Chapter 211
"ဝင်လာခွင့်ပေးလိုက်"
“ဟုတ်ကဲ့ပါ”
လက်ထောက်က ခေါင်းငြိမ့်ပြပြီး ရုံးခန်းထဲမှ ထွက်ခွာသွားသည်။ တံခါးကိုပိတ်လိုက်သည်နှင့် သူမ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားတော့၏။
ထိုလက်ထောက်က ရုံးရှေ့ကောင်တာသို့ ကပြာကယာပြေးပြီး အကြောင်းသွားကြားလိုက်သည်။ သူမသည် ဤအကြောင်းအား အခြားသူများထံ ဖောက်သည်ချရန် မစောင့်ဆိုင်းနိုင်တော့ပေ။
"သူဌေးက ပိုက်ဆံအိတ်ဝယ်သတဲ့.... လက်ဆောင်ပေးဖို့ပဲဖြစ်မယ် "
ထိုစကားအဆုံးတွင်
သူမ၏ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးက သက်ပြင်းချလိုက်သည်။ထို့နောက် ခေါင်းကိုငုံ့လျက် ကုလားထိုင်နောက်သို့မှီချလိုက်၏။
“ မပြောပါနဲ့တော့...နှလုံးသားလေးနာကျင်နေပြီ "
"အိပ်မက်ကနေထပြီး အလုပ်သာလုပ်"
သတင်းလိုက်ဖြန့်သော အမျိုးသမီးလက်ထောက်သည် အိမ်ထောင်ရှိပြီးသားဖြစ်၍ သူဌေးအား အသည်းအသန်ဖြစ်မနေပေ။
“ နှလုံးသားလေး နာကျင်နေလည်း
သူဌေးက နင့်အပိုင်ဖြစ်မလာဘူး...ဖြစ်လာမှာဘာလဲ သိလား... အလုပ်ကိုလက်ကြောတင်းအောင်မလုပ်လို့ ဘောနပ်စ်လျှော့ခံထိတာမျိုးလေ"
ဘောနပ်စ်နုတ်ယူခြင်းသည် ဆိုသောအချက်သည် ထိရောက်သော ကုသရေးကိရိယာတစ်ခုဖြစ်လေသည်။ထိုလုပ်ဖော်ကိုင်ဖက်၏ နှလုံးသားမှာ ချက်ချင်းဆိုသလို အနာကျက်သွား၏။
သူမသည် စိတ်အားထက်သန်စွာဖြင့် မတ်မတ်ပြန်ထိုင်ကာ အလုပ်ပြန်စလုပ်ခဲ့သည်။
အလုပ်လုပ်နေချိန်၌ သူမ၏စိတ်ထဲတွင် ယခုတစ်နှစ်စာ ဘောနပ်စ်ကို ခန့်မှန်းလျက် ရေတွက်နေခဲ့၏။
"ဘယ်လောက်လဲမသိပေမဲ့ များမှာတော့သေချာတယ် "
***
လက်ထောက်ထွက်သွားပြီး နှစ်မိနစ်အကြာတွင် Eleg မှ ဝန်ထမ်းတစ်ဦး ရောက်လာသည်။ သူမ၏လက်ထဲတွင် စက္ကူအိတ်တစ်လုံးကို ကိုင်ဆောင်ထားပြီးတံခါးခေါက်လျက် အထဲသို့ဝင်လာ၏။
ကျန်းမင်ယွမ်က ပြေစာကိုတစ်ချက်ကြည့်ပြီး လက်မှတ်ထိုးပေးသည်။
ဗွီအိုင်ပီကာစတန်မာများသည် တစ်လလျှင်တစ်ကြိမ်သာ ကျသင့်ငွေများကို စုပေါင်းပေးသွင်းရန် လိုအပ်ပါသည်။
ကျန်းမင်ယွမ်သည် ညဉ့်နက်အထိ အလုပ်ဆင်းခဲ့ရပြီး အိမ်ပြန်ရောက်ချိန်တွင် ည ၁၁ နာရီကျော်နေပြီဖြစ်၏။
သူ့ လက်ထဲတွင် ပိုက်ဆံအိတ်ကို ကိုင်ဆောင်သွားပြီး အပေါ်ထပ်သို့တက်သွားလိုက်သည်။
ကျန်းမင်ယွမ် အောက်ထပ်မှလူထံ စာပို့ရမည် မပို့ရမည်ကို ဇဝေဇဝါဖြစ်နေ၏။
ထိုသို့တုံ့ဆိုင်းနေချိန်မှာပင် ချန်းဟွမ်ထံမှ မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။
"ရှင် အိမ်ပြန်ရောက်ပြီလား"
နှစ်ကုန်ခါနီးဖြစ်၍ ချန်းဟွမ်သည်လည်း အလုပ်များနေ၏။ သူမသည် ယခုနှစ်ကုန်တွင်ပြုလုပ်မည့် ပရိုမိုးရှင်းအစီအစဥ်အတွက် တွက်ချက်ရန်လိုအပ်ပြီး
ဝန်ထမ်းများအတွက် အချိန်ပိုဇယားကိုလည်း ရေးဆွဲရဦးမည်ဖြစ်သည်။
နှစ်ကုန်တွင် လျှော့သွားသည့်ဝန်ထမ်းအရေအတွက်ကို နှစ်သစ်တွင် အစားထိုးနိုင်မည်ဟု ချန်းဟွမ်က ခန့်မှန်းထား၏။
ရာသီဥတု ပိုပူလာသည်နှင့်အမျှ အသစ်အသစ်သောဟင်းလျာများအတွက် အိုင်ဒီယာထုတ်ရန်လည်း လိုအပ်သေးသည်။
ချန်းဟွမ်သည် သူမ၏အစီအစဉ်များအကြောင်း ရေးခြစ်နေချိန်၌ ဓာတ်လှေကားသံကို ကြားလိုက်ရ၏။
သူမကိုယ်သူမ ကယောင်ခြောက်ခြားဖြစ်နေသည်ဟုတွေးထင်နေသောချန်းဟွမ်က တစ်ကိုယ်တည်းပြုံးလိုက်သည်။
ဤအဆောက်အဦး၏ ဓါတ်လှေကားများက အသံလုံးဝ
မထွက်ပေ။ထွက်ခဲ့လျှင်လည်း တံခါးအများအပြားကိုဖြတ်ကျော်၍ ထိုအသံကိုကြားရန် မဖြစ်နိုင်ချေ။
သို့သော်လည်း ချန်းဟွမ်သည် ထိုအသံကြောင့် စိတ်ထဲတွင် တနုံ့နုံ့ဖြစ်နေဆဲပင်။
သူမက ခေတ္တစဉ်းစားပြီး စာပို့ရန်သာဆုံးဖြတ်လိုက်သည်။
ထင်သည့်အတိုင်းပင်...
ကျန်းမင်ယွမ်တစ်ယောက် အလုပ်မှပြန်ရောက်လာခြင်းဖြစ်၏။
ညဉ့်နက်နေပြီဖြစ်၍ နှစ်ယောက်သား စကားများများစားစားမပြောဖြစ်ကြပေ။
ခဏတာသာ စကားစမြည်ပြောပြီးနောက် အချင်းချင်းအိပ်ရာဝင်ရန် တိုက်တွန်းကြသည်။
ချန်းဟွမ်က ဖုန်းချလိုက်ပြီးနောက် မတ်တပ်ထရပ်၍ အကြောလျှော့လိုင်သည်။
ထို့နာက် ရှင်းရှင်း၏အိပ်ခန်းကို စစ်ဆေးပြီးနောက်
ညအိပ်ဝတ်စုံကိုလဲဝတ်ပြီး အိပ်ရာဝင်ခဲ့လိုက်၏။
သူမ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ စောစောထပြီး မနက်စာချက်သည်။
ကျန်းမင်ယွမ် ဆင်းမလာမီအချိန်တွင် ချန်းဟွမ်က ဆန်ဆေးနေခဲ့၏။
ကျန်းမင်ယွမ်သည် ဝတ်နေကျအတိုင်း ဝတ်ဆင်ထားပြီး သူစီးထားသောသားရေဖိနပ်က တောက်ပြောင်နေသည်။
သူ၏နဖူးရှေ့တွင် ဆံပင်အနည်းငယ်ချထားပြီး ကျန်ဆံပင်များကို အနောက်သို့သိမ်းထား၏။
ကျန်းမင်ယွမ်က သူ၏လက်တစ်ဖက်ကို ကျောဘက်၌ ဝှက်ထားသည်။
သူဝှက်၍ကိုင်ထားသောတစ်စုံတစ်ခုတွင် ပါဝင်သည့်စိန်အချို့၏အရောင်များက အခြားလက်တစ်ဖက်ဆီသို့ ရောင်ပြန်ဟပ်နေ၏။
ကျန်းမင်ယွမ်၏ပုံစံသည် တစ်ခုခုထူးခြားနေသော်လည်း
မတူကွဲပြားနေသောအရာကို လက်ဆုပ်လက်ကိုင်ပြ၍လည်းမရပြန်ပေ။
ချန်းဟွမ်က ထမင်းပေါင်းအိုးတည်နေရင်းလှမ်းမေးသည်။
“ဒီနေ့ဘာလို့ အစောကြီးရောက်လာတာလဲ”
“အင်း…” ကျန်းမင်ယွမ်၏လေသံက အနည်းငယ်တုန်ယင်နေ၏။ သူက လည်ချောင်းရှင်းလိုက်ပြီးပြောသည်။
“မင်းကို လာတွေ့တာ ”
" တစ်ခုခုဖြစ်လို့လား " ချန်းဟွမ်က ကျန်းမင်ယွမ်ဘက်သို့ လှည့်ကြည့်ရင်း မေး၏။
ထိုအခါ ကျန်းမင်ယွမ်က ချန်းဟွမ်၏အနီးအနားသို့လျှောက်လှမ်းလာသည်။
သူ၏မေးရိုးကဖြောင့်တန်းနေပြီး ပါးစပ်တင်းတင်းစေ့ထားသည့်ပုံစံအရ စိတ်လှုပ်ရှားနေပုံရ၏။
ကျန်းမင်ယွမ်က သူ၏လက်ကို အရှေ့ကိုသို့ထုတ်လိုက်ပြီး ပိုက်ဆံအိတ်ကို ပြသသည်။
အိတ်သည်အဖြူရောင်ဖြစ်ပြီး အမွေးပွအချို့လည်းပါဝင်၏။ထိုအိတ်၏အရှေ့ဘက်တွင် ဆွဲဆောင်မှုရှိသော ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသည့် အမှတ်တံဆိပ်လည်းရှိသည်။
ကျန်းမင်ယွမ်က ချန်းဟွမ်၏ရှေ့၌ အိတ်ကိုချပေးလိုက်ပြီး ခြောက်ကပ်ကပ်ပြောလိုက်၏။
" လက်ဆောင် "
Xxxxxx
Chapter 212
ချန်းဟွမ်သည် ယခုဘဝ၌ ဇိမ်ခံပစ္စည်းများအကြောင်း များများစားစားမသိချေ။သို့သော်လည်း ၎င်းအရာပေါ်ရှိ အမည်မသိကျောက်မျက်ရတနာများနှင့် လက်ဆောင်ပေးသောသူကိုကြည့်ပြီး အလွန်တန်ဖိုးကြီးကြောင်း ကျိန်းသေပြောနိုင်ခဲ့သည်။
ထိုအရာက အလွန်တန်ဖိုးကြီးသော ဇိမ်ခံပစ္စည်းဆန်သော်လည်း တစ်ချိန်တည်းမှာပင် အလွန်လှပနေလေပြန်၏။
ချန်းဟွမ်သည် မျက်စိပဒဿဖြစ်စေသော ပစ္စည်းများကို
အဝေးမှကြည့်ခြင်းဖြင့်သာ နှစ်သက်ခဲ့ရသူဖြစ်သည်။
ပစ္စည်းဈေးနှုန်းများက သူမအား အမြဲလိုလို တုန့်ဆိုင်းသွားစေသောကြောင့်ပင်။
ဤအိတ်သည်အလွန်ဈေးကြီးပုံရသောကြောင့် ကျန်းမင်ယွမ်အားမည်ကဲ့သို့ပြန်ဆပ်ရမည်ကို ချန်းဟွမ် မမှန်းဆတတ်တော့ပေ။
သူမက ကျန်းမင်ယွမ်ကို တည့်တည့်ကြည့်ပြီးမေးသည်။
"ဘာလို့ ကျွန်မကို လက်ဆောင်ပေးနေတာလဲ"
“…......…”
သူ၏လက်ထောက်က မိန်းကလေးတိုင်း ပိုက်ဆံအိတ်ကို နှစ်သက်ကြသည်ဟု ပြောခဲ့သောကြောင့်ပင်ဖြစ်၏။
သို့သော်လည်း ကျန်းမင်ယွမ်သည် ဤအရာအား လူသိရှင်ကြားထုတ်မပြောဝံ့ပေ။
သူက ချန်းဟွမ်ကိုကြည့်ပြီး ပြန်ပြောသည်။
" မလိုချင်လို့လား "
“ဟင့်အင်း”
"မကြိုက်ဘူးလား" ကျန်းမင်ယွမ်က အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။
"ဒါဆိုဘာကြိုက်လဲ... ငါဝယ်ပေးမယ် "
"ရပါတယ်" ချန်းဟွမ်က သက်ပြင်းချ၏။
"ကျွန်မအတွက် ပစ္စည်းတွေ အမြဲဝယ်ပေးနေစရာ မလိုပါဘူး"
ထိုအခါ ကျန်းမင်ယွမ်က ဒဲ့တိုးကြီးပြောထည့်လိုက်တော့သည်။
"ကိုယ်ကမင်းကို ဖြားယောင်းနေတာလေ... မင်းသိအောင် ပြဖို့လိုတာတော့ သေချာတယ် "
"……...."
ချန်းဟွမ်က ကျန်းမင်ယွမ်၏အကြည့်များကို ရင်မဆိုင်နိုင်တော့ဘဲ ရှက်ရွံ့စွာဖြင့် အကြည့်လွှဲသည်။
“ဪ...” သူမက ခြောက်ကပ်စွာပြော၏။
"ဒါပေမဲ့လည်း အရမ်းဈေးကြီးတယ်လေ"
"အဲ့လောက်ဈေးမကြီးပါဘူး"
ကျန်းမင်ယွမ်က ပို၍နီးကပ်စွာလျှောက်လှမ်းလာပြီး ထိုအိတ်အား ချန်းဟွမ်၏ရင်ခွင်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် ပန်းရောင်သန်းနေသော နားရွက်ဖျားများကို ငုံ့ကြည့်ကာ လေသံခပ်တိုးတိုးဖြင့် အပိုင်ချုပ်၏။
“မင်းကြိုက်တာမှန်သမျှ ကိုယ်ဝယ်ပေးနိုင်တယ်"
ထိုလူသည် သူမနှင့် အလွန်နီးကပ်စွာ ရပ်နေသောကြောင့် စကားပြောလိုက်ချိန်တွင် အလွန်ကောင်းသော ရနံ့ကို ရနိုင်လေသည်။
ချန်းဟွမ်၏မျက်နှာသည် ပို၍ပူလာပြီး လက်ဖြင့်ပိုက်ထားသော ပိုက်ဆံအိတ်ကိုပင် အာရုံမစိုက်နိုင်တော့ချေ။
သူမ တွေးနိုင်သမျှသည် မျက်စိရှေ့၌ရှိနေသော အနှီအမျိုးသားပင်ဖြစ်သည်။
ပတ်ဝန်းကျင်မှ အပူချိန်များက မြင့်တက်လာပုံရ၏။
ချန်းဟွမ်သည် သူမနှင့်အလွန်နီးကပ်နေသော မျက်နှာကို စိုက်ကြည့်ရင်း အတွေးများနေခဲ့ရှာသည်။
ချန်းဟွမ် အိတ်ကိုပိုက်ထားပုံအရ လက်ဆောင်ကိုလက်ခံလိုက်ပုံရ၏။ကျန်းမင်ယွမ်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
သူ၏မျက်နှာထားက အနည်းငယ်ပြုံးစိစိဖြစ်နေ၏။
ချန်းဟွမ်အားကြည့်နေသော ကျန်းမင်ယွမ်၏မျက်ဝန်းများထဲတွင် နူးညံ့မှုများပြည့်နှက်နေသည်။
သူသည် ခေါင်းကို အနည်းငယ်ငုံ့ကာ ချန်းဟွမ်နှင့် ပို၍ပင် နီးကပ်စွာ ရပ်လိုက်၏။
သူမ၏ရှေ့မှ ပိုပို၍ကြီးလာသည့် ကျန်းမင်ယွမ်၏မျက်နှာကို မြင်လိုက်ရသောအခါ ချန်းဟွမ်က တုန်လှုပ်ခြောက်ခြားစွာဖြင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်သွားတော့သည်။ သူမ၏ နှလုံးခုန်သံသည်လည်း တဟုန်ထိုး မြန်လာ၏။ချန်းဟွမ်သည် လက်တစ်ဖက်အား အနောက်မှ မီးဖိုခုံပေါ်တင်ထားမိလိုက်သည်။
သူမ၏ခန္ဓာကိုယ်သည် တောင့်တင်းနေပြီး မျက်တောင်များက တုန်ခါနေ၏။
ချန်းဟွမ်သည် ကျန်းမင်ယွမ်၏အပြုအမူများအား တစ်ချိန်တည်း၌ပင် ငြင်းပယ်လျက် လက်ခံနေသောပုံစံပင်။
“မလှုပ်နဲ့” ကျန်းမင်ယွမ်က ပြောသည်။
ချန်းဟွမ်သည် အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏လည်ပင်းသွေးပြန်ကြောများက ပေါက်ထွက်မတတ်ဖြစ်နေသည်။
သူမကအောက်နှုတ်ခမ်းကို ကိုက်ရင်းပြန်ဖြေလိုက်၏။
“အင်း…”
"အမ်း...." ကျန်းမင်ယွမ်က ပြောသည်။
သူသည် အလွန်အရပ်ရှည်ပြီး ဝင်လေထွက်လေခပ်နွေးနွေးက ချန်းဟွမ်၏နဖူးပေါ်သို့ ရိုက်ခတ်နေသည်။
"ဆံပင်ဖြူတစ်ချောင်းပေါက်နေတယ်"
ကျန်းမင်ယွမ်၏လေသံက အပေါ်မှ ထွက်ပေါ်လာ၏။
ချန်းဟွမ်၏ခေါင်းထဲတွင်ပေါ်လာသော ဒရမ်မာထဲမှအနမ်းဇာတ်ဝင်ခန်းများက ဆပ်ပြာပူဖောင်းကဲ့သို့ ဖောက်ခနဲလွင့်စင်ကုန်တော့သည်။
သူမ၏ပါးပြင်ပေါ်ရှိ အနီကွက်များက မှိန်ဖျော့လာ၏။ချန်းဟွမ်သည် အနည်းငယ်ပင် စိတ်ပျက်သွားမိသေးသည်။
“ဪ ဟုတ်လား ... ဘာလို့နုတ်မပေးတာလဲ"
“ကောင်းပြီ” ကျန်းမင်ယွမ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချန်းဟွမ်၏ဆံသားများထဲသို့ ခပ်သာသာထိုးလျို၏။
သူ့လက်ထဲရှိ ဆံပင်များသည် အေးမြပြီးချောမွတ်နေသဖြင့် ထိတွေ့ချင်စိတ်ကို ရပ်တန့်ရန် ခက်ခဲစေသည်။
ချန်းဟွမ် မမြင်နိုင်သောနေရာတွင်ရှိနေသော ထိုသူ၏
အသွင်အပြင်သည် နက်ရှိုင်းလာပြီး ဆံပင်နုတ်ခြင်းမှာလည်း ကြန့်ကြာနေ၏။
ကျန်းမင်ယွမ်သည် သူ့လက်ကို ချလိုက်ပြီး
ထိုမိန်းကလေး၏နှဖူးသို့ သူ၏နှုတ်ခမ်းဖြင့် မသိမသာပွတ်တိုက်လိုက်သည်။
ချန်းဟွမ်က တစ်ခုခုကို ခံစားလိုက်ရသဖြင့် မော့ကြည့်လာသည်။
ကျန်းမင်ယွမ်က ဆံပင်ဖြူကို သူမ၏လက်ထဲသို့ထည့်ပေးလာကာ “ပြီးပြီ” ဟုပြော၏။
“ဪ... အ-အင်း ”
ချန်းဟွမ်က သူမ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး ဆက်ပြောသည်။
"မနက်စာချက်ဖို့ အချိန်ရောက်ပြီ"
“ကောင်းပြီ” ဤတစ်ခါ၌ထိုလူက ခေါင်းငြိမ့်ပြီး ထွက်ခွာသွား၏။
သူထွက်သွားပြီးနောက်ပိုင်းတွင် ချန်းဟွမ်သည် လက်ကို မြှောက်လိုက်ပြီး နဖူးကို ထိကြည့်လိုက်သည်။
သူမ၏ပါးပြင်ပေါ်ရှိ ပျောက်ကွယ်သွားသောနီရဲခြင်းများသည် အချို့သောထင်ကြေးများကြောင့် ပြန်လည်ရောက်ရှိလာ၏။
Xxxxx