အပိုင်း ၂၁၅-၂၁၆
Viewers 22k

Chapter 215


ကျန်းမင်ယွမ်ဘက်မှ လက်ထပ်မှတ်ပုံတင်ရုံးအကြောင်းပြောလာသောအခါတွင် ချန်းဟွမ် တုန်လှုပ်သွားမိသည်။


 သူမ၏ပထမဆုံး တုံ့ပြန်မှာ ကျန်းမင်ယွမ်အား လှည့်စားချင်ရုံသပ်သပ်ဖြစ်လေ၏။သို့သော်လည်း ကျန်းမင်ယွမ်ကရယ်လျက် ‌စနောက်နေခြင်းသာဖြစ်ကြောင်းပြောလာသည်။


ချန်းဟွမ်သည် တစ်ချိန်တည်း၌ စိတ်သက်သာရာရခြင်းနှင့် အားမလိုအားမရဖြစ်ခြင်းကို ခံစားလိုက်ရလေ၏။


သူမက သက်ပြင်းချလိုက်ပြီး  အသက်ပြင်းပြင်းရှူသည်။


 ချန်းဟွမ်က ရူးသွပ်သည့် အတွေးများကို ချုပ်တည်းရန် ကြိုးစားနေလေ၏။ 


 " သွားတော့မယ် "  


ကျန်းမင်ယွမ်သည် ယနေ့ရုံးမတက်ချေ။


ညနေ ၃ နာရီ၌ ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် အချိန်မီသွားရန်သာလိုအပ်ပေသည်။


 "အင်းပါ... အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ"


 ချန်းဟွမ်က ကျန်းမင်ယွမ်အားလိုက်ပို့ပေးရန် မတ်တပ်ထရပ်လိုက်၏။


 ဓာတ်လှေကားသည်ပထမထပ်၌သာရှိနေသေးပြီး အပေါ်တက်လာရန် ရပ်စောင့်နေရလေသည်။


နှစ်ယောက်သားအတူစောင့်ဆိုင်းနေချိန်တွင် ကျန်းမင်ယွမ်က အနောက်သို့လှည့်လာပြီး ချန်းဟွမ်အားမေးတော့၏။


 


 "နှစ်သစ်ကူးရက်တွေမှာ ဘာလုပ်ဖို့ စီစဉ်ထားလဲ "


 "ဟင်...ဘာမှမရှိပါဘူး...ပုံမှန်လိုပဲ"  


ချန်းဟွမ်သည် သူမ၏ဆဲလ်ဖုန်းစခရင်မှ အကြည့်ခွာလိုက်ပြီး အာမေဋိတ်သံထွက်လာသော်လည်း အမူအရာထိန်းလျက် ပြန်ဖြေရှာသည်။


 သူမထံတွင် သူငယ်ချင်းများများစားစားမရှိပေ။


ဤခန္ဓာကိုယ်၏မူလပိုင်ရှင်တွင်လည်း ဆွေမျိုးအဖြစ် မိခင်ဖြစ်သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။သို့သော်လည်း သူမ၏မိခင်သည် လွန်ခဲ့သောနှစ်များက နောက်အိမ်ထောင်ပြုခဲ့ပြီး အဆက်အသွယ်ပြတ်သွားခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်‌‌၏။


ချန်းဟွမ်သည် သူမထံ သွားလည်ချင်သော်လည်း မည်သို့ရှာရမည်ကိုမသိပေ။


 "ဟုတ်လား" 


 ကျန်းမင်ယွမ်သည် မျက်မှောင်ကြုတ်ကာ နောက်ထပ်စကားကိုဆက်ပြောရန်အနည်းငယ် တွန့်ဆုတ်နေသည်။


သို့သော်လည်း နောက်ဆုံးတွင် သူက ဆက်ပြောလာခဲ့၏။


  "နှစ်သစ်ကူးအကြိုနေ့မှာ ဘိုးဘေးတွေကို အရိုအသေပြုဖို့သွားရမှာ...ရှင်းရှင်းကို အဖေနဲ့တွေ့ပေးချင်လို့ ခေါ်သွားလို့ရမလား " 


 "ဝေးလား"


 " ပြည်နယ်နှစ်ခုပဲ ခြားတာပါ "


 "အင်းး...ရပါတယ် ခေါ်သွားလေ" 


ချန်းဟွမ်က အနည်းငယ်တွေးပြီးနောက် ခေါင်းငြိမ့်သဘောတူလေသည်။


 "အဲ့ဒါဆို မင်းရော ဘယ်လိုလဲ "


 "ကျွန်မလား...ကျွန်မက တစ်ယောက်တည်း အိမ်မှာနေခဲ့မယ်လေ "  


 ချန်းဟွမ်သည် ယခင်ဘဝ၌ သူမ၏အဘိုးဖြစ်သူ ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် နှစ်သစ်ကူးတိုင်းကို


တစ်ကိုယ်တည်းသာ ဖြတ်သန်းခဲ့သည်။ 


သူမသည် ၎င်းကိုကျင့်သားရနေပြီဖြစ်သောကြောင့် တစ်စုံတစ်ရာမှားယွင်းသည်ဟုမခံစားရပေ။


 "နှစ်သစ်မှာ ဘယ်သူတွေက အိမ်မှာတစ်ယောက်တည်းနေလို့လဲ "  


ကျန်းမင်ယွမ်သည် ဓါတ်လှေကားရှိရာမှ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။


 ဓာတ်လှေကားတံခါးသည်လည်း  နောက်ဆုံးတွင် ပြန်ပိတ်သွားတော့၏။


သူက ချန်းဟွမ်ဆီသို့ တဖြည်းဖြည်းလျှောက်သွားရင်းမေးလိုက်သည်။


 “ဘာလို့ မလိုက်ဘဲ နေမှာလဲ ” 


ယခုအချိန်တွင် ချန်းဟွမ်သည် ထောင့်တစ်နေရာတွင်ရှိနေပြီး ကျန်းမင်ယွမ်က သူမ၏အရှေ့မှ ပိတ်ရပ်ထားလေ၏။


ချန်းဟွမ်သည် နံရံတွင် ကျောမှီလျက်အနေအထားဖြစ်သွားပြီး သူမသည်အရှေ့မှအမျိုးသား၏ဝတ်စုံကို စိုက်ကြည့်နေလေသည်။


 "ကျွန်မကို ပြောနေတာလား... ဘာများမှားလို့လဲ" 


 “မှန်တာတွေ မှားတာတွေအသာထား...လိုက်မယ် မလိုက်ဘူးပဲပြော... ရှင်းရှင်းက မင်းနဲ့ မခွဲချင်တာတော့ သေချာတယ်” 


ကျန်းမင်ယွမ်က ချန်းဟွမ်၏ပခုံးပေါ်သို့ လက်တင်လျက် ပြောလာ၏။


 “ကျွန်မ……”


 ချန်းဟွမ်က စကားဖြောင့်ဖြောင့် မပြောနိုင်ရှာပေ။


ပခုံးပေါ်ရှိလက်က စိတ်ဖိအားများ‌လာစေသောကြောင့် 


ချန်းဟွမ်၏နားရွက်များက နီရဲလာပေသည်။


နောက်ဆုံးတွင် ချန်းဟွမ်က စဉ်းစားပေးပါမည်ဟုပြန်လည်ပြောကြားခဲ့လေ၏။


ကျန်းမင်ယွမ်၏နှုတ်ခမ်းစွန်းများက အပေါ်သို့ ကွေးတက်သွားသည်။


 “ကောင်းပြီ.... သတင်းကောင်းကို စောင့်နေမယ်” 


ကျန်းမင်ယွမ်က လက်ကိုပြန်ရုတ်လိုက်ပြီး ချန်းဟွမ်၏ နားနားသို့ ကပ်လျက်ပြောလေ၏။


ထိုလူ၏ ဝင်လေထွက်လေသည် ချန်းဟွမ်၏နားရွက်ဖျားသို့ရိုက်ခတ်သွားပြီး  သာမာန်ထက် ပိုပူလာသည်။


သူမ၏နားရွက်ဖျားများမှာနီရဲကုန်သကဲ့သို့ လည်ပင်းနှင့်ပါးပြင်များမှာလည်း အလားတူပင်ဖြစ်လေ၏။


 ချန်းဟွမ်သည် အရေပြားများ လောင်ကျွမ်းနေသလို ခံစားခဲ့ရသည်။သူမသည် ခေါင်းကို အနည်းငယ်မော့ပြီး ကျန်းမင်ယွမ်အား ကြည့်လိုက်လေ၏။


ထို့နောက် ကျန်းမင်ယွမ်၏ရင်ဘတ်ကို လက်ဖြင့်တွန်းကာ ဖယ်ထုတ်လေသည်။


 “သွား...မြန်မြန်သွားတော့...နောက်ကျတော့မယ်"


 ကျန်းမင်ယွမ်က တွန်းထုတ်ခံရခြင်းကို စိတ်မဆိုးပေ။


ချန်းဟွမ်၏နားရွက်နီနီများကို မြင်လိုက်ရချိန်တွင် ကျန်းမင်ယွမ်၏အပြုံးများမှာ ပို၍ပင်နက်ရှိုင်းသွားသေးသည်။


 


  “ဟုတ်ပြီလေ” 


ကျန်းမင်ယွမ်က ဓာတ်လှေကားခလုတ်ကို တစ်ဖန်ပြန်နှိပ်လိုက်၏။ သူသည် အောက်ထပ်သို့ဆင်းသွားပြီး ကားပေါ်ရောက်သည်နှင့် ချီရှန့်ထံသို့ဖုန်းဆက်လိုက်သည်။


ထို့နောက် နှစ်ကုန်ဘောနပ်စ်အား ရာခိုင်နှုန်းထပ်တိုးပေးမည် ဖြစ်ကြောင်းပြောကြားခဲ့လေ၏။


"ကျေးဇူးတင်ပါတယ် သူဌေး "


ချီရှန်သည် အချိန်တိုအတွင်း၌ပင် ဘောနပ်စ် ၁ရာခိုင်နှုန်းထပ်တိုး၍ရပြန်လေပြီ။


Xxxxx


Chapter 216


ကျန်းအုပ်စု၏အားလပ်ရက်များသည် ၂၉ ရက်နေ့မှ စတင်မည်ဖြစ်ပြီး နှစ်ပတ်လည်ပါတီသည် အလုပ်ဆင်းသည့်နောက်ဆုံးနေ့ဟု ဆိုရမည် ဖြစ်သည်။ 


၎င်းတို့၏ အားလပ်ရက်ကို စတင်နေပြီဖြစ်ကြသော ဝန်ထမ်းများသည်  အရက်သောက်လိုက်သောအခါ ပို၍ပင် စိတ်အေးလက်အေး ဖြစ်သွားကြလေ၏။


 ဤကဲ့သို့သောအချိန်မျိုး၌ အထက်လူကြီးနှင့် လက်အောက်ငယ်သားဟူ၍ အရိပ်အခြည်ကြည့်နေစရာမလိုပေ။အမြဲတစေစောင့်ထိန်းတတ်သူ ကျန်းမင်ယွမ်ပင်လျှင် အရက်များသောက်ခဲ့သည်။ 


သူသည် သောက်နိုင်သမျှသောက်ပြီး ညနေစောင်းချိန်တွင် မူးနေခဲ့ပြီဖြစ်လေသည်။


အရက်မူးနေသော ကျန်းမင်ယွမ်သည် ခါတိုင်းနှင့် သိပ်မခြားနားပေ။သူ၏ပါးပြင်များက နီရဲနေခြင်းမရှိသကဲ့သို့ အာလေးလျှာလေးလည်း ဖြစ်မနေချေ။


လမ်းလျှောက်သည့်ပုံစံမှာလည်း သာမန်ဖြစ်ပြီး ယိုင်ထိုးမနေပေ။


ကျန်းမင်ယွမ်အကြောင်း ကောင်းကောင်းသိသော သူများသာလျှင် ရီဝေဝေဖြစ်နေသောမျက်ဝန်းများမှတစ်ဆင့် အရက်မူးနေပြီဖြစ်ကြောင်းကို မှန်းဆနိုင်မည်ဖြစ်လေသည်။


 ချီရှန်သည် သူဌေးနှင့်အတူ ပွဲများစွာကို တက်ရောက်ဖူးပြီး သူဌေး၏တုံ့ပြန်မှုများကို ရင်းနှီးကျွမ်းဝင်လှ၏။


သူ၏သူဌေးဖြစ်သူမှာ အလွန်မူးနေပြီဖြစ်ကြောင်း ချီရှန်က သိသည်။ ထို့ကြောင့်ပင် အိမ်ပြန်ပို့ရန် ဆုံးဖြတ်ခဲ့လေ၏။


 နှစ်ပတ်လည်ပါတီပွဲကျင်းပသည့်ဟိုတယ်သည် ကျန်းမင်ယွမ်၏တိုက်ခန်းမှအနည်းငယ်လှမ်းပြီး ကားဖြင့် မိနစ်နှစ်ဆယ်ခန့်သွားရသည်။


မကြာသေးမီက သာမန်ဖြစ်နေသောကျန်းမင်ယွမ်သည် ကားနောက်ခန်းထဲ၌ ‌အိပ်ပျော်နေပြီဖြစ်၏။


 


 ချီရှန်နှင့် ဒရိုင်ဘာတို့က ထွက်လာကြပြီး ကျန်းမင်ယွမ်အား ကားထဲမှ ဆွဲထူကြသည်။


 ထိုအခါ ကျန်းမင်ယွမ်ကနိုးလာပြီး မျက်မှောင်ကြုတ်လျက် ထိုနှစ်ယောက်ကိုဘေးသို့တွန်းလိုက်၏။


ထို့‌နောက် ကားကိုအားပြုလျက် မိမိဘာသာမိမိ ထရပ်လိုက်လေသည်။


 "သူဌေး...လမ်းလျှောက်နိုင်ရဲ့လား"


 အမေးခံရသောသူက လုံးဝမဖြေပေ။


ကျန်းမင်ယွမ်က ခဏရပ်နေပြီးနောက် ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူသည် အလွန်နှေးကွေးသော်လည်း ခပ်မှန်မှန်လျှောက်လာလေသည်။ 


ကျန်းမင်ယွမ်သည် အဆင်ပြေပုံရ၏။


သို့သော်လည်း ချီရှန်က တစ်ယောက်တည်းမထားခဲ့နိုင်လောက်အောင် စိတ်မချဖြစ်နေရှာသည်။


ချီရှန်က ကျန်းမင်ယွမ်၏ဘေးမှ ခပ်ဖြည်းဖြည်းလိုက်သွားပြီး လဲကျလျှင် ဖမ်းဆွဲရန်အတွက် အသင့်ရှိနေပေး၏။


သူသည် ကျန်းမင်ယွမ်နှင့်အတူ ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။


 ချီရှန်သည် ကျန်းမင်ယွမ်နှင့်အတူ တိုက်ခန်းထဲသို့ လိုက်ပါသွားကာ မီးဖွင့်ပေးပြီး‌နောက် အမူးပြေစွပ်ပြုတ်ချက်ပေးနေ၏။


သူက စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်နေရင်း ကျန်းမင်ယွမ်အား လှမ်းမေးသည်။


 "ကျွန်တော့်ကို ဆက်နေပြီး ပြုစုပေးစေချင်လား သူဌေး"


ကျန်းမင်ယွမ်က နားထင်ကိုလက်မဖြင့်ခပ်ဖွဖွဖိနေရင်း


" ဟင့်အင်း " ဟုပြောလေ၏။


ဤသည်မှာ အကြိမ်တိုင်းရတတ်သည့် တူညီသောအဖြေဖြစ်၍ ချီရှန်က လုံးဝမအံ့သြပေ။  သူကကျန်းမင်ယွမ်အား စွပ်ပြုတ်သောက်ရန် ထပ်မံသတိပေးလိုက်လေသည်။


ဒရိုင်ဘာသည် အောက်ထပ်တွင် စောင့်နေဆဲဖြစ်ပြီး သူဌေး၏အခြေအနေကို မေးမြန်းပြီးနောက် ကားကို စတင်မောင်းနှင်ခဲ့လေ၏။


ကားသည် တိုက်ခန်းနှင့် တဖြည်းဖြည်းဝေးကွာလာတော့သည်။ ချီရှန်သည် အဝေးတွင်ကျန်ခဲ့သော တိုက်ခန်းကိုလှမ်းငေးရင်း အောက်ထပ်မှ မှိန်ပျပျအလင်းရောင် သတိထားမိသွားလေ၏။


သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး အဆက်အသွယ်စာရင်းထဲမှ ဖုန်းနံပါတ်တစ်ခုကို ရှာလျက် ဖုန်းခေါ်လိုက်တော့သည်။


 ***


 ချန်းဟွမ်သည် ဂိမ်းဆော့ပြီးနောက် အိပ်ရာဝင်တော့မည့်အချိန် ဖုန်းဝင်လာသောအခါ သူမသည် ခေါ်ဆိုသူကိုတစ်ချက်ကြည့်ပြီး အမြန်ပင်ဖြေကြားလိုက်သည်။


  "ဟယ်လို "


 "ဟယ်လို မစ္စချန်း...ကျွန်တော်က ချီရှန်ပါ...မှတ်မိရဲ့လားမသိဘူး "


 " မှတ်မိတာပေါ့... ကျွန်မဘာကူညီပေးရမလဲ "  


ချန်းဟွမ်က အနည်းငယ် စိုးရိမ်နေပုံရလေ၏။


ချီရှန်သည် ကျန်းမင်ယွမ်၏လက်ထောက်ဖြစ်ကြောင်း သူမ သိသည်။ 


ကျန်းမင်ယွမ်များ တစ်ခုခုဖြစ်လေသလား။


ချီရှန်က အဘယ်ကြောင့် ဖုန်းခေါ်လာရသနည်း။


ထိုအခိုက်အတန့်တွင် ချန်းဟွမ်၏ခေါင်းထဲ၌ အစရှိသောမေးခွန်းများဖြင့် ပြည့်နှက်ကုန်၏။


 "ဟုတ်ကဲ့ဗျ... သူဌေးက နည်းနည်းသောက်ထားလို့ မူးနေတယ်... သူကအိမ်မှာ တစ်ယောက်တည်းဆိုတော့ နည်းနည်းလောက် ဂရုစိုက်ပေးဖို့ အဆင်ပြေမလားလို့ပါ...တခြားလုပ်စရာဘာမှမရှိပါဘူး...ကျွန်တော်ထားခဲ့တဲ့ စွပ်ပြုတ်လေး ဝင်အောင်တိုက်ပေးရုံပါပဲ "


 “ကောင်းပါပြီ ”  ချန်းဟွမ်က တစ်စက္ကန့်ပင်မဆိုင်းဘဲ ချက်ချင်းသဘောတူညီလိုက်သည်။


ထို့နောက်ဖုန်းချလိုက်ပြီး သော့ကိုကိုင်ကာ အပေါ်ထပ်သို့ တက်လာခဲ့တော့၏။


Xxxxxx