“ကောင်းပြီ၊ ဒီအကြောင်းအရာကို ခဏထားပြီး ကျွန်မတို့ရဲ့ ဒီနေ့ခေါင်းစဥ်ကို
ပြန်သွားကြရအောင်။ ကျွန်မတို့ ဒီနေ့ချက်ပြုတ်မယ့် ပထမဆုံးဟင်းလျာကတော့ ငါးဟင်းပဲ ဖြစ်ပါတယ်။
အဓိက ပါဝင်ပစ္စည်းများကတော့ မြက်ငါးကြင်း၊ ဂျင်း၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးတွေပဲ ဖြစ်ပါတယ်။
ကျန်ရှိသော ဟင်းသီးဟင်းရွက်များကိုတော့ ကြည့်ရှုများ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။”
စုယန်ယန်က သတိပေးချက်တစ်ခု ထပ်ထည့်လိုက်သေးသည်။ “ငရုတ်သီးတွေရဲ့
အနံ့အရသာက စူးရှပြင်းထန်လွန်းတဲ့အတွက် မင်းတို့ ပထမဆုံးအကြိမ် သူ့ကို အနံ့ခံမိရင် တချို့လူတွေအတွက်
အသက်ရှုကျပ်စေနိုင်တာမို့ မင်းတို့ရဲ့ အနံ့အရသာမြည်းစမ်းဖန်ရှင်ကို ပိတ်ထားဖို့ ရွေးချယ်နိုင်ပါတယ်။”
စုယန်ယန်သည် ထို့သို့ပြောရင်း တစ်ချိန်တည်းတွင် သုံးပေါင်၊
လေးပေါင်ခန့်ရှိသော မြက်ငါးကြင်းရဲ့ ခေါင်းနှင့် အမြီးကို ခုတ်ဖြတ်ပြီးနောက် သူမသည်
ကျန်အပိုင်းများကို တုံးတစ်လိုက်သည်။
အစောပိုင်းမှ ရရှိထားခဲ့သော ဓားစွမ်းရည်သည် နောက်ဆုံး၌ ဒီအချိန်တွင်
အသုံးချနိုင်ခဲ့ပြီး ငါးအသားတုံးများကို သင့်တော်သည့် အရွယ်အစားတူ အတုံးလေးများဖြစ်အောင်
တုံးတစ်လိုက်ပါသည်။ ထို့နောက် ငါးအသားတုံးများကို ဟင်းချက်ဝိုင်ထည့်ကာ နှပ်ထားလိုက်သည်။
လှီးဖြတ်ထားသော ငါးခေါင်းနှင့် ငါးမြီးကိုတော့ ကြော်လှော်ပြီးပါက
ဘေးဖယ်ထားပြီး ငရုတ်သီးကို စတင်ကြော်လှော်နိုင်ပြီ ဖြစ်သည်။
ငရုတ်သီးများကို အိုးထဲသို့ လောင်းထည့်လိုက်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု
အခန်းထဲတွင် စူးရှပြင်းထန်တဲ့ ညှော်နံ့တွေ ပြည့်နှက်သွားခဲ့သည်။
စုယန်ယန်က သူတို့ကို သတိပေးခဲ့သော်လည်း တော်တော်များများက
ငရုတ်ညှော်နံ့ကြောင့် အသက်ရှုကျပ်သွားခဲ့ပြီး အနံ့နှင့် လိုက်လျောညီထွေ မဖြစ်နိုင်သူအချို့မှာတော့
နှာချေခြင်းကို မရပ်တန့်နိုင်တော့ပါ။
[အိုး ဘုရားသခင်... ဒါက ဘာလဲ။ ဘာလို့ ဒီလောက်တောင် စူးရှုပြင်းထန်နေရတာလဲ။
ငါ အခု နှာချေနေတာကို မရပ်တန့်နိုင်ဘူး။]
[နှာချေခြင်း + 1 ဒါပေမယ့် အစကတော့ ဒီအနံ့က တော်တော်လေး အဆင်မပြေဘူး။
ဒါပေမယ့် ဒီအနံ့ကို အချိန်တော်တော်ကြာ အနံ့ရပြီးတဲ့အခါကျတော့ တော်တော်မွှေးနေသလို ခံစားရတယ်။
ငါ တစ်ခုခုများ မှားယွင်းသွားတာလား။]
[အနံ့အရသာ စူးရှပြင်းထန်တာလား။ ငါကတော့ ဒါကို အဆင်ပြေတယ်လို့ထင်တယ်။
ဒီအနံ့က တကယ့်ကိုကောင်းတယ်။ အဆုံးမှာ ကံစမ်းမဲသာ ရှိခဲ့ရင်ပေါ့။ ငါ ဒီဟင်းလျာရဲ့ နောက်ဆုံးထွက်ရှိလာမယ့်
ရလဒ်ကို စောင့်မျှော်နေပါတယ် (¯﹃¯)]
စုယန်ယန်သည် သူမ ငရုတ်သီးကြော်နေချိန်တွင် ဖန်သားပြင်ပေါ်သို့
ဖျတ်ခနဲ တစ်ချက်လှမ်းကြည့်လိုက်ရာ ကြည့်ရှုသူအများစုသည် နှာချေနေသေးသော်လည်း ဒီအနံ့ကို
မငြင်းဆန်ကြောင်း တွေ့ရှိခဲ့သည်။
အာဟာရပျော်ရည်များကိုသာ သာမာန်အစားအသောက်အဖြစ် စားသုံးကြသည့်
ဒီခေတ်တွင် အာဟာရပျော်ရည်များကို အနံ့အရသာ မျိုးစုံဖြင့် ရရှိနိုင်သော်လည်း အများစုမှာ
အရသာနူးညံ့ပျော့ပြောင်းကြပြီး စူးရှပြင်းထန်သော အာဟာရပျော်ရည်များမှာ မရှိသလောက် ရှားပါးသည်၊
ရှိပါကလည်း ၎င်းတို့မှာ ဒေသဆိုင်ရာ ချက်ပြုတ်နည်းအခွဲတစ်ခုမျှသာ ဖြစ်လိမ့်မည်။
စူးစမ်းလိုသူများမှလွဲ၍ လူအများစုသည် ဒါကို စမ်းကြည့်ရန်
ဆန္ဒမရှိကြပါ။
ဤအကြောင်းအရင်းသည် ဝမ်ကျင့်ဖျင်တစ်ယောက် တိုက်ရိုက်ထုတ်လွှင့်မှု
အစားအသောက်ကဏ္ဍတွင် နာမည်ကြီးလာရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည့်အပြင် မူရင်းလက်ရာတွင်
ဖော်ပြချက်အရ သူမသည် သူမမိသားစုထံမှ အမွေဆက်ခံရရှိသော လျှို့ဝှက်ဟင်းချက်နည်းစာအုပ်ကို
ပိုင်ဆိုင်ထားခဲ့သည်။
ဒီခေတ်တွင် ဟင်းချက်နည်းစာအုပ်တစ်အုပ်ကို ပိုင်ဆိုင်ထားသည့်
မည်သူမဆို ထူးခြားဆန်းပြားသည့် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လျှင်ဖွင့် ဒါမှမဟုတ် ချမ်းသာကြွယ်ဝသော
အိမ်တော်များကို ချက်ပြုတ်ပြင်ဆင်ပေးရသည့် ကိုယ်ပိုင်စားဖိုမှုးများကို ဖြစ်လာနိုင်သည်။
စုအိမ်တော်မှ အန်တီလီကဲ့သို့ပင် သူမသည် ဟင်းချက်နည်းအချို့ကို
အမွေဆက်ခံထားခြင်းကြောင့် သူမသည် စုမိသားစု၏ သီးသန့်စားဖိုမှုး ဖြစ်လာနိုင်ခဲ့သည်။
ထိုလူများထဲမှ အနည်းငယ်မျှသာ ဝမ်ကျင့်ဖျင်ကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုကို
ပြုလုပ်ကြတာ ဖြစ်ပြီး ယင်းအချက်ကြောင့် ဝမ်ကျင့်ဖျင်သည် အချိန်တိုအတွင်း အစားအသောက်ကဏ္ဍတွင်
အကျော်ကြားဆုံး နံပါတ်တစ် တင်ဆက်သူ ဖြစ်လာခဲ့ခြင်းဖြစ်လေသည်။
သို့သော်လည်း သူမသည် ဒီနေ့ပြီးလျှင် ဆက်လက်တည်ရှိနိုင်မှာ
မဟုတ်တော့ဘူး။
စုယန်ယန်သည် ငရုတ်သီး၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူနှင့်
အခြားဟင်းခတ်အမွှေးအကြိုင်များကို မွှေကြော်လိုက်သည်။ ထို့နောက် ငါးခေါင်း၊ ငါးအမြီးနှင့်
တုံးတစ်ထားသော ငါးအသားများကိုပါ ထည့်မွှေကြော်လိုက်သည်။ ရောသမွှေကြော်ပြီးနောက် သူမသည်
ဟင်းအိုးထဲသို့ အစောပိုင်းမှာ မလိုအပ်တာများကို ဖယ်ရှားဆေးကြောထားသည့် ပဲပင်ပေါက်များနှင့်
ရေအနည်းငယ်ကို ထည့်လိုက်သည့်အပြင် သူမအကြိုက်ဆုံး ဟင်းသီးဟင်းရွက်များကို ထည့်ကာ ငါးဟင်းအိုးကို
အဖုံးအုပ်ကာ မီးအေးအေးဖြင့် တည်ထားလိုက်သည်။
ဤအချိန်အတောအတွင်းမှာ စုယန်ယန်သည် အခြားဟင်းလျာတစ်မျိုးကို
ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
“ဒီနေ့နောက်ထပ် ချက်ပြုတ်မယ့် ဟင်းလျာကတော့ သစ်ကြံပိုးခေါက်
ဝက်ဗိုက်သားစွပ်ပြုတ်ပဲ ဖြစ်ပါတယ်၊ အခြားအသားတွေထက် ဝက်ဗိုက်သားနဲ့ အဆီနည်းတဲ့အသားကိုပဲ
အသုံးပြုပါမယ်။ ကျွန်မတို့မှာ ဂျင်း၊ မုယောစပါး လိုအပ်မယ်၊ အထူးသဖြင့် လိုအပ်တာကတော့
သစ်ကြံပိုးခေါက်ပါပဲ။ မင်းတို့ ဒီပါဝင်ပစ္စည်းတွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်လို့ ကျွန်မယုံကြည်တယ်။
ဒါပေမယ့် မုယောစပါးနဲ့ သစ်ကြံပိုးခေါက်ကိုတော့ မသိတဲ့သူ ရှိမှာဆိုးတဲ့အတွက် ကျွန်မ
မိတ်ဆက်ပေးပါရစေ။”
“မုယောစပါးက တရုတ်ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး သရက်ရွက်ကို
အားကောင်းစေပြီး အဆုတ်ကို အာဟာရဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ စိုထိုင်းဆတွေကို ဖယ်ရှားပေးရာတွင်
ကူညီပေးပါတယ်။ သူတို့ကို ပြုတ်လိုက်ပြီးရင် နူးညံ့ပျော့ပျောင်းသွားပြီး တိုက်ရိုက်စားသုံးနိုင်ပါတယ်။
သစ်ကြံပိုးခေါက်ကတော့ အအေးဓာတ်တွေကို ဖယ်ရှားပေးပြီး နာကျင်မှုကို သက်သာစေကာ ယန်စွမ်းအင်ကို
အားကောင်းစေပါတယ်။ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ သင့်တော်ပါတယ်၊ အမျိုးသားတွေအတွက်
ယန်စွမ်းအင်ကို အားကောင်းစေတဲ့အပြင် အမျိုးသမီးတွေအတွက် ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတာကို
သက်သာစေပါတယ်။”