Chapter 207
ကုမင်လိီသည် သူမ၏ အနာဂတ်ချွေးမအတွက် စံပုံစံများနှင့် မကိုက်ညီသော ချန်းဟွမ်ကို စိတ်ကူးထဲပင် မထည့်ထားပေ။သူမအမြင်မှာ ကလေး၏ မိခင်မှာ အရေးမကြီးဘဲ သူမ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ကလေးအမေမှာလည်း တောင့်ခံနိုင်မည် မဟုတ်ပေ။ထို့ကြောင့် သူမ၏ စကားများကလည်း ထိုအတွေးတို့အတိုင်း လာထင်ဟပ်နေရတော့သည်။
"ကလေးက မငယ်တော့ဘူး...သူ့အတွက် ဆရာတွေဘာတွေနဲ့ သင်နေပြီလား... မင်း သုံးနှစ်သားအရွယ်တုန်းက မင်းကို အင်္ဂလိပ်စာသင်ပေးတဲ့နိုင်ငံခြားသား ဆရာတစ်ယောက်ရှိခဲ့ဖူးတာကို အခု ပြန်သတိရမိတယ်...တစ်ကယ်လို့ ဘယ်ဆရာနဲ့မှ မသင်ရသေးရင်လည်း ငါသိတဲ့ ဆရာတစ်ယောက်ရှိတယ်လေ..."
"အမေ...ကျွန်တော့်ကလေးရဲ့ကိစ္စတွေမှာ အမေ့ဘာမှ ဝင်စွက်ဖက်စရာမလိုဘူးလို့ ကျွန်တော်ပြောခဲ့သားပဲ..."
ကုမင်လီ ဆွံ့အသွားရသည်။
သေချာသည်မှာ ထိုနေ့ကို သူမ မှတ်မိနေပြီး မိခင်ဖြစ်လာရသည့် အနှစ် ၃၀ အတွင်း အစော်ကားအခံရဆုံးနေ့ လည်း ဖြစ်သည်။ ကျန်းမင်ယွမ် ထွက်သွားပြီးသည်နှင့် သူမ ချက်ချင်းပင် ထိုလူကို ဖုန်းခေါ်လိုက်သော်လည်း သူက စောင့်ကြည့်ရန်သာ ပြောခဲ့လေသည်။
ကောင်းပြီ...သူမ စောင့်နေမယ်... သူမတို့ လွဲချော်ခဲ့ရတဲ့ နှစ်တွေ တစ်လျှောက်လုံး သူမစောင့်ခဲ့တာပဲလေ...
ကုမင်လီသည် မျက်နှာကို မော့လိုက်ကာ ရင်ထဲမှ ဒေါသကို မျိုသိပ်ထားလိုက်သည်။
"ကောင်းပြီ... အမေက ဘယ်လိုမှ ဝင်မစွက်ဖက်တော့ဘူးပဲထား... ကလေးတွေကို ဘယ်လို ပျိုးထောင်ရတာလဲဆိုတာ မင်းဘာသိလဲ... မင်းက မင်းအဖေလိုပဲ...မင်းငယ်ငယ်တုန်းကလည်း သူ ဘာမှမသိဘူး...သူလုပ်တာက မင်းကို တစ်နေ့လုံး ကစားကွင်းတွေ လျှောက်ပို့ပေးနေတာပဲ..."
"ကျွန်တော် ကလေးကို မပျိုးထောင်တတ်ရင်တောင် ရှင်းရှင်းမှာ သူ့အမေရှိသေးတယ်..."
"သူ့အမေ ဟုတ်လား.…"
ကုမင်လီ မျက်နှာပျက်သွားရပြီး ကလေးအမေကလည်း မထိန်းကျောင်းတတ်ဘူးဟု ပြောလိုက်ချင်သွားသည်။ ထို့နောက် သူမတို့၏ ယခင်ပဋိပက္ခများကို ပြန်ပြောင်းသတိရသွားရသော်လည်း ဘာမှ ဆက်မပြောတော့ပေ။
"သူ့အမေကလည်း မင်းလိုပဲ အတွေ့အကြုံမရှိဘူးလေ...."
ကျန်းမင်ယွမ်သည် မျက်မှောင်ကြုတ်ကာ တစ်ခုခုကို စဉ်းစားနေပုံရသဖြင့် ကုမင်လီ အနည်းငယ် မျှော်လင့်လိုက်သေးသည်။
ကျန်းမင်ယွမ်က ခဏလောက် စဉ်းစားပြီး ကုမင်လီကို သူမ,မထင်မှတ်ထားသည့် ကိစ္စအား ပြောလိုက်လေသည်။
"ကျွန်တော့်မှာ သင်္ဘောကုမ္ပဏီတစ်ခု Mနိုင်ငံမှာ ရှိတယ်ဆိုတော့ အလုပ်အရမ်းရှုပ်လို့ လှည့်မကြည့်နိုင်ဘူး... တတိယဦးလေးကို ကျွန်တော့်အစား စီမံအုပ်ချုပ်ပေးစေချင်တယ်...အမေဘယ်လိုထင်လဲ..."
စောစောက စိတ်ခုသွားသော ကုမင်လီမှာ ကျန်းမင်ယွမ်စကားကြောင့် ကျေနပ်သွားရသည်။
ယွီသုန်းနှင့် တခြားသူများက ကျန်းမင်ယွမ်အား ယခင်က ငွေညှစ်ရန်ကြိုးစားသည်မှာ လက်လွန်သွားရလေသည်။ သားဖြစ်သူ ပြန်လာသောအခါတွင်မူ ယွီသုန်း လိုချင်သော အရာမှန်သမျှ ဆုံးရှုံးသွား လေသည်။
မကြာသေးမီနှစ်များအတွင်း ဘာမှလုပ်စရာမရှိပဲ သူ့ဘဝတစ်လျှောက်လုံး အသုံးမဝင်ဖြစ်နေခဲ့ရသည့် ယွီသုန်းကိုကြည့်ပြီး သူမလည်း စိတ်မကောင်းဖြစ်မိနေရသည်။သူ,မပျော်မရွှင်ဖြစ်နေသဖြင့် သူမလည်း စိတ်မကောင်း။ ဤနိုင်ငံမှထွက်သွား၍ တခြားနိုင်ငံသို့အလုပ်သွားလုပ်ရသည်မှာ သူ့အတွက် အလွန်ကောင်းပေလိမ့်မည်။ယခုလည်း ယွီသုန်းကို ကျန်းမင်ယွမ်က ကုမ္ပဏီတစ်ခုအား စီမံခန့်ခွဲခိုင်းမည်ဖြစ်၍ ဤအသိုက်အမြုံမှ ရုန်းထွက်နိုင်မည် ဖြစ်သလို ယွီသုန်းလည်း အလုပ်အကိုင်လေးနှင့် ဟန်ကျသွားနိုင်သည်။ထို့ကြောင့် သူမတို့နှစ်ယောက်လုံးအတွက်လည်း အကောင်းဆုံးဖြစ်လာနိုင်၏။
ရှေးရိုးဆန်သည့် အယူအဆ၊ အတွေးအခေါ်များကြောင့် သူမနှင့် ကျန်းယွီသုန်းတို့ တွေ့ဆုံရသည်မှာ မလွယ်ကူလှ။ နိုင်ငံခြားမှာ နေလိုက်လျှင် ထိုကိစ္စအတွက် စိတ်အေးသွားနိုင်သည်။
ကုမင်လီသည် သူမမျက်နှာပေါ်မှ ကျေနပ်မှု အရိပ်အယောင်တို့ကို ဖုံးဖိထားလိုက်ပြီး ယွီသုန်းကို မေးကြည့်ဦးမည်ဟု ကျန်းမင်ယွမ်အား ပြောလိုက်သည်။
ကုမင်လီသည် ထိုသို့ ပြောပြီးသည်နှင့် စောစောကလို မြေးဖြစ်သူနှင့် သားဖြစ်သူအား စိတ်ပူနေဟန်ဖြင့် မပြောအားတော့ဘဲ ရုံးခန်းထဲမှ တစ်ချိုးတည်း ထသွားလေသည်။
သူ့ရှေ့ရှိ ရုံးခန်းတံခါးကို ပိတ်လိုက်သောအခါ ကျန်းမင်ယွမ်၏ မျက်လုံးများသည် တဖြည်းဖြည်း အေးစက်လာရသဖြင့် ရှင်းရှင်းမှာ အဖေဖြစ်သူကို ကြောက်သွားရသည်။
"ဖေဖေ...."
“အဆင်ပြေပါတယ်...သားရဲ့ ဘာမှမဖြစ်ဘူးနော်..”
ကျန်းမင်ယွမ်က ရှင်းရှင်းကျောကို ခပ်ဖွဖွပုတ်လိုက်ကာ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို မကြည့်တော့ဘဲ ကွန်ပျူတာမှ ဝဘ်စာမျက်နှာကို ဖွင့်လိုက်သည်။ ထို့နောက် သားဖြစ်သူအား ညင်သာစွာပြောလိုက်သည်။
"ဒီမှာ မေမေ့အတွက် လက်ဆောင်တစ်ခု ရွေးရအောင်....ဘယ်ဟာက အကောင်းဆုံးလို့ ထင်လဲ ချစ်တုံးလေး..."
Xxxxxx
Chapter 208
သို့နှင့် ရှင်းရှင်း သည် ပထမဆုံး ရုံးကိုလိုက်လာရသည့် နေ့တွင် သူ့အဖေ၏ရုံးခန်းထဲ၌ လက်ဆောင်များကို ရွေးပေးနေရသည်။ ချီရှန်သည် ဒီဇိုင်နာဘရန်းအားလုံးမှ နောက်ဆုံးပေါ် ပစ္စည်းများအကြောင်း ရေးထားသော လက်ကမ်းစာစောင်များစွာကို ယူလာပေးသည်။ရှင်းရှင်းက မိခင်ဖြစ်သူအတွက် သေသေချာချာ ရွေးချယ်နေပြီး ပစ္စည်းတစ်ခုချင်းစီကိုလည်း နှိုင်းယှဉ်ကြည့်နေလေ၏။နောက်ဆုံးတွင် သူအကြိုက်ဆုံး ပစ္စည်းကို တွေ့သွားရသည်။ထိုပစ္စည်းမှာ ပြိုးပြုးပြက်ပြက်လက်နေသော ကျောက်မျက် ဒီဇိုင်းအမျိုးမျိုး စီခြယ်ထားသော ပိုက်ဆံအိတ်တစ်ခုဖြစ်လေသည်။
ရှင်းရှင်းက တခြားစာစောင်များကို လိုက်ကြည့်သော်လည်း ဤပိုက်ဆံအိတ်ထက် ပိုမလှကြပေ။ ထိုလက်ကမ်းစာစောင်ကိုယူကာ သူက အဖေဖြစ်သူထံ လျှောက်သွားလိုက်သည်။
ကျန်းမင်ယွမ် သည် အလုပ်ကိစ္စမှာ ယခုမှ ပြီးပြတ်သွား၍ စိတ်သက်သာသွားရပြီး ရှင်းရှင်းကမ်းပေးနေသော လက်ကမ်းစာစောင်ကို ယူကြည့်လိုက်သည်။
"ဒီတစ်ခုလား..."
ရှင်းရှင်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်...ဒီဟာက အရမ်းလှတာပဲ..."
"ဟုတ်ပါပြီ..."
ကျန်းမင်ယွမ်က သားဖြစ်သူကြိုက်သည်ဆို၍ သူလည်း များများစားစား တွေးမနေတော့ဘဲ စိတ်ချလိုက်သည်။ထို့နောက် သူက ဖုန်းဆက်ပြီး ဒီဇိုင်နာကို မေးကြည့်လိုက်ရာ ဤဒီဇိုင်းသည် တရုတ်နိုင်ငံတွင် မရနိုင်သည့်အတွက် နှစ်ရက်ခန့် စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြောလေသည်။
ကျန်းမင်ယွမ်ကလည်းအဆင်ပြေကြောင်း ပြန်ပြောလိုက်ကာ ဖုန်းချလိုက်ပြီး ရှင်းရှင်းကို မှာထားလိုက်သည်။
" ဖေဖေတို့ မေမေ့ကို ပြောလို့ မဖြစ်ဘူးနော်...."
ရှင်းရှင်းသည် အဖေဖြစ်သူနှင့် ပြုလုပ်ထားသော လျှို့ဝှက်ချက်ကြောင့် အိမ်ပြန်သွားသောအခါ အထူးပျော်ရွှင်နေရသည်။ အိမ်ပြန်ရောက်သည်နှင့် အမေဖြစ်သူကို တခစ်ခစ်ရယ်ပြလိုက်ပြီး အိမ်အနှံ့ ပတ်ပြေးနေတော့သည်။သူက သုံးလေးပတ် ပတ်ပြီးကာမှ ချန်းဟွမ်အနား ရောက်လာကာ ခေါ်လိုက်သည်။
"မေမေ..."
သူကြည့်ရသည်မှာ လျှို့ဝှက်ချက်ကို မိနစ်ပိုင်းအတွင်း ပြောပစ်မည့်ဟန် ရှိနေလေ၏။သူ့အပြုအမူကြောင့် ချန်းဟွမ် လည်း ဘာမှ မခန့်မှန်းအောင် ဖြစ်နေရသည်။ ညစာစားပြီးနောက် ရှင်းရှင်းသည် စောစောကလို ပတ်ပြေးနေသဖြင့် သူမက ဖမ်းဆွဲထားလိုက်ကာ မေးလိုက်သည်။
"ဒီနေ့ သား ဘာတွေ မဟုတ်တာ လုပ်ခဲ့လို့လဲ...."
" ဟီး ဟီး..."
ရှင်းရှင်းက သူ့အဖေကို လှည့်ကြည့်ကာ အဆက်မပြတ် တခစ်ခစ်ရယ်ပြီး ပြောပြန်သည်။
"သား ဘာမှ မလုပ်ပါဘူး..."
ရှင်းရှင်းက လျှို့ဝှက်ထားသည့်ကိစ္စကို ပြောလိုက်မည်စိုး၍ ကျန်းမင်ယွမ်က ဖြတ်ပြောလိုက်သည်။
"အခုမှ ကိုယ်နဲ့ ရုံးကို ရောက်ဖူးတာဆိုတော့ အရမ်းစိတ်လှုပ်ရှားနေလို့ ထင်တယ်..."
" 'စိတ်လှုပ်ရှားတယ်' ဆိုတာ ဘာကို ပြောတာလဲ ဖေဖေ...."
"သား အရမ်းပျော်နေတာကို ပြောတာ..."
"အင်း ဟုတ်တယ်...သားအရမ်းစိတ်လှုပ်ရှားနေတာပဲ..."
ရှင်းရှင်းက ပျော်ရွှင်စွာ ပြောလိုက်ကာ ချန်းဟွမ်ကို ပြောလိုက်သည်။
"ဒီနေ့ ဘွားဘွားနဲ့ တွေ့ခဲ့တယ် မေမေ... သားကို အနီရောင်အိတ်တစ်အိတ် ပေးတယ် သိလား..."
ရှင်းရှင်းက ပြောရင်းဆိုရင်း အိတ်ကပ်ထဲမှ အနီရောင်အိတ်ကို ဆွဲထုတ်လိုက်သည်။အနီရောင်အိတ်သည် အနည်းငယ် တွန့်နေသဖြင့် အထဲမှ ကဒ်ကို တစ်စွန်းတစ်စမြင်ရလေသည်။
ချန်းဟွမ်သည် အနီရောင် အိတ်အား ယူပြီး ကျန်းမင်ယွမ်ကို စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့...အဆင်ပြေပါတယ်..."
ကျန်းမင်ယွမ်က သူမကို နှစ်သိမ့်လိုက်သည်။လောလောဆယ် ကုမင်လီက သူ့အိမ်ထောင်ရေးကို စွက်ဖက်တော့မည်မဟုတ်သည်မှာ သေချာနေ၏။
"သူမက ရှင်းရှင်း ကို တွေ့ချင်နေတာ...တခြားဘာကိုမှ စိတ်မပူပါနဲ့... သူမဆီက ကဒ်နဲ့ မင်းသုံးချင်တာ၊လိုတာရှိရင် အကုန်သုံးပစ်လိုက်.... ဘာပဲဖြစ်ဖြစ် ကိုယ့်ပိုက်ဆံတွေပဲ..."
ချန်းဟွမ် "……"
သူမ၏အကြည့်သည် တဖြည်းဖြည်း ပြောင်းလဲသွားကာ ကျန်းမင်ယွမ်ကို အံ့ဩဟန်ဖြင့် ပြောလိုက်၏။
"အင်းပေါ့လေ...ရှင်နောက်နေတာမှန်း ကျွန်မက မသိဘူးဆိုတော့..."
"ကိုယ် အမှန်တိုင်းပြောနေတာ..."
“ဒါဆိုလည်း ပြီးတာပဲ...”
ချန်းဟွမ်လည်း စိတ်မပူတော့ပေ။သူမက ရှင်းရှင်းပေးသော အနီရောင်အိတ်ကို လှမ်းယူကာ အနီရောင်အိတ်ထဲမှ ကဒ်ကို ဆွဲထုတ်၍ ရှင်းရှင်းအိတ်ကပ်ထဲထည့်ပေးလိုက်သည်။
“ဒါကို ယူထားလိုက်နော်...ဖေဖေက သားကို မုန့်ဖိုးပေးတာ..."
ရှင်းရှင်းက သူ့အိတ်ကပ်ထဲမှ ကဒ်ကို သူ့လက်သေးသေးလေးနှင့် ဆွဲထုတ်လိုက်သည်။ထို့နောက် သူက ကဒ်ကိုအချိန်အကြာကြီး စိုက်ကြည့်၍ မျက်မှောင်ကြုတ်ကာ ကျန်းမင်ယွမ်ကို မတရားဘူးဆိုသည့် သဘောဖြင့် ကြည့်လိုက်၏။
"ဖေဖေ ညာနေတာ...ဒါက ပိုက်ဆံမဟုတ်ဘူးလေ..."
Xxxxxxx