Chapter 213
ချန်းဟွမ်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်သည်။
သူမသည်လက်ထဲမှ ပိုက်ဆံအိတ်ကို နောက်တစ်ကြိမ်ပြန်ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်သွား၏။ ချန်းဟွမ်ကကျောက်မျက်ရတနာများဖြင့်ပြုလုပ်ထားသော အမှတ်တံဆိပ်ကို ကိုင်ကြည့်လိုက်ပြီး ပိုက်ဆံအိတ်ကိုခဏချထားလိုက်လေသည်။
သူမသည် စုဆောင်းငွေအချို့ကို အသုံးပြုပြီး ကျန်းမင်ယွမ်အား နှစ်သစ်ကူးလက်ဆောင်ပြန်ပေးရန်စဉ်းစားနေမိ၏။
***
ရှင်းရှင်းသည်လည်း မနက်စာစားနေစဥ်တွင် ထိုပိုက်ဆံအိတ်ကို သတိထားမိလ်ိုက်သည်။
သူသည် ရက်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော လျှို့ဝှက်ချက်ကို နောက်ဆုံးတွင်ထုတ်ပြောလိုက်တော့သည်။ရှင်းရှင်းသည် အချီးမွမ်းခံရရန် မစောင့်ဆိုင်းနိုင်တော့ပေ။
သူက ဝံ့ကြွားနေသောအကြည့်ဖြင့်
“ဒီတစ်လုံးကို သားကိုယ်တိုင် ရွေးပေးထားတာ မေမေ... အရမ်းလှပြီး တောက်ပြောင်နေတာပဲ...မဟုတ်ဘူးလား"
"အင်း...ထင်သားပဲ"
ချန်းဟွမ် မကြိုက်ဆုံးအရာမှာ ထင်ပေါ်လွန်းသော အမှတ်တံဆိပ်ပုံစံပင်ဖြစ်သည်။
ရှင်းရှင်းသည် အမေဖြစ်သူ၏ လေသံအသွားအလာကို ဂရုမထားမိဘဲ အလွန်ဂုဏ်ယူနေလေ၏။
သူကရင်ကော့ခေါင်းမော့ပြီးပြောရှာသည်။
“ဒါက ဖေဖေပေးတာ...သားက ဒီလိုဟာမျိုးနောက်တစ်လုံးထပ်ဝယ်ပေးမယ် ”
ချန်းဟွမ်တစ်ယောက် ခေါင်းကိုက်လာ၏။
သူမသည် ဤစကားဝိုင်းတွင်လုံးဝပါဝင်ခြင်းမရှိသော ကျန်းမင်ယွမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အပူပေးစက်မှ အနွေးဓာတ်သည် အိမ်တွင်း၌ အလုံအလောက်ရှိနေပြီး ကျန်းမင်ယွမ်သည် ဂျာကင်အင်္ကျီ ဝတ်မထားပေ။
သူသည် အင်္ကျီလက်မှကြယ်သီးများကိုဖြုတ်ပြီး အပေါ်သို့နှစ်ဆင့်ခန့်ခေါက်တင်ထားသည်။
ကျန်းမင်ယွမ်၏လက်မောင်းအောက်ပိုင်းရှိ ချောမွေ့သော အရေပြားကို မြင်နေရပြီး ထိုပုံစံက အလွန်ယောက်ျားဆန်နေ၏။
ကျန်းမင်ယွမ်၏နှုတ်ခမ်းစွန်းများက အပေါ်သို့ ကော့တက်သွားပြီး သူကချန်းဟွမ်ကို ပြုံးပြလေသည်။
ထို့နောက် ကျန်းမင်ယွမ်က ရှင်းရှင်းဘက်သို့ လှည့်ကြည့်ပြီးပြောတော့၏။
“ထပ်ဝယ်လို့ရမယ် မထင်ဘူး”
ရှင်းရှင်းက မယုံကြည်နိုင်စွာဖြင့် မေးလေသည်။
"ဘာလို့လဲ"
"ဒါက Limited Edition လေ ...အကုန်ရောင်းကုန်သွားပြီ "
"ဒါပေမဲ့ ဖေဖေကမှ အဲ့လိုမပြောတာ "
ကလေးလေးက မတရားသလို ခံစားလိုက်ရတော့သည်။
"အဲ့လိုလား...." ကျန်းမင်ယွမ်က လက်ထဲမှတူကိုချပြီး ပါးစပ်ကိုသုတ်လျက် ပြောလာ၏။
"ဖေဖေလည်း နောက်မှ သိတာလေ"
"ဖေဖေသားကို လိမ်နေတာ "
ရှင်းရှင်းသည် မကျေမချမ်းဖြစ်နေသော အကြည့်ဖြင့် သူ၏အဖေကို စိုက်ကြည့်နေသည်။
သို့သော်လည်းအကြည့်ခံရသူက နည်းနည်းလေးမှ မဖြုံရှာပေ။
စားသောက်ပြီးသောအခါ ကျန်းမင်ယွမ် ပန်းကန်ကိုချလိုက်လေသည်။ထို့နောက် ရှင်းရှင်း၏ ခေါင်းကို ခပ်ဖွဖွပွတ်သတ်ပြီး ပါးပြင်ကိုနမ်းရှုံ့လိုက်၏။
“ကောင်းပြီ ....ဖေဖေ အခု အလုပ်သွားတော့မယ် အိမ်မှာ မေမေနဲ့ လိမ်လိမ်မာမာနေ "
ထို့နောက် ကျန်းမင်ယွမ်က ချန်းဟွမ်ဘက်သို့လှည့်ကြည့်သည်။
" ကောင်းကောင်းသွား " ချန်းဟွမ်ကနှုတ်ဆက်လေ၏။
မနက်ခင်း၌ နေရာမှထွက်လာချိန်တွင်ကျန်းမင်ယွမ်အား မည်သူမှ သတိမပြုခဲ့မိကြပေ။
ကျန်းမင်ယွမ်က စိတ်ကောင်းဝင်နေပြီး ချီရှန်ကိုပင် ဘောနပ်စ်အချို့ပေးလိုက်သေး၏။
သို့သော်လည်း ကောင်းမွန်နေသည့် စိတ်အခြေအနေက ၂၅ရက်နေ့အထိသာ တည်တံ့ခဲ့ရှာသည်။
နှစ်သစ်ကူး နီးလာသည်နှင့်အမျှ ရုံးထဲတွင် လှုပ်လှုပ်ရွရွဖြစ်လာပြီး နယ်ဝေးမှဝန်ထမ်းများက ခွင့်ယူကာ အိမ်ပြန်ကြလေ၏။
ကျန်ဝန်ထမ်းများမှာမူ နှစ်ပတ်လည်ပါတီ၊ နှစ်ကုန်ဘောနပ်စ်များကိုမျှော်လင့်နေကြရင်း နှစ်သစ်အတွက် အစီအစဉ်များကို ချမှတ်နေကြသည်။
ကျန်းမင်ယွမ်ထံ၌လည်း ကိုယ်ပိုင် အစီအစဉ်အချို့ရှိနေ၏။သူသည် ၃၀ ရက်နေ့တွင် ဘိုးဘွားသင်္ချိုင်းသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ၂ ရက်နေ့တွင် ပြန်လာရန်စီစဥ်ထားလေသည်။
၃ရက်နေ့ နှင့် အလုပ်ပြန်ဖွင့်မည့် ၈ ရက်နေ့ကြားတွင်
အားလပ်ရက် ၄ ရက်ရှိ၏။
ထိုလေးရက်တာသည် ခရီးတိုတစ်ခုအတွက် လုံလောက်သောအချိန်ဖြစ်လေသည်။
ကျန်းမင်ယွမ် နေရာတစ်ခုကိုရွေးပြီး နေရာထိုင်ခင်းမှန်သမျှကို စီစဉ်ထားသည်။ သူသည် ခရီးစဉ်ကို အားလုံး၏စိတ်ထဲတွင် ကျေနပ်နှစ်သက်စေလို၏။
ထိုအချိန်တွင် ကုမင်လီသည် နှစ်သစ်ကူးတွင် အိမ်ပြန်လာမည်မဟုတ်ကြောင်း ကျန်းမင်ယွမ်ထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။
M နိုင်ငံ တွင် သင်္ဘောကုမ္ပဏီ၏ ပိုင်ဆိုင်မှုအကူးအပြောင်းက မပြီးသေးသော်လည်း ကျန်းယွီသုန်း သည် ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန် Mနိုင်ငံ သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ကျန်းယွီသုန်း ထွက်ခွာသွားသည်နှင့် ကုမင်လီသည်လည်း တရုတ်ပြည်တွင် ကြာကြာနေတော့မည်မဟုတ်ကြောင်း ကျန်းမင်ယွမ်က သိလေသည်။
သို့သော်လည်း နှစ်သစ်ကူးပြီးဆုံးချိန်အထိ မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်ပျက်နေမည်ဟူ၍ မမျှော်လင့်ထားခဲ့ပေ။
ကျန်းမင်ယွမ်၏ နှုတ်ခမ်းများက မျဉ်းဖြောင့်တစ်စင်းကဲ့သို့ ဖြောင့်တန်းနေ၏။
သူ၏ ကောင်းမွန်နေသောစိတ်အခြေအနေသည်လည်း ပျက်သုဉ်းသွားရှာလေပြီ။
"အနည်းဆုံးတော့ နှစ်သစ်ကူးအကြို အဖေ့ဆီ သွားလည်ပြီးတဲ့ အချိန်အထိ မစောင့်နိုင်ဘူးလား"
Xxxxxx
Chapter 214
ဓလေ့ထုံးတမ်းအရ နှစ်သစ်ကူးအကြိုစားသောက်ပွဲမကျင်းပမီ ရှေးဦးစွာ ဘိုးဘေးဘီဘင်များအရိုအသေပြုရလေသည်။
တစ်ဖက်တွင်မူ ကုမင်လီသည် သူမ၏ချစ်သူနှင့် ပွင့်လင်းမြင်သာစွာအတူရှိခွင့်ရရန် အနှစ်သုံးဆယ် စောင့်ဆိုင်းခဲ့ရသည်ဖြစ်ရာ နောက်ထပ်တစ်မိနစ်လေးပင်ထပ်မံ
မဖြုန်းတီးလိုတော့ပေ။
အမှန်အတိုင်းပြောရလျှင် သူမသည် ကွယ်လွန်သူခင်ပွန်းသည်အား ဖောက်ပြန်ခဲ့သည့်အတွက် အပြစ်ရှိသလိုခံစားနေရသည်။ထို့ကြောင့် သူ့ထံသို့သွားလည်ရန် စိတ်အားထက်သန်ခြင်းမရှိချေ။
"မင်းအဖေဆီ သွားလည်ပြီးပြီ"
ကုမင်လီသည် အမှန်တကယ်သွားရောက်ခဲ့ခြင်းမရှိသော်လည်း လိမ်ညာပြောရန် တုံ့ဆိုင်းမနေပေ။ ဖုန်းတစ်ဖက်မှ အမျိုးသမီးလေသံသည် ရုတ်ချည်းပျော့ပျောင်းသွားလေ၏။
ကုမင်လီက အနည်းငယ်ဟန်လုပ်ပြီး ချောင်းဆိုးပြကာ
“ဒီလိုအချိန်မှာ ထွက်မသွားချင်ပါဘူးကွယ်... နှစ်သစ်ကူးအကြိုကို သားနဲ့အတူတူ တကယ်ကို ဖြတ်သန်းချင်နေတာ...ဒါပေမဲ့သိတဲ့အတိုင်းပဲ ရာသီဥတုကလည်း သိပ်မကောင်းဘူးလေ...ဆရာဝန်ကလညပြောတယ် တတ်နိုင်သမျှအမြန်ဆုံးထွက်သွားသင့်တယ်တဲ့ .... အချိန်ဆွဲနေရင် ကျန်းမာရေးထိခိုက်လာနိုင်တယ်လို့ပြောတယ်လေ ”
ကုမင်လီစကားပြောနေစဉ်တွင် တစ်ဖက်မှကျန်းမင်ယွမ်၏အမူအရာမှာ ပို၍ပင် အေးစက်လာတော့သည်။
ကျန်းမင်ယွမ်က ခနဲ့ပြုံးပြုံးကာ ရေခဲတမျှအေးစက်သောလေသံဖြင့်ပြောလာ၏။
“ဟုတ်ပါပြီ...ကျွန်တော်နားလည်ပြီ...နှစ်သစ်မှာ အလုပ်ရှုပ်နေမှာဆိုတော့ မြန်မြန်ပြန်ကောင်းလာပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်”
“ရပါတယ်ကွယ်.. ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ပါ ”
နဂိုကတည်းက လိုက်ချင်စိတ်မရှိသော ကုမင်လီသည် ကျန်းမင်ယွမ်၏စကားကြောင့် အလွန်ပင် အားရကျေနပ်သွားတော့သည်။သူမက စကားချိုချိုကလေးများကို ကရားရေလွှတ် တဖွဖွပြောနေတော့၏။
သို့သော်လည်း ကျန်းမင်ယွမ်က ဘာမှ ဆက်မပြောချေ။
ကျန်းမင်ယွမ်က ရေတစ်ငုံသောက်ပြီး ဖုန်းချခါနီးတွင် ကုမင်လီကိုတားလိုက်သည်။
“အမေ...နောင်တမရဖို့ မျှော်လင့်ပါတယ်”
ကုမင်လီသည် ထိုလေသံတွင်ပါဝင်သော အန္တရာယ်အရိပ်အမြွက်ကို သတိပြုမိသွားပြီး သံသယစိတ်ဖြင့်မေးလာ၏။
“ ဘာကိုဆိုလိုတာလဲ”
"ဘာမှမဟုတ်ပါဘူး...ကျွန်တော်သွားစရာရှိတယ်...အခုတော့အမေ့ကို လွှတ်ပေးလိုက်မယ် "
ပြောပြီးသည်နှင့်ကျန်းမင်ယွမ်ဘက်မှ ဖုန်းချသွားလေဝောာ့သည်။
အခြားတစ်ဖက်တွင် မတင်မကျဖြစ်နေသော ကုမင်လီသည် အနည်းငယ်စိုးရိမ်စိတ်ဝင်သွားလေ၏။ သူမသည်လက်ထဲ၌ ဖုန်းကိုကိုင်ထားရင်း သူမ၏အခန်းဆီသို့
အမြန်ထွက်လာခဲ့သည်။
အပြင်တွင် နေသာနေသော်လည်း အိမ်ထဲသို့တိုက်ခတ်လာသောလေသည် အေးစက်လှပေ၏။
ထိုလေက ကုမင်လီအား တုန်တုန်ယင်ယင်ဖြစ်စေသည်။
သူမသည် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး တံခါးပေါက်ကို အမြန်ပိတ်လိုက်၏။
ကုမင်လီသည် သူမ၏ပါးပြင်ကို ထိကိုင်ကြည့်လိုက်သည်။
အသားအရည်သည် ချောမွတ်နေသေးသော်လည်း အောက်ရှိ ကြွက်သားများသည် လျော့ရွဲစပြုနေပြီဖြစ်လေ၏။သူမသည် ငယ်ရွယ်နုပျိုခြင်းမရှိတော့ချေ။
သို့သော်လည်း ယခု အခြေအနေသည် လွန်ခဲ့သည့် အနှစ်သုံးဆယ်ကာလပတ်လုံး သူမ လိုချင်နေခဲ့သောအရာပင်ဖြစ်သည်။
အရာအားလုံးအထမြောက်လုဆဲဆဲတွင် မည်ကဲ့သို့နောက်ပြန်ဆုတ်နိုင်မည်နည်း။
သားဖြစ်သူ၏စကားတစ်ခွန်းကြောင့် ဤမျှအထိ စိုးရိမ်စိတ်ဝင်နေရန် လိုအပ်ပါသလော။
ကုမင်လီက တစ်ကိုယ်တည်း ပြန်လည်ဖြေသိမ့်နိုင်ခဲ့သည်။ထို့နောက် အိမ်အကူအား သူမ၏ပစ္စည်းများကို ထုပ်ပိုးပေးထားရန် ကျယ်လောင်စွာ အော်ပြောလိုက်လေ၏။
နောက်တစ်နေ့တွင် ကျန်းမင်ယွမ်သည် ကုမင်လီမှာ
ဤနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ သူမသည် ပစ္စည်းအများအပြား ယူဆောင်သွားပြီး စုဆောင်းငွေအားလုံးကိုလည်း M နိုင်ငံ ငွေကြေးအဖြစ်သို့ လဲလှယ်ခဲ့လေ၏။ကုမင်လီထံတွင် ပြန်လာရန် အစီအစဉ်မရှိသည်မှာ သေချာလွန်းသည်။
"ကောင်းပြီ ငါနားလည်ပြီ" ကျန်းမင်ယွမ်က ခပ်တိုးတိုးပြောလိုက်၏။သူ့ထံတွင် ယမန်နေ့က ကဲ့သို့ ဒေါသအရိပ်အယောင်ကို တစိုးတစိမျှမမြင်ရချေ။
ထို့နောက်တွင် ကျန်းမင်ယွမ်က တစ်စုံတစ်ဦးထံဆက်သွယ်လိုက်သည်။
“အခု သူအဲ့ဒီမှာရှိနေတယ်... စီစဉ်ထားတဲ့အတိုင်း ဆက်သွားပါ”
“ဟုတ်ကဲ့ပါ ”
***
ကျန်းအုပ်စု၏၂၈ ကြိမ်မြောက်နှစ်ပတ်လည်ပါတီကို ကျင်းပရန် City S မှကြယ်ငါးပွင့်ဟိုတယ်ရှိ အကြီးဆုံးခန်းမကို ကြိုတင်ပြင်ဆင်ထားသည်။
နှစ်ပတ်လည်ပါတီသည် ညနေ ၆ နာရီဝန်းကျင်တွင်စတင်မည်ဖြစ်ပြီး ညစာပြီးနောက်မဲဖောက်ပေးကာ ၁၁ နာရီဝန်းကျင်တွင်အဆုံးသတ်မည်ဖြစ်လေ၏။
တက်ရောက်သူများသည် ၎င်းတို့၏အရေးပါသောပုဂ္ဂိုလ်တစ်ဦးဦးအား ပါတီသို့အတူခေါ်ဆောင်လာနိုင်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းမင်ယွမ်သည် ချန်းဟွမ်အား မေးကြည့်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရရှာ၏။
"ဘာလို့လဲ... ဒီပွဲကိုတက်ရအောင် ရှင်နဲ့ကျွန်မက ဘာတွေမလို့လဲ " ချန်းဟွမ်က တုံ့ဆိုင်းစွာဖြင့် ခေါင်းခါယမ်းရင်းမေးလိုက်သည်။
"အင်း...တကယ်တွေးကြည့်လိုက်ရင်တော့ ဖြေရှင်းနည်းက လွယ်လွယ်လေးပါ "
ကျန်းမင်ယွမ်က ပြောပြာဆိုဆိုဖြင့် ဆိုဖာပေါ်တွင်ထိုင်နေသောချန်းဟွမ်ဘက်သို့ တိုးကပ်သွား၏။ထို့နောက် ဆိုဖာပေါ်တွင် လက်တစ်ဖက်ထောက်လိုက်ပြီး ချန်းဟွမ်အား အနီးကပ်ကြီး စိုက်ကြည့်လေသည်။
"လက်ထပ်မှတ်ပုံတင်ရုံး ဖွင့်သေးတယ်...အခုပဲ သွားလိုက်လို့ရတယ် "
“ဟင့်အင်း... မဟုတ်သေးဘူးလေ ”
ချန်းဟွမ်က ကျန်းမင်ယွမ်၏စကားကြောင့် အလွန်အမင်းအံ့ဩသွားကာ သူမ၏လက်များကို အဆင်မပြေစွာ ဝှေ့ယမ်းလိုက်တော့၏။
တွဲခုတ်ခြင်းအဆင့်ကိုကျော်လွန်၍ အိမ်ထောင်ရေးနယ်ပယ်သို့ တန်းတန်းမတ်မတ် ခုန်ကူးသွားခြင်းက တုန်လှုပ်စရာကောင်းလွန်းပေသည်။
အလျင်အမြန်ပင် အငြင်းခံလိုက်ရသောကြောင့် ကျန်းမင်ယွမ်ကစိတ်ပျက်သွားတော့၏။
သူသည် ကျောဆန့်၍မတ်မတ်ပြန်ထိုင်ကာ ဆံပင်များကို ခပ်ဖွဖွထိုးလျိုနေရင်းပြောလာတော့သည်။
“စတာပါ”
Xxxxxx