Chapter 217
ချန်းဟွမ် အပေါ်ထပ်သို့တက်လာချိန်တွင် ကျန်းမင်ယွမ် သည် မျက်လုံးများကိုမှိတ်ထားကာ ဆ်ိုဖာပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ကျန်းမင်ယွမ်သည် မျက်မှောင်ကြုတ်ထားပြီး အဆင်ပြေနေပုံမရပေ။
ချီရှန်လုပ်ထားခဲ့သော အမူးပြေစွပ်ပြုတ်သည်လည်း ပုံစံမပျက် ရှိနေသေး၏။
ချန်းဟွမ်သည် ပန်းကန်လုံးဘေးကို ကိုင်ကြည့်လိုက်သည်။အပူချိန်မှာအနေတော်ဖြစ်ပြီး စွပ်ပြုတ်သောက်ရန်အချိန်ကောင်းဖြစ်လေ၏။
ချန်းဟွမ်သည် ကျန်းမင်ယွမ်ထံသို့ လျှောက်လှမ်းသွားပြီး လက်နှင့် အနည်းငယ် တွန်းကာ နှိုးလိုက်သည်။
"ကျန်းမင်ယွမ်..."
သို့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရရှိပေ။
ခဏအကြာတွင် ကျန်းမင်ယွမ်သည် မျက်လုံးပွင့်လာခဲ့ပြီး
ချန်းဟွမ်ကို စူးရဲစွာစိုက်ကြည့်နေလေသည်။
"ရှင့်ရဲ့လက်ထောက်က ရှင်မူးနေလို့ကျွန်မကို ကြည့်ပေးဖို့အကူအညီတောင်းထားတာ"
ချန်းဟွမ်သည် ကျန်းမင်ယွမ်၏အနားသို့ တိုးကပ်လာလေ၏။
"ဒီမှာ စွပ်ပြုတ်သောက်လိုက် "
ကျန်းမင်ယွမ် သူမပြောသမျှကို မတုံ့ပြန်ဘဲ လေးလေးနက်နက် ကြည့်နေခဲ့ပြန်သည်။
သူ၏ မျက်တောင်ခတ်သည့်အရှိန်သည် သာမန်ထက်နှေးကွေးနေ၏။ ချန်းဟွမ်က ကျန်းမင်ယွမ်ထံမှ အဖြေကို ခဏတာ စောင့်နေခဲ့သည်။ ထို့နောက် သူမသည် တစ်ဖက်သို့လှည့်ကာ စားပွဲပေါ်မှစွပ်ပြုတ်ပန်းကန်ကို ယူရန်ပြင်လိုက်လေ၏။
ထိုတဒင်္ဂတွင် လက်တစ်ဖက်က အနောက်မှနေ၍ သူမ၏ခါးကိုသိုင်းဖက်လာတော့သည်။
ချန်းဟွမ်တစ်ယောက် ကျန်းမင်ယွမ်၏လက်မောင်းကြားထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရလေ၏။
သူမသည် အခြေအနေကိုသဘောပေါက်သွားပြီး ရုန်းကန်ရန်ကြိုးစားသော်လည်း မအောင်မြင်တော့ပေ။
ချန်းဟွမ်သည် ကျန်းမင်ယွမ်၏လက်မောင်းကို ဖြေလျှော့စေရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့ပြီး ကြံရာမရသည့် အဆုံးတွင် ကျန်းမင်ယွမ်၏ပုခုံးအား လှမ်းထုလိုက်လေသည်။
"ကျန်းမင်ယွမ်... ဒီလိုတွေလုပ်နေတာက အဆင်မပြေဘူးနော်"
ကျန်းမင်ယွမ်က ချန်းဟွမ်၏ပုခုံးပေါ်၌မေးတင်လာပြီး သက်ပြင်းချလိုက်၏။ထို့နောက် ခပ်တိုးတိုးပြောလာသည်။
“မလှုပ်နဲ့”
ကျန်းမင်ယွမ်၏ဝင်လေထွက်လေမှာ အရက်နံ့ထွက်နေလေ၏။ထိုအနံ့က ချန်းဟွမ်အား မျက်မှောင်ကြုတ်မိသွားစေသည်။ သူမသည် ထိုလက်မောင်းကို ဖယ်ထုတ်ရန် ပို၍ပင် အားစိုက်ထုတ်ခဲ့သော်လည်း နောက်လက်တစ်ဖက်ဖြင့်ပါ သိုင်းဖက်ခြင်းခံလိုက်ရတော့၏။
"ကျန်းမင်ယွမ်...ရှင်မူးချင်ယောင်ဆောင်နေတာလား"
ချန်းဟွမ်က မတိုးမကျယ်သောလေသံဖြင့်
မကျေမနပ်ပြောလိုက်သော်လည်း ထိုလူသည် တူညီသော အနေအထားတွင်သာ ဆက်လက်ရှိနေပေသည်။
သူမသည် အစောပိုင်းက လွတ်မြောက်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်သောကြောင့် လက်လျှော့ခဲ့ရပေ၏။ပခုံးပေါ်ရှ်ိခေါင်း၏အလေးချိန်သည် သက်တောင့်သက်သာဖြစ်သောကြောင့် ချန်းဟွမ်က အနောက်သို့တွန်းလွှတ်နိုင်လိုက်သည်။သို့သော်လည်း ကျန်းမင်ယွမ်က ထပ်မံမှီချလာပြန်လေ၏။
"ဒီမှာ...ရှင်ဘာလုပ်ဖို့ကြံနေတာလဲ"
ချန်းဟွမ်သည် အဆိုးဆုံးအခြေအနေအထိ မျှော်လင့်ထားပြီး ထိုယောက်ျားက သူမအား အတင်းအကြပ် ဖိအားပေးလာပါက မည်သို့ဆက်လုပ်ရမည်ကိုတွေးတောနေမိသည်။
သူမ၏ကျောဘက်မှလူသည် အရုန်းမခံသော်လည်း အခြားမည်သည့်အရာကိုမျှ ဆက်လုပ်ရန် ကြိုးစားခြင်းမရှိခဲ့ပေ။
ကျန်းမင်ယွမ်သည် တူညီသောအနေအထားတွင်သာ အချိန်အတော်ကြာရှိနေခဲ့ပြီး ချန်းဟွမ်အား ခပ်တိုးတိုး
ပြောလာလေသည်။
“လက်ထပ်ချင်တယ်”
“…....…”
ဤလူသည် အမှန်တကယ်ပင်မူးနေသလော။
မဟုတ်လျှင် မူးချင်ယောင်ဆာင်နေခြင်းလော။
ချန်းဟွမ်ဝေခွဲမရနိုင်တော့ပေ။
ကျန်းမင်ယွမ်သာ အမှန်တကယ်မမူးလျှင် လက်ရှိအခြေနေကို အခွင့်ကောင်းယူလောက်မည်ဟု ချန်းဟွမ်ကတွေးထားလေသည်။
သို့သော်လည်း အမှန်အကန်ပင် အရက်မူးနေသည်ဆိုပါက ကျန်းမင်ယွမ်၏မူးနေစဉ်အပြုအမူကိုမေးခွန်းထုတ်ရန်လိုလာပေသည်။
သံသယရှိနေသောချန်းဟွမ်က ကျန်းမင်ယွမ်အား စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့၏။ သူမက အနောက်သို့လှည့်လိုက်ပြီး ကျန်းမင်ယွမ်ကိုကြည့်လျက်မေးသည်။
"ဘာလို့ လက်ထပ်ချင်တာလဲ"
ချန်းဟွမ်၏လေသံတွင် ရွှင်မြူးနေသောအငွေ့အသက်များပါနေပြီး ဤသည်ကို သူမကိုယ်တိုင်လည်းသတိပြုမိလေ၏။
ထို့ကြောင့်ချန်းဟွမ်က လည်ချောင်းရှင်းပြီး သူမ၏လေသံကိုမသိမသာ ပြန်ထိန်းလိုက်သည်။
သို့သော် အရက်မူးသမားက ထိုအရာကို သတိမထားမိချေ။
ကျန်းမင်ယွမ်က ခေါင်းတဆစ်ဆစ် ကိုက်နေသည့်ကြားကပင် အဖြေကို စဉ်းစားလိုက်သေးသည်။
“ငါတို့ လက်ထပ်လိုက်ရင် တစ်သက်လုံး အတူတူ နေသွားလို့ရတယ် .....မဟုတ်သေးဘူး”
ကျန်းမင်ယွမ်က တစ်ကိုယ်တည်းပြောပြီး တစ်ကိုယ်တည်းပြန်ငြင်းလေ၏။
သူသည် မျက်မှောင်ကြုတ်ကာ ချန်းဟွမ်၏ခါးအားပို၍တင်းတင်းကြပ်ကြပ်ဖက်တွယ်လာပေသည်။
ကျန်းမင်ယွမ်၏အသက်ရှူသံက ပိုပြင်းလာပြီး သူက အံကိုအနည်းငယ်ကြိတ်လျက်ပြောလာ၏။
"လက်ထပ်ရုံနဲ့မလုံလောက်ဘူးပဲ"
ကျန်းမင်ယွမ်၏လေသံတွင် နာကျင်မှုအငွေ့အသက်များပျော်ဝင်နေလေသည်။
ထိုစကားအား ပြောနေစဉ်တွင် ကျန်းမင်ယွမ်သည် မည်သူ့အကြောင်းကို တွေးနေခဲ့မှန်း ချန်းဟွမ်မသိပေ။
သို့သော်လည်း သူမရင်ဘတ်ထဲတွင် လေးလံသော ခံစားမှုတစ်ခုခုကို ခံစားလိုက်ရသည်။
ချန်းဟွမ်ကပါးစပ်ဟလိုက်သော်လည်း ဘာမှဆက်မပြောနိုင်ခဲ့ပေ။သူမက အရှေသို့ပြန်လှည့်ပြီး အလိုက်သင့်လေးနေပေးလိုက်သည်။
ကျန်းမင်ယွမ်သည်လည်း အလားတူပင်နှုတ်ဆိတ်နေခဲ့ပြီး ချန်းဟွမ်ကိုသာ တင်းကြပ်စွာဖက်ထားလေ၏။
ချန်းဟွမ်သည် ထိုနေရာတွင် အချိန်အတော်ကြာ ထိုင်နေခဲ့ပြီးနောက် ခြေထောက်များထုံကျင်လာခဲ့သည်။
သူမသည် ကျန်းမင်ယွမ်အိပ်ပျော်နေပြီအမှတ်နှင့် ခပ်သာသာရုန်းထွက်ရန်ကြိုးစားလေ၏။
သို့သော်လည်း တစ်ဖက်လူမှာ အိပ်မပျော်သေးကြောင်း သိလိုက်ရသည်။
"မလှုပ်နဲ့"
ကျန်းမင်ယွမ်ကပြောပြောဆိုဆိုဖြင့် ချန်းဟွမ်အား ပို၍တင်းကြပ်စွာပြန်ဖက်ထားလေ၏။
သူ၏ခေါင်းက ချန်းဟွမ်၏လည်တိုင်နှင့် ပ်ို၍နီးကပ်လာသည်။ကျန်းမင်ယွမ်၏ဝင်လေထွက်လေက ချန်းဟွမ်၏လည်ပင်းသို့ရိုက်ခတ်နေလေသည်။
"ငါနဲ့ အတူတူနေပေးပါ....တစ်သက်လုံးနော် ...
ဟုတ်ပြီလား "
ကျန်းမင်ယွမ်က ချန်းဟွမ်အားပြောလာ၏။
သူ၏နှာတံဖျားက ချန်းဟွမ်၏မေးစေ့နှင့် ထိနေလေသည်။မူးနေသော ကျန်းမင်ယွမ်၏လေသံက ဆွဲဆောင်မှုရှိလှ၏။
ထိုစကားအားကြားရချိန်တွင် ချန်းဟွမ်သည် ထပ်မံမငြင်းဆန်နိုင်တော့ပေ။သူမက ခဏတာ နှုတ်ဆိတ်နေရာမှ
" အင်းပါ " ဟုပြန်ဖြေလိုက်လေသည်။
ဘဝဆိုသည်မှာရှည်ကြာလွန်းပြီး အနာဂါတ်ကို မမြင်နိုင်ပေ။သို့သော်လည်း ချန်းဟွမ်သည် လက်ရှိအချိန်တွင် တစ်စုံတစ်ခုကို ကြိုးစားကြည့်ရန် ဆန္ဒရှိလေ၏။
Xxxxxx
Chapter 218
ဆန္ဒရှိသောအဖြေကို ကြားလိုက်ရသည့် ကျန်းမင်ယွမ်က အနည်းငယ်သိမ်မွေ့ လာသည်။ချန်းဟွမ်၏ခါးကို ဖက်ထားသည့်လက်က အနည်းငယ်ပြေလျော့လာ၏။
နောက်ဆုံးတွင် ချန်းဟွမ် အနည်းငယ်လှုပ်ရှားနိုင်သွားပေပြီ
သူမ ကျန်းမင်ယွမ်၏ပေါင်ဖြင့်အညှပ်ခံထားရ၍ ထုံကျင်နေသောသူမ၏ခြေထောက်ကိုဆွဲထုတ်လိုက်ပြီး ခေတ္တအနားပေးလိုက်လေ၏။
ကျောဘက်မှလူက ခွေးပေါက်ကလေးတစ်ကောင်သဖွယ် ချန်းဟွမ်၏လည်ဂုတ်အား နမ်းရှုံ့နေပေသည်။
ချန်းဟွမ် သူမ၏ခါးပေါ်၌ရှိနေသော ကျန်းမင်ယွမ်၏လက်ကို ပုတ်ထုတ်လိုက်၏။
ထိုအခါ ကျန်းမင်ယွမ်က ငြီးတွားလိုက်ပြီး ချန်းဟွမ်၏လည်ပင်းကို ထိနေသည့် သူ့နှုတ်ခမ်းများကလည်း အနည်းငယ် လှုပ်ရှားသွားတော့သည်။
"လွှတ်ပါ...ဒီစွပ်ပြုတ်ကို အရင်သောက်လိုက် "
“အမ်း......”
ထိုအသံသည် ကျန်းမင်ယွမ်ထံမှ ထပ်တူညီသော ညဉ်းညူသံပင်ဖြစ်လေသည်။ဤတစ်ခေါက်၌ သူသည် ချန်းဟွမ်၏စကားကို နားဝင်သွားပုံရ၏။ ခဏအကြာတွင် ချန်းဟွမ်၏ခါးကို သိုင်းဖက်ထားသော ကျန်းမင်ယွမ်၏လက်များက ပြေလျော့ကုန်တော့သည်။
ချန်းဟွမ်က ချက်ချင်းထရပ်လိုက်ပြီး သူမ၏ခြေထောက်များတောင့်တင်းမှုကို သက်သာစေရန် ခြေလှမ်းအနည်းငယ်လှမ်းလိုက်၏။ သူမက သက်ပြင်းအရှည်ကြီးချလိုက်ပြီး စွပ်ပြုတ်ပန်းကန်ကို ယူကာ အပူချိန်ကို စစ်ဆေးကြည့်သည်။
စွပ်ပြုတ်သည် အေးစက်နေပြီဖြစ်လေ၏။
သောက်ရန်အဆင်မပြေတော့သည့်အတွက် ချန်းဟွမ်က စွပ်ပြုတ်အသစ်တစ်ပွဲပြင်ဆင်ပေးရန် စီစဉ်ခဲ့သည်။
သူမသည်လက်ထဲတွင် ပန်းကန်လုံးကို ကိုင်ထားလျက် ကျန်းမင်ယွမ်ဘက်သို့လှည့်ကြည့်ကာ ပြောလေ၏။
" ဒီမှာ ခဏစောင့်...ကျွန်မရှင့်အတွက် စွပ်ပြုတ်ထပ်လုပ်ပေးမယ် "
ကျန်းမင်ယွမ်က တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ ချန်းဟွမ်ကိုသာ စူးရဲစွာစိုက်ကြည့်နေပြန်သည်။ ချန်းဟွမ် လှည့်ထွက်သွားချိန်တွင် ကျန်းမင်ယွမ်ကလည်အနောက်မှ ထပ်ကြပ်မကွာလိုက်လာခဲ့လေ၏။
သူက အရက်မူးပြီး ဟန်ချက်ညီမနေချေ။
ကျန်းမင်ယွမ်က အမြန်ရောက်လိုဇောဖြင့် ယက်ကန်ယက်ကန်သွားနေသောကြောင့် ဖန်သားစားပွဲနှင့်ဝင်တိုက်မိသွားပြီး ဒူးတစ်ဖက်အီစိမ့်သွားလေ၏။
ကျန်းမင်ယွမ်က မျက်မှောင်ကြုတ်ကာ အောက်ကိုငုံ့လျက် ထိုဒူးကို ပွတ်သပ်နေသည်။ထို့နောက် အရှေ့သို့ ဆက်လျှောက်သွားခဲ့၏။
ချန်းဟွမ်သည် မီးဖိုချောင်ထဲသို့ဝင်ကာ ကျန်းမင်ယွမ်၏ရေခဲသေတ္တာကိုဖွင့်ကြည့်သည်။
ထိုအခါ ကူရာကယ်ရာမဲ့သော ခံစားချက်မျိုးကို ခံစားလိုက်ရတော့၏။
ကျန်းမင်ယွမ်သည် သူ၏အိမ်၌ တစ်ခါမှ ကိုယ်တိုင်ချက်မစားဖူးပုံရသည်။ သူ၏ရေခဲသေတ္တာက ဗလာကျင်းလုနီးနီးဖြစ်နေပြီး ရေတစ်ဘူးပင်မရှိချေ။
ထို့ကြောင့် အမူးပြေစွပ်ပြုတ်ချက်ရန် အသင့်သုံးပါဝင်ပစ္စည်းများပါဝင်သည့် အစိမ်းရောင်ဘူးသည် မျက်စိကျစရာဖြစ်လာပေသည်။
ထိုဘူးသည် အလွန်မကြီးဘဲ လက်ဖဝါးအရွယ်သာရှိပေ၏။ အတွင်း၌ ပါဝင်ပစ္စည်းများကို သပ်သပ်စီခွဲထားပြီး လိုအပ်သည့်အခါ အသင့်ထုတ်ယူလိုက်ရုံပင်။
ချန်းဟွမ်က ညွှန်ကြားချက်များကိုဖတ်ပြီး ပါဝင်ပစ္စည်းများကို ထုတ်ယူကာ မီးဖိုကို ဖွင့်လိုက်သည်။
သူမ စွပ်ပြုတ်ချက်နေစဉ်တွင် ကျန်းမင်ယွမ်သည်
လူတစ်ကိုယ်စာအရွယ် ရေငတ်နေသော ကပ်ပါးကောင်သဖွယ် အနောက်မှ လိုက်ကပ်နေခဲ့လေ၏။
ချန်းဟွမ် ကျောဘက်မှလူ၏ နှောင့်ယှက်မှုကိုကြံ့ကြံ့ခံရင်း မီးဖိုပေါ်ရှိစွပ်ပြုတ်အိုးကို စောင့်ကြည့်နေခဲ့ရသည်။
စွပ်ပြုတ်အဆင်သင့်ဖြစ်သောအခါတွင် ကျန်းမင်ယွမ်က ကိုယ်ပိုင်အသိစိတ်ဖြင့် ဆေးကြောရန် အိုးကိုလှမ်းယူလေသည်။သူသည် ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေသည်ကို မေ့သွားပုံရလေ၏။
ဘေစင်၌ရေမြှုပ်ပင်မဆိုထားနှင့်ပန်းကန်ဆေးဆပ်ပြာရည်ပင် ရှိမနေချေ။
ထိုလူသည် အိုးကိုမဆေးကြောမီ လက်ထဲတွင် ကိုင်ထားလျက် မင်သေသေဖြင့်ရပ်နေလေသည်။
ချန်းဟွမ်သည် ထိုအခိုက်အတန့်ကို သဘောတကျဖြစ်နေပြီးနောက် နောက်ဆုံးတွင် သူမကိုယ်တိုင် ကျန်းမင်ယွမ်အား သတိပေးခဲ့လေသည်။
“ထားလိုက်ပါ....ရှင့်မှာ အိမ်အကူမရှိဘူးလား... ဆေးစရာမလိုဘူး ”
ချန်းဟွမ်သည် ကျန်းမင်ယွမ်လက်ထဲမှအိုးကိုချစေ၏။
ထို့နောက် ကျန်းမင်ယွမ်၏ပုခုံးကိုလှမ်းပုတ်လေသည်။
ချန်းဟွမ်သည် စွပ်ပြုတ်ချက်ရာတွင် ရေအလွန်အကျွံမသုံးခဲ့ဘဲ အပူချိန်သည်လည်း အနေတော်ပင်ဖြစ်ပေ၏။
ကျန်းမင်ယွမ်က အိုးကိုချထားလိုက်ပြီး ချန်းဟွမ်ထံမှ ပန်းကန်ကိုလှမ်းယူလိုက်သည်။
ထို့နောက်အညိုရောင်သမ်းပြီး အနံ့လှိုင်နေသော
စွပ်ပြုတ်ကို တစ်ကျိုက်တည်းမော့ချလိုက်လေ၏။
အရက်နာကျခြင်းကို သက်သာစေသည့်စွပ်ပြုတ်သည် ပုံပန်းသဏ္ဍာန်နှင့် အနံ့အသက်သိပ်မကောင်းသော်လည်း အလွန်ထိရောက်သည်။စွပ်ပြုတ်သောက်ပြီး မကြာခင်၌ပင် ကျန်းမင်ယွမ် ခေါင်းကိုက်သက်သာသွားတော့၏။သူ၏ကြုတ်ထားသော မျက်မှောင်သည်လည်း အနည်းငယ်ပြေလျော့သွားကာ အိပ်ငိုက်လာလေသည်။
ကျန်းမင်ယွမ်က ပန်းကန်လုံးကိုချလိုက်ပြီး
ချန်းဟွမ်၏လည်ဂုတ်အားသိုင်းဖက်လိုက်တော့၏။ထို့နောက် အပြင်ဘက်သို့ လျှောက်သွားလျက် ပြောလေသည်။
"သွားအိပ်ရအောင် "
"ဟေး ဟေး ဟေး..."
ချန်းဟွမ်၏မျက်လုံးမှာ ကျန်းမင်ယွမ်၏လက်ဖြင့်ကွယ်နေပြီး သူမသည် ဦးတည်ရာကို သေချာမမြင်ရချေ။
ချန်းဟွမ်က အော်နေသော်လည်း ကျန်းမင်ယွမ်က မရပ်တန့်ပေ။
သူက ချန်းဟွမ်အား ထိုအဆင်မပြေသည့် အနေအထားဖြင့်သာ အိပ်ခန်းဆီသို့ ဆက်လက်ခေါ်ဆောင်သွားခဲ့လေသည်။
Xxxxxx