အခန်း(၄၃)
- အထူးအကျိုးသက်ရောက်မှုများ ရရှိခြင်း
ထိုပို့စ်အကြောင်းကို
သိရှိလို၍ ရှားယို့နဥ်ရှီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကို ဝင်ရောက်လိုက်သောအခါတွင်
သူမ ဓမ္မတာလာစဥ် နာကျင်ကိုက်ခဲမှု ဝေဒနာက အရမ်းဆိုးရွားကြောင်းကို ရှင်းပြထားသည်။ သူမသည်
ထိုနာကျင်မှုကို အာရုံလွှဲရန် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်တွင် ဟိုဟိုဒီဒီ
လိုက်ကြည့်နေရင်း စုယန်ယန်ရဲ့ တိုက်ရိုက်တင်ဆက်မှုထဲ မတော်တဆ ဝင်ရောက်မိခဲ့သည်။
သူမသည်
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကြည့်ရှုပြီးနောက် မျှော်လင့်ချက်များစွာ မရှိပဲ
ကံစမ်းမဲတွင် ပါဝင်ကံစမ်းခဲ့ကာ သူမသည် ကံစမ်းမဲပေါက်ခဲ့သည်။
ကံစမ်းမဲပေါက်သည့်
စွပ်ပြုတ်ကို ရရှိပြီးနောက် ရှားယို့နဥ်ရှီနှင့် သူမအခန်းဖော်တို့သည် နှစ်ယောက်စလုံး
ဓမ္မတာလာချိန် တူညီနေသည်ဖြစ်ရာ မြင်းရှင်တစ်ကောင်သည် မြင်းသေတစ်ကောင်ဖြစ်ရာတာထက် ပိုကောင်းသည်ဟု
စိတ်နှလုံးသွင်းကာ စွပ်ပြုတ်ကို သောက်လိုက်သည်။ (TN: တရုတ်စကားပုံဖြစ်ပြီး အဆိုးရွားဆုံး
အခြေအနေမှာ အကောင်းမွန်ဆုံး ကြိုးစားလိုက်မည်ဟု ရည်ရွယ်သည်) စွပ်ပြုတ်ကို သောက်သုံးပြီးသည်နှင့်...
အရသာရှိလိုက်တာ။
သူမပို့စ်ရဲ့
ဒုတိယပိုင်းမှာတော့ ရှားယို့နဥ်ရှီသည် သူမ စွပ်ပြုတ်သောက်နေစဥ်နဲ့ သောက်အပြီးမှာ ခံစားရတဲ့
သူမရဲ့ စိတ်ခံစားချက် အမျိုးမျိုးကို ဖော်ပြဖို့ စကားလုံး ရာပေါင်းများစွာ အသုံးပြုခဲ့သည်။
သူမ၏ သုံးသပ်ချက်သည် စိတ်အားထက်သန်ပြီး ရိုးသားမှုအပြည့်ရှိသည်။
ပုံကြီးချဲ့ကားထားသော
သက်တန့်ရောင်လူပျက် (TN: အတုအယောင်ပုံပေါက်သည့် အလွန်အမင်းချဲ့ကားထားသည်ဟု အဓိပ္ပါယ်ရသည့်
တရုတ်ဘန်းစကား) ကြောင့် စုယန်ယန်သည် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားရကာ မျက်နှာလေး
ရဲသွေးခြယ်သွားပါသည်။
ရှားယို့နဥ်ရှီသည်
သူမနှင့် မမျှဝေချင်ပဲ စွပ်ပြုတ်အကုန်လုံးကို သောက်ရန် ကြိုးစားခဲ့သည် သူမ၏ ကျေးဇူးကန်းသော
အခန်းဖော်အကြောင်းကိုလည်း တိုင်ကြားခဲ့သည်။ သူမသည် သူမ၏ ကြင်နာတတ်သော စိတ်ထားကြောင့်
သူမ၏ အခန်းဖော်အား ကောင်းသောအရာများကို မျှဝေလိုခဲ့ပြီး သူမ၏ နှလုံးသားကို နင်းခြေခံလိုက်ရသည်။
သူမရဲ့ နာကျင်အသည်းကွဲဟန် ဖော်ပြလွန်းတဲ့ ချဲ့ကားပြောဆိုမှုက သူမရဲ့ ပရိတ်သတ်တွေကို
သဘောကျစေခဲ့ပါသည်။
သို့သော်လည်း
ဤအရာသည် အဆုံးမဟုတ်ပေ။ ရှားယို့နဥ်ရှီ ပို့စ်တင်ပြီးနောက် မကြာခင်တွင် အခြားသော ဘလော့ဂါတစ်ဦးမှ
ချက်ချင်းပင် သူမ၏ စကားများက အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သူမသည် ရှားယို့နဥ်ရှီ၏
အခန်းဖြစ်ကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့သေးသည်။
သူတို့၏
အသွားအလာမြင့်ပြီး စောင့်ကြည့်သူများစွာရှိသည့် နာမည်ကြီး ဘလော့ဂါနှစ်ဦး၏ လွှမ်းမိုးမှုက
မည်မျှ သြဇာညောင်းမည်ကို သင် တွေးကြည့်နိုင်ပါသည်။
သူတို့နှစ်ယောက်ရဲ့
ပရိတ်သတ်တော်တော်များများက သူတို့နှစ်ယောက်ဟာ အရမ်းခင်မင်ရင်းနှီးကြတဲ့ မိန်းကလေး သူငယ်ချင်းတွေဖြစ်နေတာကို
ကြည့်ပြီး သက်ပြင်းချမိကြသည်။ သူတို့သည် စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို
အပြေးအလွှား သွားခဲ့ကြသည်။ ဒီတင်ဆက်သူသည် သူတို့ချစ်မြတ်နိုးကြတဲ့ ဘလော့ဂါတွေ ပြောသလို
တကယ်ပဲ အံ့အားသင့်ဖွယ် ကောင်းပါသလား။
စုယန်ယန်သည်
ဒီကိစ္စ၏ အတွင်းအပြင် အကြောင်းအရာတို့ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ပြီး နောက်ဆုံး၌
သူမသည် မနေ့က ကံစမ်းမဲသုံးဦးသာ မဲဖောက်ပေးခဲ့သော်လည်း အဘယ့်ကြောင့် ယုံကြည်မှုရမှတ်
၄မှတ် စုဆောင်းရရှိခဲ့သည်ကို နားလည်သွားခဲ့မိသည်။
သူမ
ဒီအံ့အားသင့်စရာဖြစ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ မှတ်ချက်များအကြား
ရောင်စုံတောက်ပနေသည့်မှတ်ချက်တစ်ခု ရုတ်တရတ် ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ်
တင်ဆက်သူ (ယန်ယန်) သင် (ဒီနေ့အန်တီပြီးသွားပြီလား) အမည်ရှိ ကြည့်ရှုသူထံမှ ရွက်လှေကြီးတစ်စင်း
လက်ခံရရှိပါသည်။ ကျေးဇူးပြုပြီး အလုပ်ကြိုးစားပေးပြီး ဒီချစ်စရာလေးတွေကို စိတ်မပျက်ပါစေနဲ့~]
[ဟားဟား
ဟားဟား... တင်ဆက်သူရေ ငါ့ကို မှတ်မိလား။ ငါက နောက်ဆုံးမဲပေါက်တဲ့ ကံထူးသူတစ်ယောက်ပါ။
မင်း ငါ့ကို မမှတ်မိရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ တင်ဆက်သူရဲ့ စွပ်ပြုတ်ကို တစ်ကြိမ်သောက်ပြီးတာနဲ့
တင်ဆက်သူက ငါ့ကို ပိုင်ဆိုင်သွားပြီ။ ဒီနေ့ကစပြီး ငါက မင်းရဲ့ သစ္စာရှိတဲ့ ပရိတ်သတ်တစ်ယောက်
ဖြစ်လာလိမ့်မယ်။ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတဲ့ စွပ်ပြုတ်ကလွဲလို့
တခြား ဘာကိုမှ ငါ မတောင်းဆိုတော့ဘူး။ ^3^]
အချိန်နှင့်တစ်ပြေးညီ
မှတ်ချက်များရေးသားပြီးသည်နှင့် ရွက်လှေကြီး အများအပြားကို (ဒီနေ့အန်တီထွက်သွားပြီလား)မှ
ဆက်လက်ချီးမြှင့်ခဲ့သေးသည်။
ဒီရွက်လှေကြီးများသည်
ယခင်တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူကြိုက်များခဲ့သော စိန်များထက် အနည်းငယ် ပိုအဆင့်မြင့်ပါသည်။
ရွက်လှေကြီးတစ်ခုစီသည် ဒင်္ဂါးတစ်ထောင်ခန့် တန်ကြေးရှိပြီး ထိုရွက်လှေကြီး၏ အထူးပြုချက်တွေက
ပိုတောက်ပပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ
ပရိတ်သတ်များသည် တစ်ခုပြီးတစ်ခု ဝှီးခနဲ ဝှီးခနဲ ပေးပို့နေသည့် ရွက်လှေကြီးများကို
ကြည့်ရင်း ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါရန် ချီတုံချတုံ ဖြစ်နေစဥ်တွင် ထူးဆန်းသည့်အမည်ရှိသည့်
ကြည့်ရှုသူတစ်ဦး၏အမည်ဟာ လူတိုင်းရှေ့မှောက်တွင် ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ်
တင်ဆက်သူ (ယန်ယန်) သင် (ငါ့အခန်းဖော်ကအရူးတစ်ယောက်) အမည်ရှိ ကြည့်ရှုသူထံမှ ရွက်လှေကြီးတစ်စင်း
လက်ခံရရှိပါသည်။ ကျေးဇူးပြုပြီး အလုပ်ကြိုးစားပေးပြီး ဒီချစ်စရာလေးတွေကို စိတ်မပျက်ပါစေနဲ့~]
[စွပ်ပြုတ်ချိုအတွက်
တင်ဆက်သူကို ကျေးဇူးတင်ပါတယ်။ စွပ်ပြုတ်ရဲ့ အကျိုးသက်ရောက်မှုက မထင်မက်လောက်အောင် ကောင်းမွန်ပါတယ်။
ဒါက တကယ်ပဲ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ငါ တွေ့ကြုံခံစားခဲ့ရတဲ့ အကောင်းမွန်ဆုံး
ဓမ္မတာလာချိန် အချိန်ကာလပါပဲ။ နောက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ။ ငါက အထက်မှာ
ဖော်ပြသွားတဲ့ ကြည့်ရှုသူရဲ့ အခန်းဖော်ဖြစ်ပြီး နောင်အနာဂတ်တွင် တင်ဆက်သူရဲ့ သစ္စာရှိ
ပရိတ်သတ်တစ်ဦးလည်း ဖြစ်ပါသည်။]
ထို့နောက်
ရွက်လှေကြီးအချို့ကိုလည်း ချီးမြှင့်ခဲ့ပြန်သည်။ အစောပိုင်းက လက်ဆောင်ပေးခဲ့သော ရွက်လှေများနှင့်အတူ
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးကို တလက်လက် လင်းလက်တောက်ပနေစေခဲ့သည်။