အပိုင်း ၂၀၉-၂၁၀
Viewers 22k

Chapter 209


ကျန်းမင်ယွမ် က သားဖြစ်သူကို ရှင်းပြလိုက်သည်။


 "ဒါက ပိုက်ဆံမဟုတ်ဘူး... ဒါပေမယ့် ဒီထဲမှာ ပိုက်ဆံရှိတယ်..."


 "ဒီဟာလေးက ပိုက်ဆံကို ဘယ်လို ထည့်ထားနိုင်မှာလဲ..." 


ရှင်းရှင်းက ကဒ်ကို အနည်းငယ်ကွေးလိုက်ပြီး ကြည့်လိုက်ရာ အက်ကြောင်းတစ်ခုမှ မတွေ့ရသဖြင့် သူ ပို၍ပင် သံသယဖြစ်လာရသည်။


"ပိုက်ဆံက အထဲမှာလည်း မရှိဘူး…"


ရှင်းရှင်းက ကဒ်ထဲတွင်  ပိုက်ဆံကို ဘယ်လိုသိမ်းထားမှန်း မသိသဖြင့် အဖေဖြစ်သူကို ရှင်းပြခိုင်းနေလေသည်။ ရှင်းရှင်းသည် ကျန်းမင်ယွမ်ပြောသမျှကို နားမလည်သော်လည်း အနည်းဆုံး အဖေဖြစ်သူက သူ့ကို မလိမ်မှန်း သူနားလည်လာရသည်။ ထို့ကြောင့် သူ အလိုမကျဖြစ်နေသည့် ကဒ်သည် သူ အကြိုက်ဆုံးလက်ဆောင်အဖြစ် ပြောင်းလဲသွားရသည်။ သူက ကဒ်ကို  အသေအချာ စိုက်ကြည့်နေရင်း ကဒ်ပြားမျက်နှာပြင်ပေါ်၌ သူလိုချင်သော အရုပ်သစ်များ မြင်ယောင်လာရသည်။ထို့နောက် သူက ကဒ်ကို ချန်းဟွမ်အား ပေးကာ ပြောလိုက်သည်။


 "မေမေ ဒါလေး ခဏကိုင်ထားပေးပါလား...."


ချန်းဟွမ်က ကဒ်ကို ဘေးချထားလိုက်ပြီး ရှင်းရှင်း အတွက် သူမကိုယ်တိုင် အရုပ်အသစ်များ ဝယ်ပေးမည်ဟု ကတိပေးကာ ရှင်းရှင်းနောက် လိုက်လာလေ၏။


ရှင်းရှင်းသည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူ့အဖေနှင့် လိုက်အိပ်ခဲ့လေသည်။အမေဖြစ်သူက သူတို့ သားအဖနှစ်ယောက်နောက်ကို လိုက်လာနေသဖြင့် ရှင်းရှင်းက ကျန်းမင်ယွမ် လက်ကို ကိုင်ထားလိုက်သည်။သားအဖနှစ်ယောက် ဓာတ်လှေကားထဲဝင်သွားလိုက်ရင်း သူက အဖေဖြစ်သူကို တိုးတိုးလေး ပြောလိုက်သည်။ 


"ဖေဖေ ဒီနေ့ သား အရမ်းတော်တယ် မဟုတ်လား..." 


ကျန်းမင်ယွမ်က သားဖြစ်သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ ခဏတာတိတ်ဆိတ်နေပြီး ဓာတ်လှေကားတံခါးပွင့်လာသောအခါ သူက ငြီးတွားသလို ပြောဆိုလိုက်သည်။


 "အင်း..ဒါ‌ပေမယ့် မနက်ဖြန်ကျရင် မေမေ့ကို မပြောသေးနဲ့ဦးနော်..."


ကလေးလေးက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း မေးလိုက်သည်။


"အင်းပါ...ဒါနဲ့...အဲ့ဒီ တလက်လက် ပိုက်ဆံအိတ်က ဘယ်တော့ ဒီကို ရောက်မှာလဲ..."


"သဘက်ခါလောက်ဆို ရောက်ချင်ရောက်မှာ..." 


"သားကိုယ်တိုင် မေမေ့ကို ပေးရမှာလား...." 


ဟင့်အင်း...."


ထို့နောက် ကျန်းမင်ယွမ်က ရေချိုးခန်းဝင်ကာ ရေပန်းကို ဖွင့်လိုက်သည်။


 "ဘာလို့‌ပေးလို့မရတာလဲ...သားရွေးထားတာကို..."


ရှင်းရှင်းက သူ့နောက် လိုက်လာပြီး ခြေဆောင့်ကာ ပြောလိုက်သည်။ 


ကျန်းမင်ယွမ်က ရေကို နွေးမနွေး စမ်းကြည့်ပြီး ပြောလိုက်သည်။


"ဒါပေမယ့် ဖေဖေက ပိုက်ဆံပေးထားတာလေ..." 


ပိုက်ဆံအကြောင်းပြောလိုက်၍ ကလေးလေးမှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိလာပြီး ကျန်းမင်ယွမ် အပေါ်တွက်တက်လိုက်ကာ လည်ပင်းကို သိုင်းဖက်၍ ပြောလိုက်သည်။


 "သားမှာလည်း ပိုက်ဆံလည်း ရှိပါတယ်..."


ကျန်းမင်ယွမ်က ရှင်းရှင်းကို ပွေ့ကာ တစ်ဖက်သို့ချထားလိုက်ပြီး ပြောလေ၏။


"အင်းလေ... နောက်တစ်ခါကျရင် သားပိုက်ဆံနဲ့ ပေးလိုက်ပေါ့..."


 "ဒါပေမယ့် သားက အဲ့ဒီတလက်လက် ပိုက်ဆံအိတ်ကိုပဲ ကြိုက်တာ..."


 


“နောက်တစ်ခါကျရင်လည်း ဖေဖေတို့ တူတူ ရှာကြည့်ဦးမယ်လေ…"


ရှင်းရှင်းက ထိုအကြံကို သဘောကျသွားရကာ ပြုံးလိုက်ပြီး သူ့အဝတ်အစားများကို‌ သေသေသပ်သပ် ချွတ်ထားလိုက်ကာ ရေချိုးကန်ထဲ ဆင်းလိုက်သည်။ ကျန်းမင်ယွမ်၏ ရေချိုးကန်သည် ကျယ်ဝန်းသော်လည်း ‌ကလေးတစ်ယောက်ကို ရေနစ်‌သွားစေသည်အထိ မကြီးပေ။ ရှင်းရှင်းသည် သူ၏ ရေချိုးနေရင်း အရုပ်များဖြင့် ဆော့ကာ ပျော်နေလေ၏။ကျန်းမင်ယွမ် က သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေပြီး ရေအပူချိန်ကို တစ်ခါတစ်ခါ လက်ဖြင့်စမ်းကြည့်လေသည်။ ရေက တဖြည်းဖြည်းအေးလာသည့်အခါ သူက ရှင်းရှင်းကို ရေချိုးကန်ထဲမှ ခေါ်လိုက်ပြီး ရေပန်းအောက်တွင် တစ်ဖန် ပြန်ချိုးပးလိုက်၍ ခြောက်အောင် သုတ်ပေးလိုက်သည်။


ရှင်းရှင်းသည် ရေချိုးပြီးသည်နှင့် တန်းမအိပ်သေးဘဲ အိပ်ယာပေါ် လူးလှိမ့်နေပြီးနောက် ပုံပြင်စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ တိုက်ခန်းထဲတွင် အပူပေးစက်ရှိသဖြင့် ညအိပ်သည့်အခါ အအေးမိမှာ မပူရတော့ပေ။ ကျန်းမင်ယွမ်က သူရေချိုး‌ခန်းထဲ မဝင်ခင် ရှင်းရှင်းကို အပြင်မထွက်ရန် မှာလိုက်သည်။ သူ ရေချိုးပြီးချိန်မှာပင် ရှင်းရှင်း အိပ်မပျော်နိုင်သေး။ ကလေးလေးသည် ပုံပြင်စာအုပ်ကို ပေါင်ပေါ်တင်ကာ ဖတ်နေရင်း တခစ်ခစ်ရယ်နေလေသည်။ ကျန်းမင်ယွမ်က သူ့ခေါင်းကို ခြောက်အောင် သုတ်လိုက်ပြီး ရှင်းရှင်းအနားလျှောက်လာကာ အိပ်ရာဝင်ရန် ပြောလိုက်သည်။


"ခဏနပေါဦး…"


ရှင်းရှင်း က ခေါင်းငုံ့ထားကာ စာအုပ်ကို ဖတ်နေဆဲပင်။ သူက နောက်ထပ် စာမျက်နှာ ၂မျက်နှာကို လှန်၍ ပြီးအောင်ဖတ်ပြီးနောက် စာအုပ်ကို ဘေးဖယ်ထားကာ စောင်အောက်ထဲ လှိမ့်ဝင်လိုက်သည်။ 


"ဖေဖေ သားကို ပုံပြင်ဖတ်မပြလည်း ရတယ်…သိလား…"


"ဟုတ်ပါပြီ…"


ကျန်းမင်ယွမ်သည် အိပ်ရာဝင်ပုံပြင်များကို ကောင်းကောင်းဖတ်မပြတတ်သောကြောင့် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည်။ သူက ရှင်းရှင်း ပေါ်ကို စောင်ဆွဲခြုံ‌ပေးလိုက်ပြီး စောင်ပေါ်မှနေ၍ ရှင်းရှင်းကို လက်ဖြင့်ပုတ်လိုက်သည်။


 "ကဲ အိပ်တော့နော်…"


 "ဂွဒ်နိုက်… ဖေဖေ…"


 "ဂွဒ်နိုက်…" 


ကျန်းမင်ယွမ်က ရှင်းရှင်း နဖူးကို ညင်သာစွာ နမ်းလိုက်ပြီး မေးလိုက်သည်။


"မနက်ဖြန် ဖေဖေ နဲ့ ရုံးလိုက်ချင်သေးလား.…"


က​လေး​လေးသည်​ မျက်​စိမှိတ်​‌ထားရင်းမှ ​ခေါင်းခါပြလိုက်​သည်​။ သူက တစ်ချက်ဝါးကနဲ သမ်းလိုက်ပြိီး မကြာမီအိပ်ပျော်သွားလေသည်။


Xxxxx


Chapter 210


နောက်တစ်နေ့တွင် ကျန်းမင်ယွမ်သည် ရုံးသို့ တစ်ယောက်တည်း ရောက်လာခဲ့သည်။မကြာမီ ကုမင်လီ ထံမှ ဖုန်းဝင်လာကာ သူမက နိုင်ငံခြားတွင် သင်္ဘောလုပ်ငန်းကို ကူညီရန် ကျန်းယီသုန်း သဘောတူကြောင်း ပြောလေသည်။


ကျန်းမင်ယွမ် ထိုစကားကို လုံးဝ မအံ့သြမိဘဲ ကျန်းယွီသုန်း လာရမည့် အချိန်ကို ချိန်းဆိုလိုက်ပြီး ဖုန်းချလိုက်သည်။ထို့နောက် သူက စာရွက်စာတမ်းများ ပြင်ဆင်ရန်အတွက် ရှေ့နေဖြစ်သူထံ ဆက်သွယ်လိုက်သည်။ သူတို့ ချိန်းဆိုထားသောအချိန်သည် နောက်တစ်နေ့မွန်းလွဲ ၃ နာရီဖြစ်သော်လည်း ကျန်းယွီသုန်း က မိနစ် ၃၀ စောရောက်လာသည်။ကျန်းမင်ယွမ်သည် ရုံးခွဲမှ ပြန်လာသောအခါ ကျန်းယွီသုန်း ရုံးချုပ်တွင် စောင့်နေသည်ဟု ချီရှန်ထံမှ သိရလေသည်။


ကျန်းယွီသုန်း သည် အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းအတွင်း ထိုင်ကာ အခန်းတွင်း အလှဆင်ထားသည်များကို ကြည့်ရင်း ရောထွေးနေသော ခံစားချက်များစွာကို ခံစားနေရသည်။ လွန်ခဲ့သည့် နှစ်များတွင် သူသည် ကျန်းမင်ယွမ်ကို ရေတစ်ခွက်သာ ချထားပေးပြီး တစ်နေ့ကုန်စောင့်ခိုင်းခဲ့ဖူး‌သည်။သို့မဟုတ်လည်း  ကျန်းမင်ယွမ်အား အဆောက်အဦးထဲကိုတောင် ဝင်ခွင့်မပြုခဲ့ပေ။ ယခုမူ သူတို့ နှစ်ယောက်မှာ အဖြစ်သနစ်ချင်း ပြောင်းသွားရပြီး သူကလည်း တူဖြစ်သူထံမှ ရာထူးတစ်ခုကို ခခယယ ‌တောင်းခံနေရသူ ဖြစ်လာရလေသည်။


ကျန်းယွီသုန်းသည် ပြီးခဲ့သည့် နှစ်များအတွင်း အကြောက်လွန်နေခဲ့သည်။ သူနှင့် အလုပ်တွဲလုပ်သူ အများစုမှာ အဖမ်းခံခဲ့ရသော်လည်း သူကအမှားတစ်ခုမှ မလုပ်ထားဘဲ အပြစ်ကင်းနေ၍သာ   ထောင်မကျရခြင်း ဖြစ်သည်။ထိုမျှမကသေး၊ ကျန်းလုပ်ငန်းစုမှ သူ၏ ရှယ်ယာများကို ထုတ်ပစ်ရန် တစ်စုံတစ်ဦးက  အတင်းအကြပ် ခိုင်းစေခဲ့ပြီး သူ့ကိုယ်ပိုင် ကုမ္ပဏီများကလည်း တစ်ခုပြီးတစ်ခု ဒေဝါလီခံခဲ့ရသည်။


သူ၏ စည်းစိမ်အများစုကို သူ့ကုမ္ပဏီများတွင် ထည့်သွင်းထားသောကြောင့် လူးနေအောင် ဒုက္ခရောက်ခဲ့ရလေ၏။   ပထမတွင် အရှုံးမပေးဘဲ အစမှ ပြန်စရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဘဏ်များဆီသာ ငွေအမြောက်အမြား အကြွေးတင်သွားခဲ့ရသည်။ ယခု သူ့တွင် အလုပ်လည်းမရှိသလို သူငယ်ချင်းလည်း များများစားစား မရှိတော့။ ကျန်းမင်ယွမ်က သူ့အကြွေးများကို  ဆပ်ပေးကာ သုံးစရာပိုက်ဆံလည်း ပေးထား၍သာ တော်တော့သည်။သို့မဟုတ်ပါက  သူ စားသောက်ဖို့တောင် ပိုက်ဆံရှိမည် မဟုတ်။


သူ့ဘဝကိုလည်း မုန်းမိသည်။ထို့ကြောင့် ကုမင်လီ စကားကိုကြားရသောအခါ တူဖြစ်သူက အလကားသက်သက် ဤမျှ မရက်ရောနိုင်ဟု ‌ထင်လိုက်သော်လည်း မည်သို့ပင်ဖြစ်စေ သူရောက်လာခဲ့ရလေသည်။


“တတိယ ဦးလေး...စောင့်ခိုင်းရတာ အားနာပါတယ်..."


အစည်းအဝေးခန်းတံခါးပွင့်လာရပြီး ကျန်းမင်ယွမ်သည် အခြားလူအနည်းငယ်နှင့်အတူ ဝင်လာခဲ့သည်။ ကျန်းမင်ယွမ် ကို ပြုံးပြရင်း ကျန်းယွီသုန်းက ပြောလိုက်သည်။


 "ရပါတယ်…ဦးလေးလည်း ဒီကို လာစရာလေး ရှိနေတာနဲ့ အတော်ပဲပေါ့…"


သူက နှိမ့်ချစွာ ပြုံးပြလိုက်ပြီး ခေါင်းကိုလည်း အနည်းငယ်ငုံ့ထားလေ၏။


 


"အလုပ်ကိစ္စလေး ပြောကြရအောင်…"


ကျန်းမင်ယွမ် က‌ ပြောလိုက်ရာ ရှေ့နေဖြစ်သူမှာ သူကြိုတင်ပြင်ဆင်ထားသည့် စာရွက်စာတမ်းများကို ထုတ်လိုက်သည်။


"ဒီကုမ္ပဏီက ကျန်းမင်ယွမ်  နိုင်ငံခြားမှာ ကျောင်းတက်နေချိန် ‌အဖေကျန်း က သူ့အတွက် အစမ်းလုပ်ခိုင်းဖို့ ဝယ်ခဲ့တဲ့ ကုမ္ပဏီပါ... အဖေ ကျန်း ကတော့ မတော်တဆမှုတစ်ခုကြောင့် ဆုံးသွားခဲ့ပါပြီ… ကျန်းမင်ယွမ် က ကျောင်းထွက်ပြီး ဒီကို ပြန်လာတော့ သူကုမ္ပဏီကို သိပ်ဂရုမစိုက်ခဲ့ပါဘူး… သူ့ကို ကူညီသင်ပြပေးဖို့ ပညာရှင်တချို့ကိုလည်း ငှားခဲ့တာကြောင့် နောက်ပိုင်းမှာ ကုမ္ပဏီက အရမ်းကို အောင်မြင်လာပြီး နှစ်တိုင်း အမြတ်ငွေ ယွမ်သန်းပေါင်းများစွာ ရနေပါပြီ…" 


"သန်း,လေးတင်ပဲလား…"


ကျန်းယွီသုန်း အလွန်စိတ်ပျက်သွားရသည်။ တူဖြစ်သူ အုပ်ချုပ်ထားသော ဘယ်ကုမ္ပဏီမဆို အနည်းဆုံး သန်းဆယ်ဂဏန်းမှ စကာ ဝင်ငွေရနေသည်ဟု  သူ ‌ထင်မှတ်ထားလေသည်။


ကျန်းမင်ယွမ်က သူ့လက်ချောင်းများကို အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေပြီး ပြောလိုက်သည်။ 


"နိုင်ငံခြားမှာနေပြီး သန်းပေါင်းများစွာ ရနိုင်တဲ့ အလုပ်ကို လုပ်မလား… ဒါမှမဟုတ် ဒီမှာနေပြီး ဘာဝင်‌ငွေမှ မရဘဲ နေချင်လား… ဦးလေး ဆုံးဖြတ်ပါ…"


ကျန်းယွီသုန်းက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပြီး ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးလို ဖြစ်နေလေသည်။ သူ့မျက်လုံးထဲမှာလည်း အမုန်းတရားများ တောက်လောင်နေကြပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ အံကိုကြိတ်ထားကာ ပြောလိုက်သည်။


"ဦးလေး သွားပါ့မယ်…"


 


 "ကောင်းပါတယ်…အသေးစိတ် အချက်အလက်တွေကို ရှေ့နေနဲ့ တိုင်ပင်နိုင်ပါတယ်…ကျွန်တော့်မှာ လောလောဆယ် တခြားကိစ္စတွေ ဆက်လုပ်ဖို့ရှိလို့ မအားလို့ပါ…" 


ထို့နောက် ကျန်းမင်ယွမ် ထွက်သွားလေသည်။ ကုမ္ပဏီတစ်ခုကို ကူးပြောင်းလုပ်ကိုင်ရန် ရက်အတော် ကြာမည်ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း မအားလပ်သဖြင့် ဦးလေးဖြစ်သူနှင့် ကိုယ်စားလွှဲထားရန် ကြံထားခြင်း ဖြစ်သည်။


အစည်းအဝေးခန်းမှထွက်ပြီး ရုံးခန်းကိ ပြန်ရောက်သောအခါ ချီရှန်သည် ရုံးခန်းထဲသို့ ဝင်လာကာ Eleg ကုမ္ပဏီမှ လူတစ်ယောက်က ပိုက်ဆံအိတ်လာပို့ပေးကြောင်း ပြောလေသည်။


Xxxxxx