Chapter 219
ချန်းဟွမ် ကျန်းမင်ယွမ်၏အခန်းတွင်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်
ကျန်းမင်ယွမ်ကဲ့သို့ပင် သူ့အိပ်ခန်းအပြင်အဆင်ကလည်း အေးစက်နေပေ၏။
နေရာတိုင်းတွင် အနက်ရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်တို့ကိုသာမြင်နိုင်သည်။ ဟိုတယ်အခန်းထက်ပင် ပိုဆိုးသေး၏။
အခန်းထဲသို့ ဝင်လာကာ တံခါးကိုပိတ်ပြီးနောက် ကျန်းမင်ယွမ် ချန်းဟွမ်အား ရေချိုးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
သူ ချန်းဟွမ်အားတစ်ဖက်တွင် ရပ်နေစေကာ သွားအရင်စတိုက်လေ၏။
ဘေးတွင်ရပ်လျက်အနေအထားရှိနေသောချန်းဟွမ်သည်
လူစင်စစ်မှ အခန်းတွင်းအပြင်အဆင်တစ်ခုဖြစ်သွားသည့်သဖွယ် ခံစားလိုက်ရသည်။
ကျန်းမင်ယွမ်သည် သူမအား မျက်စိအောက်မှ အပျောက်မခံဘဲ မျက်နှာသစ်နေသည့်ကြားကပင် မရမက လှည့်လှည့်ကြည့်နေပေ၏။
ကျန်းမင်ယွမ် ဆေးကြောသန့်စင်ပြီးနောက် ရေချိုးရန်အတွက် အဝတ်အစားများကို ချွတ်ရန်ပြင်တော့သည်။သူသည် အင်္ကျီလက်မှကြယ်သီးများကိုဖြုတ်လိုက်ပြီးအပေါ်မှကုတ်ကိုချွတ်လိုက်၏။ထို့နောက် လည်စည်းကိုဖြည်ပြီး စောစောကချွတ်ထားသောအင်္ကျီပေါ်သို့ ပစ်တင်လိုက်သည်။
ကျန်းမင်ယွမ်သည် ရှပ်အင်္ကျီပေါ်မှ ကြယ်သီးများအား တစ်လုံးချင်းဖြုတ်နေလေ၏။
ထိုအခါ သူ၏ညှပ်ရိုးများနှင့် ပုံစံကျနသော ဝမ်းဗိုက်ကြွက်သားများက ပေါ်လာလေသည်။
ဝမ်းဗိုက်ကြွက်သားများ၏အောက်ခြေရှိ ဆီးခုံကြွက်သားများသည်လည်း အမြှောင်းလိုက်ထနေကာ အောက်မှဘောင်းဘီထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပေ၏။
အဖြူရောင်ရှပ်အင်္ကျီသည် ရေချိုးခန်းကြမ်းပြင်ပေါ်သို့ ကျသွားပြီး ချန်းဟွမ်က တံတွေးမျိုချလိုက်သည်။
သူမသည် ထိုမြင်ကွင်းကိုမကြည့်မိစေရန်ထိန်းချုပ်ကာ အဝေးတစ်နေရာသို့ အကြည့်လွှဲလိုက်လေ၏။ထို့နောက် တုန်ယင်နေသောလေသံဖြင့်ပြောသည်။
"ကျွန်မ အပြင်ထွက်တော့မယ်"
ကျန်းမင်ယွမ် မည်သည်ကိုမှ မတုံ့ပြန်နိုင်သေးမီမှာပင် ချန်းဟွမ်သည် ရေချိုးခန်းထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ သူမသည် ပိတ်ချလိုက်သောတံခါးကို ပြန်မှီပြီး သက်ပြင်းတစ်ချက်ချလေ၏။
“ကျွန်မ သွားတော့မယ်... ရေချိုးပြီးရင် အိပ်လိုက်တော့"
ချန်းဟွမ်သည် ကျန်းမင်ယွမ်အားလှမ်းပြောပြီးနောက် လိုက်ဖမ်းခံနေရသည့်သူတစ်ဦးသဖွယ် တိုက်ခန်းထဲမှ ပြေးထွက်လာခဲ့သည်။
ရေချိုးခန်းထဲမှထွက်ခွာသွားသောချန်းဟွမ်၏ခြေသံက ပိုပို၍ဝေးကွာသွားတော့၏။ကျန်းမင်ယွမ်သည် လုပ်လက်စများကိုခဏရပ်ပြီး တံခါးကိုစိုက်ကြည့်နေလျက် ပြုံးလေသည်။ထို့နောက် ချွတ်စရာရှိသည်များကို ဆက်ချွတ်တော့၏။
သူ မူးနေသော်လည်း ချီရှန်ထင်သလောက်မဆိုးရွားပေ။ချန်းဟွမ်ရောက်လာသောအခါတွင် ကျန်းမင်ယွမ်သည် အနည်းငယ် သတိရှိနေသေးသည်။သို့သော်လည်း အရက်မူးနေသည်ကိုအခွင့်ကောင်းယူ၍ လုပ်ချင်ရာလုပ်ခွင့်ရလိုက်ပေ၏။
ထိုနည်းလမ်းက အလွန်အလုပ်ဖြစ်ပုံရသည်။
ကျန်းမင်ယွမ်သည် ရေပန်းအောက်တွင် ဆက်လက်ရပ်နေခဲ့၏။ခေါင်းမော့လိုက်သောအခါ ရေများက မျက်နှာပေါ်သို့ တိုက်ရိုက်စီးဆင်းလာကြသည်။သူသည် အနည်းငယ်မူးဝေနေပြီး သာမန်ကဲ့သို့ ဟန်ချက်ညီမနေပေ။ ရေအချို့သည် သူ၏လေပြွန်ထဲသို့ အမှတ်မထင်ဝင်ရောက်သွားပြီး ပြင်းထန်စွာ ချောင်းဆိုးလာသည်။
သို့သော်လည်း ကျန်းမင်ယွမ်က ချောင်းဆိုးလျက် ပြုံးဖြီးနေလေ၏။
***
တစ်ဖက်တွင် ချန်းဟွမ်သည် ဖြစ်ပျက်ခဲ့သည့်အရာများကို မေ့ဖျောက်၍မရနိုင်ပေ။
အရာအားလုံးက သူမ၏ခေါင်းထဲတွင် ရှင်းလင်းနေပြီး မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပုံရိပ်အားလုံးက ဦးနှောက်တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
ချန်းဟွမ် မိုးလင်းချိန်အထိ ညလုံးပေါက် ရုပ်ရှင်ကြည့်နေခဲ့သည်။
နှိုးစက်သံတိတ်သွားသောအခါ ချန်းဟွမ်က နဖူးပေါ်လက်တင်ပြီး အိပ်ရာပေါ်သို့လှဲချလိုက်၏။
သူမသည် အနည်းငယ် မူးဝေပြီး အိပ်ငိုက်နေပြီဖြစ်လေသည်။ချန်းဟွမ်က စောင်ကိုဆွဲတင်ပြီး အိပ်စက်ရန်ကြိုးစားလိုက်၏။
သူမသည် မည်မျှပင် ပင်ပန်းနေခဲ့သနည်း။
ဤတစ်ကြိမ်၌ ချန်းဟွမ်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ အိပ်စက်နေသောချန်းဟွမ်အား
တံခါးခေါက်သံကပင် နိုးထစေခြင်းမရှိခဲ့ပေ။
***
ရှင်းရှင်းလေး စောစောနိုးလာသော်လည်း တစ်အိမ်လုံး တိတ်ဆိတ်နေသည်ကိုသာ တွေ့လိုက်ရ၏။
ခါတိုင်းကဲ့သို့ မနက်စာနံ့လည်းရမနေချေ။
ရှင်းရှင်းက ဖိနပ်သေးသေးလေးကို စီးပြီး မီးဖိုချောင်ဘက်သို့ လှမ်းကြည့်သည်။
သူသည် စားစရာမရှိမှန်းအတည်ပြုပြီးနောက် အိပ်ခန်းတံခါးကိုဖွင့်ကာ အထဲသို့လှမ်းဝင်လိုက်၏။
တံခါးလက်ကိုင်ဘုကို ထိလိုက်သည်နှင့် ရှင်းရှင်းက တစ်စုံတစ်ခုကိုသတိရသွားတော့သည်။
သူသည် အဖေဖြစ်သူကိုအတုယူကာ တံခါးသုံးချက်ခေါက်လိုက်၏။
အတွင်းမှ တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိခဲ့ပေ။
ရှင်းရှင်းသည် ခဏတာစောင့်နေခဲ့ပြီးနောက် တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ၀င်သွားခဲ့သည်။
မာစတာအိပ်ခန်းထဲမှ ကုတင်က အတော်ကျယ်လေ၏။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကုတင်အလယ်ရှိ တောင်ပို့သဖွယ်ဘုလုံးကြီးတစ်ခုကို တွေ့ရသည်။ ရှင်းရှင်းက ကုတင်ပေါ်သို့ တက်လိုက်၏။ နောက်ဆုံး၌ သူသည်
စောင်ပုံအောက်တွင်နစ်နေသော အမေဖြစ်သူ၏မျက်နှာတစ်ခြမ်းကိုရှာဖွေတွေ့ရှိခဲ့လေသည်။
ရှင်းရှင်းက ခေါင်းကို ငုံ့ထားပြီး ချန်းဟွမ်အား အကြိမ်အနည်းငယ် ခပ်တိုးတိုးလေးခေါ်၏။
သို့သော်လည်း အမေဖြစ်သူက နိုးမလာသဖြင့် လက်လျှော့လိုက်ရလေသည်။ရှင်းရှင်းသည် ကုတင်ပေါ်မှ ပြန်ဆင်းကာ အိပ်ခန်းထဲမှထွက်လာပြီး တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်၏။
Xxxxx
Chapter 220
ယခင်ကလည်း ချန်းဟွမ်မထနိုင်ခဲ့သည့်အချိန်များရှိခဲ့ရာ ရှင်းရှင်းသည် အစားအသောက်အား ကိုယ်တိုင်အနည်းအကျဉ်းစီစဉ်တတ်နေပြီဖြစ်သည်။
သူသည် ထိုင်ခုံးသေးသေးလေးကိုခု၍ ရေခဲသေတ္တာရှေ့၌ ရပ်လေ၏။ထို့နောက်ရေခဲသေတ္တာကိုဖွင့်ကာ နွားနို့ဘူးနှင့် ကိတ်မုန့်တစ်လုံးကို ဆွဲထုတ်လိုက်သည်။ရှင်းရှင်းက ပန်းကန်လုံးတစ်လုံးထဲသို့ ရေနွေးဖြည့်ပြီး နွားနို့ဘူးကို ထိုထဲသို့ထည့်လိုက်၏။
ထို့နောက် ဇွန်းတစ်ချောင်းယူပြီး ကိတ်မုန့်အား တစ်ဇွန်းကော်စားသည်။အလွန်ပင်အရသာရှိလှပေ၏။
ရှင်းရှင်းက မျက်လုံးများမှိတ်၍ ကိတ်မုန့်ကိုဖြည်းဖြည်းချင်းဝါးနေလေသည်။
များသောအားဖြင့် ချန်းဟွမ်သည် ရှင်းရှင်းအား အချိုများအလွန်အကျွံစားရန် ခွင့်မပြုထားချေ။
ထို့ကြောင့်ရှင်းရှင်းသည် ကိတ်မုန့်စားရသည့်အခွင့်အရေးကို အလွန်တန်ဖိုးထားခဲ့သည်။ အိမ်ရှေ့မှ အသံဗလံများကိုကြားလိုက်ရချိန်တွင် ရှင်းရှင်းသည် ကိတ်မုန့်နှစ်ဇွန်းခန့်သာစားရသေး၏။ ကလေးလေးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လက်ထဲမှဇွန်းကိုချကာ ခုံပေါ်မှဆင်းသွားသည်။
သူ ကြည့်လိုက်သောအခါ ကျန်းမင်ယွမ်က အိမ်ထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရလေ၏။
အရက်ကြောင့် ထုံထိုင်းနေသော ကျန်းမင်ယွမ်သည် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် အိပ်မပျော်ခဲ့ပေ။ ခြုံငုံပြောရလျှင် အရက်နာကျခြင်းသည် မသက်သာပါ။နိုးလာချိန်တွင် ခေါင်းကိုက်နေသေးပြီး ခြေလက်များမှာလည်း အနည်းငယ်ကိုက်ခဲနေသေးသည်။ သူ၏ခန္ဓာကိုယ်ထဲ၌ အရက်တချို့ ကျန်နေသေးသည် ဖြစ်မည်။
သူသည် မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်သည်။
ချန်းဟွမ်က သူ၏ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သတိရမိသွားသောအခါ ကျန်းမင်ယွမ်၏ရင်ထဲတွင် မီးတောက်လောင်နေသလို ခံစားလိုက်ရလေ၏။
ကျန်းမင်ယွမ်သည် ချန်းဟွမ်ဖြေလိုက်သောအဖြေ၏အတိမ်အနက်ကို မှန်းဆနေမိသည်။
သူသည် မနေ့ညက အရက်မူးနေခဲ့သောကြောင့် ချန်းဟွမ်က ခပ်ပေါ့ပေါ့သာဖြေလိုက်ခြင်းဖြစ်နေမည်ကိုလည်း စိုးရိမ်နေမိရှာလေ၏။
ကျန်းမင်ယွမ်သည် တတ်သမျှ အသင့်ပြင်ဆင်ပြီး အောက်ထပ်သို့ အမြန်ဆုံးဆင်းလာခဲ့သည်။
သို့သော်လည်း အိမ်တံခါးရှေ့သို့ ရောက်သွားသောအခါ တုံ့ဆိုင်းသွားလေ၏။
ကျန်းမင်ယွမ်သည် ဓာတ်လှေကားရှေ့သို့ပြန်သွားပြီး တံခါးပေါ်တွင်ရောင်ပြန်ဟပ်နေသောသူ၏ပုံစံကိုကြည့်လျက် ဆံပင်ကိုအနည်းငယ်သပ်တင်လိုက်သည်။
ကျန်းမင်ယွမ်ထံတွင် ချန်းဟွမ်အား ပြောစရာအများအပြားရှိနေ၏။သို့သော်လည်း တိုက်ခန်းထဲသို့ဝင်လာချိန်တွင် နှုတ်ခမ်းထောင့်၌ ခရင်မ်များကပ်နေသောရှင်းရှင်းကိုသာ တွေ့လိုက်ရပေသည်။
ကလေးလေးက ထိုင်ခုံပေါ်သို့ပြန်တက်ပြီး ကိတ်မုန့်ဆက်မစားမီ " ဖေဖေ " ဟုလှမ်းခေါ်ရှာ၏။
ကျန်းမင်ယွမ်သည် ရှင်းရှင်း ကိတ်မုန့်စားနေသည်ကိုမြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားတော့သည်။
"မနက်စာကို ဘာလို့ဒီလိုစားနေတာလဲ...မေမေရော ဘယ်မှာလဲ"
"မေမေက အိပ်နေသေးလို့ နှိုးမရဘူး "
ရှင်းရှင်းက ကိတ်မုန့်နောက်တစ်ဇွန်းစားရန်ပြင်လိုက်သော်လည်း ကျန်းမင်ယွမ်က သူ၏လက်ကိုဖမ်းဆွဲလေသည်။
ကျန်းမင်ယွမ်သည် သားဖြစ်သူ၏လက်ထဲမှ ဇွန်းကို ဆွဲယူပြီး တစ်ဖက်တွင် တင်ထားလိုက်၏။ထို့နောက် တစ်ရှူးတစ်ခုယူပြီး ရှင်းရှင်း၏ပါးစပ်ကို သုတ်ပေးလေသည်။
"ဖေဖေက မနက်စာစားဖို့ ခေါ်သွားပေးမယ်"
“ဟုတ်ကဲ့” ရှင်းရှင်းက လက်ကျန်ကိတ်မုန့်ကို နှမျောတသကြည့်ပြီး ခေါင်းငြိမ့်ရှာလေ၏။
သို့သော် အခြားအရာများကိုလည်း စားချင်သေးသည်။
ကျန်းမင်ယွမ်က ရှင်းရှင်းနှင့်အတူထွက်သွားပြီး အိမ်တွင် မှတ်စုစာရွက်လေးပင် ထားခဲ့ပေးထား၏။
သားအဖနှစ်ယောက် မနက်စာစားပြီးသောအခါ အိမ်တွင်ကျန်ခဲ့သောသူအတွက် ပါဆယ်ပင်ဆွဲလာခဲ့သေးသည်။
သို့သော်လည်း အစားအသောက်များအေးသွားသည့်အချိန်အထိ အခန်းထဲမှတစ်စုံတစ်ယောက်က ထွက်မလာခဲ့ပေ။
***
ချန်းဟွမ် တစ်နေ့ခင်းလုံး အိပ်မောကျနေခဲ့ပြီး မွန်းတည့်ချိန်ကျော်မှနိုးလာလေသည်။
သူမသည် အိပ်ရာပေါ်၌ထထိုင်ရင်း အကြောဆန့်ကာ ဖုန်းဖွင့်ပြီးအချိန်ကို စစ်ကြည့်လိုက်၏။
နာရီကြည့်ပြီးသွားသောအခါ ကုတင်ပေါ်မှလိမ့်ကျလုမတတ်ဖြစ်သွားတော့သည်။
အမြင်မှားမမှား သေချာစေရန်အတွက် ချန်းဟွမ်က အကြိမ်အနည်းငယ် ထပ်မံစစ်ဆေးကြည့်သည်။
သို့သော်လည်း နောက်ဆုံး၌ ဖိနပ်စွပ်ကာ ကုတင်ပေါ်မှအမြန်ကုန်းရုန်းထရတော့လေ၏။
သူမသည် အပြင်သို့မထွက်မီ တတ်နိုင်သမျှ အမြန်ဆုံး မျက်နှာသစ်လိုက်သည်။
သားအဖနှစ်ယောက်က ဧည့်ခန်းထဲ၌ထိုင်နေပြီး အသံကြားရသောအခါ အိပ်ခန်းတံခါးဝဘက်သို့ မျှော်ကြည့်ကြလေ၏။သူတို့၏အကြည့်က ပြင်းထန်လွန်းသဖြင့်ချန်းဟွမ်သည် သူမ၏ပုံစံကို တစ်ချက်ငုံ့ကြည့်မိသည်။ထို့နောက် ဆိုဖာပေါ်မှ နှစ်ယောက်အား အလှဆုံးပြုံးပြလိုက်တော့၏။
Xxxxx