ပါမယ်။ ဒါ့အပြင် နောက်ထပ် တင်ပြစရာတစ်ခု ကျန်သေးတယ်။”

 

“ဘာအကြောင်းလဲ”

 

“အဲ့တာက ဟောက်ရှောက်ဖုန်းအကြောင်းပါ၊ သူ့... အဟမ်း၊ ကောင်မလေးအကြောင်းပါ။”

 

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာဟာ အနည်းငယ် မည်းမှောင်သွားသည်။ “သူမလား၊ သူမက ဘာလုပ်နေလို့လဲ။”

 

“အဲ့ဒီအမျိုးသမီးက ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်ချင်ပုံရတယ်။ မကြာသေးခင်ကပဲ သူမက မမလေးတို့မိသားစုက စီစဥ်ကျင်းပတဲ့ ရသစုံ အစီအစဥ်တစ်ခုမှာ ပါဝင်ခဲ့ပြီး အစမ်းစစ်ဆေးဖို့ အောင်မြင်ခဲ့တယ်။”

 

“စုမိသားစုက ဒီအကြောင်းကို သိလား။”

 

“ကျွန်တော်တော့ သူတို့သိမယ် မထင်ဘူး။ အဲ့ဒီရသစုံ အစီအစဥ်ကို ကျင်းပပေးသူထဲမှာ မမလေးတို့မိသားစုပိုင် အေဂျင်စီက ပါဝင်ပေမယ့် ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ်ပဲ ယူဆနိုင်တယ်။ အဲ့ဒီရသစုံ အစီအစဥ်မှာ ရင်းနှီးမြှုပ်နှံဖို့ အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ထားပြီး သူတို့ရဲ့ အနုပညာရှင်တချို့ကို ထည့်သွင့်ဖျော်ဖြေပေးဖို့ စီစဥ်ထားတယ်။ ဒီနည်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပရိတ်သတ်တွေကို တည်ဆောက်နိုင်ပြီး ကြယ်ပွင့်အသစ်တွေကို ဖန်တီးနိုင်မှာပါ။”

 

“အဲ့ဒီအမျိုးသမီးက အလွတ်တန်း အနုပညာရှင်အဖြစ် ပါဝင်တင်ဆက်ခဲ့ပါတယ်။ သူ့အတွက် အေဂျင်စီကောင်းတစ်ခုရှာဖို့ ဒီအခွင့်အရေးကို အသုံးပြုခဲ့တာလို့ ကျွန်တော်ထင်တယ်။ စုမိသားစုက ဒါကို မသိမှာကို ကျွန်တော် စိုးရိမ်မိတယ်။”

 

“သူမကို အနိုင်ယူဖို့ နည်းလမ်းရှာလိုက်”

 

ကျိုးယန်ပိုင်ရဲ့ မျက်နှာအမူအရာဟာ အနည်းငယ် ပြောင်းသွားသည်။ “သူမကို အနိုင်ယူရမှာလား”

 

ဟောက်ချန်ဟွမ်းက သူ့ကို အေးစက်တဲ့အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။ “မထင်ရှားတဲ့ လူသစ်တစ်ယောက်ကို ရသစုံ အစီအစဥ်တစ်ခုကနေ ပျောက်ကွယ်သွားအောင် လုပ်ရတာ ခက်ခဲလို့လား။”

 

ဒီလိုမျိုး လုပ်ပြီးတဲ့‌နောက်မှာတောင် အဲ့ဒီအမျိုးသမီးဟာ ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ရောက်ချင်ပြီး လူအများ ချီးကျုးဂုဏ်ပြုတာကို ခံရတဲ့ တောက်ပတဲ့ကြယ်တစ်ပွင့် ဖြစ်လာချင်သေးတာလား။ သူမကို အိမ်မက်ပဲ ဆက်မက်ခိုင်းလိုက်။

 

သူမသည် အခြားသူ၏ သတို့သားလောင်းအား အချစ်ဟူသော အမည်နာမကို တပ်ကာ တတိယလူအဖြစ် ပါဝင်ခဲ့ပြီးနောက် ကောင်းကင်ပေါ်ကို တွယ်တက်ချင်နေခဲ့သည်။ ဒီအရာက ဒီအမျိုးသမီးကို ဖျက်ဆီးပြီး ဟောက်ရှောက်ဖုန်းနှင့် သူ့အမြှောင်မိန်းကလေးကို အထက်တန်းစား အသိုင်းအဝိုင်းတွင် လူရယ်စရာအဖြစ် တဖန်ဖြစ်စေရန် လုံလောက်ပါသည်။

 

သို့သော်လည်း သူတို့ ဒီလိုတကယ်လုပ်ခဲ့လျှင် စုယန်ယန်က မလွဲမသွေ ပါဝင်ရပေမည်။ အဲ့တာက သူမရဲ့ အမာရွတ်ဟောင်းကို တစ်ဖန် ပြန်ဖော်ထုတ်လိုက်သလို ဖြစ်သွားနိုင်တယ်။

 

ဟောက်ချန်ဟွမ်းက ဒီလိုမျိုး ဘယ်တော့မှ ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး။ အကောင်းဆုံးဖြေရှင်းချက်ကတော့ အဲ့ဒီအမျိုးသမီးကို သူမလုပ်ရပ်တွေကို ရပ်တန့်စေကာ လူကြားထဲ ဘယ်တော့မှ ပြန်မပေါ်လာစေဖို့ပင်ဖြစ်သည်။

 

ဒီအမျိုးသမီးက မပူးပေါင်းခဲ့ရင်...

 

ဟောက်ချန်ဟွမ်းက သူ့မျက်လုံးထဲမှ လူသတ်လိုသည့် အရိပ်အယောင်များကို မျက်လွှာချရင်း ဖုံးကွယ်လိုက်သည်။ သူ့ရည်မှန်းချက်တွေကို အောင်မြင်ဖို့ အစွန်းရောက် နည်းလမ်းတွေသုံးဖို့ စိတ်မဝင်စားပါ။

 

ကျိုးယန်ပိုင်က သက်ပြင်းချလိုက်မိသည်။ ဒီကမ္ဘာကြီးပေါ်ကနေ နောက်တစ်စက္ကန့်အတွင်း ဒီအမျိုးသမီးကို ပျောက်ကွယ်သွားအောင် လုပ်ချင်နေတဲ့ တစ်စုံတစ်ယောက်ကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားရတာ သူ့ကို အပြစ်တင်လို့ မရနိုင်ပါဘူး။

 

“ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်ပြန်ရောက်တာနဲ့ စီစဥ်လိုက်ပါ့မယ်။ ဒါ့အပြင် ကျွန်တော် စစ်ဆေးကြည့်တုန်းက ဒီအမျိုးသမီးက ကျစ်ယန်တာဝန်ယူထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှာ တင်ဆင်သူတစ်ယောက်လို့ တွေ့ရှိခဲ့ရပြီး သူမမှာ ပရိတ်သတ်တွေ အများကြီးရှိပုံရကာ ပလက်ဖောင်းကလည်း သူ့ကို အရမ်းသဘောကျနေတယ်။”

 

ကျိုးယန်ပိုင်က ဒီလိုပြောလိုက်ပြီးတာနဲ့ ဟောက်ချန်ဟွမ်းကို တစ်ချက်လောက် လှမ်းမကြည့်ပဲ မနေနိုင်ခဲ့ဘူး။ ယုကျစ်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းသည် ထိုအမျိုးသမီးနှင့် စာချုပ်ချုပ်ဆိုထားသည်ကိုပါ သူသိထားသောကြောင့် သခင်လေးက ဒီပလက်ဖောင်းကို တမင်တကာ ချန်ထားခဲ့တာများ ဖြစ်နိုင်လား။

 

သို့သော် သူတို့သခင်လေးရဲ့ မျက်နှာအမူအရာကို မြင်လိုက်သောအခါဝယ် သူက ဘာမှမသိထားပုံရတယ်...

 

ဟောက်ချန်ဟွမ်းသည် ဒီအကြောင်းကို တကယ်ပင် မသိရှိပဲ စုယန်ယန်ရဲ့ အကြောင်းကိုသာ သူ့မသိစိတ်မှ တွေးနေခဲ့မိသည်။

 

စုယန်ယန်သည် ထိုအမျိုးသမီးက သူမနှင့် တူညီသော တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းတွင် တင်ဆက်နေကြောင်း သူမ သိရှိနေလား။ ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် တမင်တကာလား။

 

“ကျစ်ယန်က အခုတစ်လော အလုပ်လုပ်တာကိုင်တာ ပေါ့လျော့လာတယ်။ စာချုပ်မချုပ်ဆိုသင့်တဲ့သူတွေကိုပါ သူက စာချုပ်ချုပ်ထားတယ်၊ သူက စာချုပ် မချုပ်ဆိုသင့်တဲ့သူတွေကို ရတနာလို ဆုပ်ကိုင်နေတုန်းပဲ။”

 

ကျိုးယန်ပိုင်သည် ဤသို့ပြောတာကို ကြားလိုက်ရသည်နှင့် တပြိုင်နက် အေးစက်သည့် ခံစားချက်ကို ကူကယ်ရာမဲ့စွာ ရရှိသွားပြီး ယုကျစ်ယန်အတွက် သူ့စိတ်ရင်းမှန်စွာဖြင့် ဖယောင်းတိုင်တစ်တန်းကို တိတ်တဆိတ် ထွန်းညှိပေးလိုက်သည်။

 

ထိုအချိန်၌ ယုကျစ်ယန်သည် သူ့ကိုယ်သူ ကယ်တင်ရန် စိတ်အားထက်သန်စွာဖြင့် စာချုပ် ချုပ်ဆိုသင့်သူနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးစားအားထုတ်နေသည်။

 

“ဟတ်ချိုး” ယုကျစ်ယန်သည် သူ့ရဲ့ ယားယံနေသော နှာခေါင်းကို ပွတ်သပ်ကာ လည်ပင်းကို မသိစိတ်မှ အလိုအလျောက် ကျုံ့သွားမိသည်။ သူ ခေါင်းခြောက်သွားသည်။ “ဘာလို့ ရုတ်တရတ်ကြီး အရမ်းအေးစက်လာတာလဲ။ မကြာသေးခင်က ငါ အလုပ်များပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းသွားတာလား။”

 

ယုကျစ်ယန်သည် အကြောင်းရင်းကို မဆုံးဖြတ်မီ စုယန်ယန်က နောက်ဆုံးတွင် သူ့ကို တုံ့ပြန်ပြောဆိုခဲ့ပြီဖြစ်သည်။