အပိုင်း ၆၉
Viewers 1k

အခန်း(၆၉) - ငါက ချမ်းသာတယ်လေ

 

ဆက်တိုက် မေးမြန်းလာသော မေးခွန်းများသည် စုယန်ယန်ကို ထိတ်လန့် စေသော်လည်း သူမ၏ အဓိကအာရုံကို ဖမ်းစားထားသော မေးခွန်းမှာ ဒုတိယမေးခွန်း ဖြစ်သည်။

 

သူမက သူ့ကို ဘာဖြစ်လို့ အခန်းကြီးကြပ်သူအဖြစ် ရွေးချယ်ခဲ့တာလဲ။ မေးနေစရာ လိုသေးလို့လား။ ဘာဖြစ်လို့လဲဆိုတော့ သူက ငါ့လူမလို့ ရွေးချယ်ခဲ့တာလေ။

 

အကယ်၍ သူမ ဒီလိုသာ ရဲရဲဝင့်ဝင့် ထုတ်ဖော် ပြောလိုက်မယ်ဆိုရင် တိုက်ရိုက် ထုတ်လွှင့်မှုတွင် ကြည့်ရှုနေသူများ သာမက ဖန်သားပြင်၏ တစ်ဖက်ခြမ်းမှ တစ်စုံတစ်ယောက်ကိုပင် ပေါက်ကွဲ သွားစေနိုင်လိမ့်မည်။

 

စုယန်ယန်သည် ထိုမေးခွန်းကို သေသေချာချာ ဖြေဆိုပေးရမယ်ဟု တွေးနေချိန်တွင် အခန်းကြီးကြပ်သူ အသစ်သည် ဆုလာဘ်များ ပေးအပ်သည့် နည်းလမ်းကို ရုတ်တရက် ပြောင်းလိုက်သည်။

 

[ဂုဏ်ယူပါတယ် တင်ဆက်သူယန်ယန် သင် အထူးဇိမ်ခံအိမ်ကြီး ၁၀လုံးကို (တောင်တန်းပေါ်က ပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိသတ်ထံမှ လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ပါသည်။]

 

[ဂုဏ်ယူပါတယ် တင်ဆက်သူယန်ယန် သင် အပျော်စီး သင်္ဘောကြီး ၅၂၀ စီးကို (တောင်တန်းပေါ်က ပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိသတ်ထံမှ လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ပါသည်]

 

[ဂုဏ်ယူပါတယ် တင်ဆက်သူ ယန်ယန် သင် နှင်းဆီပန်းပွင် ၉၉၉၉ ပွင့်ကို (တောင်တန်းပေါ်က ပိုးစာပင်) အမည်ရှိ သစ္စာရှိပရိသတ်ထံမှ လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ပါသည်။]

 

[…]

 

စုယန်ယန်, “???”

 

ကြည့်ရှုသူများ, “???”

 

[နားလည် သဘောပေါက်ကြလား။]

 

အခန်းကြီးကြပ်သူမှ ရေးသားထားသော မှတ်ချက်သည် ကြည့်ရှုသူများ၏ မေးခွန်းများအတွက် အဖြေဖြစ်ကြောင်း စုယန်ယန်နှင့် ကြည့်ရှုသူ အားလုံး နားလည်ရန် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားခဲ့သည်။

 

ဆုလာဘ်များ အတန်းလိုက် တန်းစီနေပြီး ဝင်းလက် ပြိုးပြက်နေသော ရွှေရောင် အလင်းတန်းများ ပါဝင်သည့် သီးသန့် အထူးပြုလုပ်ချက်ဖြင့် ရေးသားထားသော (ငါက ချမ်းသာလို့လေ) ဟူသော စာလုံးကြီး သုံးလုံးကို တွေ့လိုက်ရသည်။

 

 

သူ ဘာ့ကြောင့် အခန်းကြီးကြပ်သူ ဖြစ်နိုင်တာလဲ။ သူက ချမ်းသာသောကြောင့် သူ အလိုရှိသမျှ ဘာမဆို ဖြစ်အောင် လုပ်နိုင်လေသည်။

 

မကြာမီ အချိန်အတွင်းမှာပင် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းထဲတွင် ညည်းညူသံများ ပြည့်နှက်သွားကာ မရေမတွက်နိုင်သော ကြည့်ရှုသူများမှာ ချဉ်စူးပြီး သူတို့ရဲ့ ဆင်းရဲမွဲတေမှုကြောင့် ငိုကြွေးမြည်တမ်း ကြကုန်၏။

 

မေးခွန်းမေးတဲ့ ကြည့်ရှုသူဟာ ဝေဖန်ချက်ပေါင်း တစ်သိန်းခန့်ဖြင့် အရိုက်ခံလိုက်ရကာ ခဏတာမျှ ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။

 

စွပ်ပြုတ် ပြင်ဆင်နေစဉ်တွင် ငါးဟင်းသည် ကျက်လုနီးပါး ဖြစ်သွားသည်။ အိုးအဖုံးကို ဖွင့်လှစ်လိုက်သည့် အခိုက်တွင် စူးရှပြင်းထန်သော မွှေးရနံ့သည် အနံ့အရသာ ဖန်ရှင်ကို ဖွင့်လှစ်ထားသည့် ကြည့်ရှုသူများ၏ နှာခေါင်းထိပ်သို့ လွှမ်းခြုံသွားခဲ့သည်။

 

[အာ... ဒီအနံ့လေး၊ ငါတော့ သေလို့ရပြီ။ ဘယ်လိုလုပ်ပြီး ဒီလောက် မွှေးနေရတာလဲ!!]

 

[အဲဒီလို အနံ့မျိုးနဲ့သာဆိုရင် အာဟာရပျော်ရည် ဆယ်ထုပ်လောက် ငါ သောက်နိုင်တယ်!]

 

[ဒီအနံ့နဲ့ဆို အာဟာရ ပျော်ရည်ကို ငါသောက်နိုင်ပြီ။ တင်ဆက်သူ တင်ဆက်သူ အရသာဖန်ရှင်ကို မြန်မြန် ဖွင့်ပေးပါတော့၊ ငါ မစောင့်နိုင်တော့ဘူး!]

 

ကြည့်ရှုသူများ၏ နှာခေါင်း တစ်ဝိုက်တွင် ငါးဟင်းရနံ့ဟာ သင်းပျံ့နေပြီး အချို့မှာ တံတွေးကျလုနီး ဖြစ်နေခဲ့သည်။ အရသာဖန်ရှင်ကို ဖွင့်ပေးရန် စုယန်ယန်အား တောင်းဆိုနေသည့် မှတ်ချက်များသည် မကြုံစဖူး များပြားလာခဲ့သည်။

 

စုယန်ယန်က ပြုံးကာ နောက်ဆုံး၌ သူမရဲ့ကတိကို ဖြည့်ဆည်း ပေးလိုက်သည်။ ဒီအကြိမ်က တိုက်ရိုက် တိုက်ရိုက်မှုတွင် အရသာဖန်ရှင်ကို သူမ ပထမဆုံးအကြိမ် အဖြစ် ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။

 

တိုက်ရိုက် ထုတ်လွှင့်မှုတွင် အချိန်နှင့် တစ်ပြေးညီ မှတ်ချက်များဟာ တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် မှတ်ချက်များ တစ်ဟုန်ထိုး ပေါက်ကွဲ လာခဲ့သည်။

 

[ဒါက အရမ်းစပ်ပေမယ့် စွဲလမ်းသွားစေတယ်။ တစ်လုတ်လောက် မြည်းစမ်း ပြီးတာနဲ့ နောက်တစ်လုတ်ကို ထပ်စားချင်မိပြန်ရော၊ ငါ့ကိုယ်ငါ မထိန်းနိုင်တော့ဘူး။]

 

[ငါးရဲ့ အရသာက အရမ်း စားကောင်းတာပဲ။ ငါ နောက်ဆုံးအကြိမ် အထူးစားသောက်ဆိုင် တစ်ခုမှ ငါးပေါင်း စားသုံးဖို့ ပိုက်ဆံအနည်းငယ် သုံးခဲ့ဖူးပေမယ့် ဒီငါးရဲ့ အရသာက ငါ အရင်က စားခဲ့ဖူးတာထက် အရသာ ပိုရှိပြီး နူးညံ့လတ်ဆတ် နေတာပဲ။]

 

[ငါတော့ ဒါကို အရမ်း သဘောကျသွားပြီ၊ ပထမဆုံး တစ်ကိုက်မှာတင် ငါ့စိတ်ကို ဆွဲဆောင် သွားခဲ့တယ်။ ဒီအရသာက တစ်ကိုက်ပြီး တစ်ကိုက် ပိုမိုစွဲလမ်း လာစေတယ်၊ ငါ ဒါနဲ့ဆိုရင် ထမင်းဖြူပန်းကန် အနည်းငယ်ခန့်ကို စားသုံးနိုင်လိမ့်မယ်။]

 

[ငါ အမြဲတမ်း အာဟာရ ပျော်ရည်က လုံလုံလောက်လောက် ကောင်းမွန်တယ်လို့ ထင်ခဲ့တယ်။ တစ်ခါတလေမှာ သဘာဝ ဟင်းသီးဟင်းရွက် ဟင်းလျာအချို့ကို စားသုံးချင်လို့ အထူး စားသောက်ဆိုင်တွေကို သွားရောက် စားသုံးတဲ့အခါမှာ သူတို့ တည်ခင်းတဲ့ ဟင်းလျာတွေက ငါ့အတွက် ပျမ်းမျှ အရသာလောက်ပဲ ရှိတယ်။ ဒါပေမယ့် ဒီနေ့ တင်ဆင်သူရဲ့ ငါးဟင်းကို မြည်းစမ်း ကြည့်ပြီးမှ လူတွေက သူတို့ရဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ သွားရောက်ကြတယ် ဆိုတာ ငါ နားလည် သဘောပေါက် သွားခဲ့တယ်။ ငါ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် သုံးဆယ်အတွင်း ဘာတွေ စားနေခဲ့တာလဲ။]

 

[အဟင့်...အဟင့်... အဟင့် ငါ ငရုတ်သီး အနီတစ်တောင့်ကို ကိုင်ပြီး စပ်စပ်စုစုနဲ့ ပါးစပ်ထဲ ထည့်ကြည့်လိုက်တာ အခုတော့ ငါ့လျှာက အရသာ မခံစားနိုင်တော့ဘူး၊ ငါ့ခေါင်းကတော့ ပေါ့ပါးသွားသလို ခံစားရတယ်။ ငါ ငါ့ကိုယ်ငါ မစားမိဖို့ မတားနိုင်ခဲ့ဘူး၊ ငါ အဆိပ်မိသွားတာလား။]

***