Chapter 221
"မေမေ အိပ်နေတာ ကြာလှပြီ...ဖေဖေနဲ့သားတောင် နေ့လည်စာစားပြီးသွားပြီ " ရှင်းရှင်းက ချန်းဟွမ်ဆီသို့ပြေးလာပြီးပြောသည်။ထို့နောက် ကလေးလေးက ချန်းဟွမ်အား စက္ကူပုံးကို ကမ်းပေးလိုက်၏။
"ဗိုက်ဆာနေပြီလား မေမေ... ကိတ်မုန့်တစ်ခုစားလိုက်လေ "
ချန်းဟွမ်သည် လောလောလတ်လတ်ပင် နိုးလာပြီး ဗိုက်မဆာသေးချေ။ကိတ်မုန့်အားအကြိုက်မတွေ့သော ချန်းဟွမ်က ချက်ချင်းပင်ငြင်းပယ်လိုက်လေသည်။
“မေမေမစားဝောာ့ဘူး ရှင်းရှင်းပဲ စားလိုက်နော် "
ရှင်းရှင်းက ကိတ်မုန့်ကို ဝမ်းသာအားရပြန်ယူထားလိုက်သည်။ထို့နောက် ကလေးလေးက ချန်းဟွမ်အား ရင်ကော့ခေါင်းမော့လျက်ပြောတော့သည်။
“ဘာစားချင်လဲ မေမေ.... ဖေဖေဝယ်ပေးလိမ့်မယ်"
"ဟုတ်ပြီ သားက သွားကစားတော့...ဖေဖေနဲ့ မေမေ စကားပြောဖို့ လိုတယ်"
ကျန်းမင်ယွမ်က ရှင်းရှင်း၏ခေါင်းကို ခပ်သာသာပွတ်ပြီး စကားဖြတ်ပြောလေ၏။
ထိုအခါ ချန်းဟွမ်က အနည်းငယ် ရှက်သွားတော့သည်။
" ဖေဖေတို့က ဘာအကြောင်းတွေ ပြောမလို့လဲ"
ကျန်းမင်ယွမ်က ရှက်သွေးဖြာနေသောချန်းဟွမ်ကိုတစ်ချက်ကြည့်ပြီး ပြန်ဖြေလေ၏။
"ကလေးတွေ စိတ်ပူစရာကိစ္စမဟုတ်ပါဘူး"
"ဘာလို့လဲ "
ရှင်းရှင်းသည် မိဘများကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး နောက်ဆုံးတွင် အတွေ့အကြုံရှိသူတစ်ဦးကဲ့သို့ သက်ပြင်းချလိုက်တော့သည်။ထို့နောက် ရှင်းရှင်းက ဆက်ပြောလေ၏။
"အင်းပါ....ဖေဖေတို့လူကြီးတွေက အမြဲတမ်းပြောစရာတွေများနေတာပဲ"
ကလေးလေးသည် ခြေထောက်သေးသေးကလေးများဖြင့် အဆင့်ဆင့်လှမ်းကာ အခင်းနေရာမှ ထွက်ခွာသွားတော့သည်။
ကြားလူပျောက်ကွယ်သွားသောအခါ ကျန်းမင်ယွမ်၏ ထိုးဖောက်ဝင်ရောက်မှုက အားကောင်းလာ၏။
သူသည် ချန်းဟွမ်ရှိရာသို့ဖြည်းညင်းစွာ လျှောက်လာရင်း ခေါင်းငုံ့လျက် နားနားသို့ကပ်ပြောလိုက်လေသည်။
“မင်းနောင်တရနေပြီထင်တယ်”
"ဟင့်အင်း.....ကျွန်မပြောချင်တာက.... နောင်တမရဘူးလို့ "
ချန်းဟွမ်သည် အစောပိုင်းကရှက်နေခဲ့သည်။
သို့သော်လည်း မျက်စိရှေ့ရှိလူက ပုံမှန်အတိုင်းဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ
ချန်းဟွမ်၏စိတ်က ပိုမိုရဲတင်းလာတော့၏။
သူမသည် ကျန်းမင်ယွမ်ထံသို့တိုးကပ်သွားပြီး
ပွေ့ဖက်လိုက်လေ၏။ချန်းဟွမ်၏လက်များက ကျန်းမင်ယွမ်၏ခါးပေါ်၌ ယှက်နွှယ်နေကြသည်။
သူမသည် အနှီအမျိုးသား၏ရင်ဘတ်ပေါ်သို့ ခေါင်းတင်လိုက်ကာ " ကျွန်မနောင်တမရဘူး" ဟု ထပ်ပြောပြန်၏။
ချန်းဟွမ်ထံမှ မွှေးပျံ့သော ကိုယ်သင်းနံ့က ကျန်းမင်ယွမ်အား သက်တောင့်သက်သာဖြစ်စေသည်။သူသည် ချန်းဟွမ်အားပြန်ဖက်လိုက်လေ၏။ယခုအချိန်၌ စိတ်ကျေနပ်မှုကို အလွန်အမင်းခံစားရသည်။
ကျန်းမင်ယွမ်ကခေါင်းငုံ့ပြီး ချန်းဟွမ်၏နဖူးပေါ် သို့အနမ်းတစ်ပွင့်ချွေလိုက်၏။ချန်းဟွမ်က မငြင်းဆန်သဖြင့် ကျန်းမင်ယွမ်က ပို၍ရဲတင်းလာသည်။
ကျန်းမင်ယွမ်၏နှုတ်ခမ်းသည် ချန်းဟွမ်၏နှဖူးတွင်ရှိနေရာမှ အောက်သို့ရွေ့သွားကာ နှာတံဖျားကို ညင်သာစွာ နမ်းရှုံ့လေ၏။နောက်ဆုံး၌မူ အချိန်အကြာကြီး တောင့်တခဲ့ရသည့် နီဆွေးဆွေးနှုတ်ခမ်းသားလေးကိုပါ အပိုင်သိမ်းနိုင်ခဲ့သည်။
နှုတ်ခမ်းသားများထိစပ်သွားချိန်တွင် နှစ်ယောက်သားက ရုတ်တရက် ငြိမ်သွားကြလေ၏။ လေထုသည် အလွန်တိတ်ဆိတ်နေပုံရသည်။
သို့သော်လည်း နောက်ဆုံးတွင် ကျန်းမင်ယွမ်
သူ့နှုတ်ခမ်းသားများကို အနည်းငယ် လှုပ်ရှားလိုက်တော့၏။
ကျန်းမင်ယွမ်သည် သူ၏နှုတ်ခမ်းများကို ခွဲလိုက်ပြီး တစ်ချိန်တည်းမှာပင် ချန်းဟွမ်သည်လည်း အလားတူပြုမူလာခဲ့လေသည်။
ထို့နောက် အချင်းချင်း၏လျှာဖျားများက ပွတ်တိုက်မိလာကြတော့၏။ယင်းအထိအတွေ့အား အသားကျလာလေလေ လိုအင်ကပို၍ကြီးမားလာလေလေ ဖြစ်ပေသည်။
နှစ်ယောက်လုံးက အတွေ့အကြုံမရှိကြသည့်အတွက် ပထမဆုံးအနမ်းသည် ရင်တထိတ်ထိတ်ဖြစ်စေ၏။
သွားများမတော်တဆထိမိပြီး လျှာအား အမှတ်မထင်ကိုက်မိခြင်းများဖြစ်ပွားနေသော်လည်း နှစ်ယောက်လုံးက ရပ်တန့်ရန်ဆန္ဒမရှိကြပေ။
တံခါးဝမှ ဆူညံသံများ ထွက်ပေါ်လာသော်လည်း မည်သူကမှ သတိမထားမိခဲ့ချေ။ စက္ကန့်အနည်းငယ်အကြာတွင် ကလေးငယ်၏စူးရှသောအသံကို ကြားလိုက်ရတော့သည်။
"ဖေဖေနဲ့မေမေ... ဘာလုပ်နေကြတာလဲ"
ရှင်းရှင်းသည် လက်ထဲတွင် အရုပ်လေယာဉ်ကိုပိုက်ကာ မိဘများကို စိုက်ကြည့်နေလေ၏။
သူ၏မျက်ဝန်းများက ဖြူစင်လွန်းသည်။
ပွေ့ဖက်ထားကြသောနှစ်ယောက်က ရှင်းရှင်း၏အသံကိုကြားလိုက်ရသောအခါ လုပ်လက်စများကိုရပ်လိုက်ကြလေ၏။
ချန်းဟွမ်က ကျန်းမင်ယွမ်ကို တွန်းထုတ်လိုက်လေ၏။
ထို့နောက် သူမသည် ကျန်းမင်ယွမ်၏ကျောဘက်သို့ဝင်ပုန်းရင်း နှုတ်ခမ်းသားများကို လက်ခုံဖြင့်သုတ်လိုက်သည်။
ဤသည်မှာ သားဖြစ်သူအား ပထမဆုံးအကြိမ် မျက်နှာမပြရဲခြင်းဖြစ်လေ၏။
Xxxxxx
Chapter 222
ယောက်ျားသားများသည် နဂိုကတည်းက အရေထူခြင်းလော ထိုသို့မဟုတ်ပါက ကျန်းမင်ယွမ်ကိုယ်တိုင်ကပင် အကြောတင်းခြင်းလော။ချန်းဟွမ်မပိုင်းခြားနိုင်တော့ပေ။
ကျန်းမင်ယွမ်သည် ယခုအခြေအနေတွင် အလွန်အကြူးတည်ငြိမ်အေးဆေးနေပေ၏။သူသည် တစ်ရှူးကို ယူကာ နှုတ်ခမ်းကို ဖြည်းညင်းစွာ သုတ်နေရင်း
တံခါးဘေးတွင် ရပ်နေသော ကလေးလေးအား မေးလေသည်။
“ဘယ်လို ဆင်းလာတာလဲ”
"ကစားဖို့ လာတာလေ" ရှင်းရှင်းက လက်ထဲတွင် လေယာဉ်ငယ်ကို ကိုင်ဆောင်ပြီး ဖြတ်လျှောက်သွားလေ၏။
ထို့နောက်တွင် ရှင်းရှင်းက အစိုဓာတ်အလွန်အကျွံပြည့်ဝနေသော ကျန်းမင်ယွမ်၏နှုတ်ခမ်းများကို စိုက်ကြည့်လာသည်။
"ဖေဖေနဲ့ မေမေက အာဘွားပေးတမ်း ဆော့နေကြတာလား"
"...ဟမ် "
"အာဘွားပေးတာက လျှာထုတ်စရာလိုလို့လား .....သားကတော့ လျှာတစ်ခါမှမသုံးဖူးဘူး "
ရှင်းရှင်းသည် ထိုအကြောင်းကို အထူးပင် သိချင်နေခဲ့လေ၏။
"ဒါက လူကြီးကစားနည်းလေ...သားက ကလေးပဲရှိသေး..."
တစ်စုံတစ်ယောက်ထံမှ ခါးကြောလိမ်ဆွဲခံလိုက်ရသောကျန်းမင်ယွမ်က တစ်ဝက်တစ်ပျက်နှင့်ပင်စကားရပ်သွားတော့သည်။
"အင်း....သိပ်တော့လည်းမထူးဆန်းပါဘူး ဟုတ်တယ်....
ဖေဖေက သားနဲ့ကစားပေးမယ် လာ... လာ "
ရှင်းရှင်းသည် ၎င်းနှင့်ပတ်သက်ပြီး သံသယရှိနေဆဲဖြစ်သော်လည်း အတူကစားခြင်းက သူ့ကိုပိုဆွဲဆောင်နိုင်သည်။
ရှင်းရှင်းသည် အဖေဖြစ်သူနှင့်အတူ ဝေးရာသို့မသွားမီ ရှက်သွေးဖြာနေသောမိခင်အား တစ်ချက်မော့ကြည့်လိုက်သေး၏။
သားအဖနှစ်ယောက် သူမထံမှ ထွက်ခွာသွားပြီးနောက် ချန်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမသည် ပါးပြင်များကို ပွတ်သပ်ကာ အသေအလဲခုန်နေသော နှလုံးကို ငြိမ်သက်အောင် ကြိုးစားအားထုတ်ခဲ့လေ၏။ ထို့နောက် ချန်းဟွမ်သည် ဘာမှမဖြစ်ခဲ့သောလေသံဖြင့် "နေ့လည်စာချက်တော့မယ်...နှစ်ယောက်သား စားချင်တာရှိကြလား "
“ စိတ်မပူပါနဲ့... မှာပြီးသွားပြီ မကြာခင် ဒီကိုရောက်မှာပါ"
ကြမ်းပြင်ပေါ်တွင်ထိုင်နေသောကျန်းမင်ယွမ်က ရှင်းရှင်း၏လေယာဉ်အရုပ်အား ပြန်ဆက်ရန်အတွက် တစ်စစီဆွဲဖြုတ်ပေးနေရင်းပြောလေသည်။
ထို့နောက် ကျန်းမင်ယွမ်က ဆိုဖာကို ညွှန်ပြပြီးဆက်ပြောလာပြန်၏။
“မင်း ထိုင်နေလို့ရတယ်...တီဗီကြည့်တာပဲဖြစ်ဖြစ် ဖုန်းသုံးတာဖြစ်ဖြစ်လုပ်နေ...မဟုတ်ရင်လည်း ကိုယ်တို့ဆော့နေတာကိုထိုင်ကြည့်ပေါ့ ....အဝေးကြီးမသွားနဲ့ ...မင်းကိုတွေ့နေချင်တယ်"
ကျန်းမင်ယွမ်က နူးညံ့မှုများပျော်ဝင်နေသော မျက်ဝန်းရွဲရွဲကြီးများဖြင့်စိုက်ကြည့်လျက်ပြောလေသည်။
ထိုအခါ ချန်းဟွမ်၏ ပါးပြင်များသည် ယခင်ကထက်ပင် နီမြန်းလာတော့၏။
သူမသည် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး
အစားအသောက်လာပို့မည့်သူကို စောင့်ဆိုင်းနေလိုက်တော့သည်။
ကျန်းမင်ယွမ်က အပိုပြောခြင်းမဟုတ်ပေ။
သူသည် ချန်းဟွမ်ထွက်ပြေးသွားမည်ကို အလွန်အမင်း စိုးရိမ်နေသည့်အလား အဆက်မပြတ်စောင့်ကြည့်နေသည်။
သူ၏အကြည့်များကခပ်စိပ်စိပ်ဖြစ်နေသောကြောင့် ချန်းဟွမ်သည် စိတ်ဖြောင့်လက်ဖြောင့်ပင် အနားမယူနိုင်ရှာပေ။
နေ့လည်စာစားချိန်အထိ သူမ၏နားရွက်ထိပ်များက နီရဲနေခဲ့သည်။
Deliသမားသည် တိုက်ခန်းအတွင်းသို့ မဝင်ရောက်နိုင်သဖြင့် ဟင်းပွဲများကို လုံခြုံရေးမှတစ်ဆင့် ပေးပို့စေ၏။
ဖုန်းမြည်လာသောအခါ ကျန်းမင်ယွမ်က ကောက်ကိုင်လိုက်လေသည်။ထို့နောက် သူသည် စကားအနည်းငယ်ပြောကာ ရှင်းရှင်းကို တစ်ယောက်တည်းကစားစေပြီး လုံခြုံရေးထံမှ ပါဆယ်များသွားယူရန် ဂျာကင်ကို ထပ်ဝတ်သည်။
အစားအသောက်က အလွန်ကောင်းမွန်ပြီး အစပ်အဟပ်တည့်ပေ၏။ ဟင်းလေးပွဲနှင့် ဟင်းချိုတစ်ပွဲပါဝင်ပြီး အချိုးအစားလည်းကျနသည်။ အစားအစာများ ရောက်ရှိလာချိန်တွင် အငွေ့တထောင်းထောင်းထနေဆဲဖြစ်ပေသည်။ ကျန်းမင်ယွမ်က ဟင်းဘူးများကို ယူဆောင်လာပြီးစားပွဲပေါ်၌ တင်လိုက်၏။ ထို့နောက် မီးဖိုချောင်ဆီသို့သွားကာ သန့်ရှင်းသော တူတစ်ချောင်းကို ထုတ်လာသည်။
ကျန်းမင်ယွမ်သည် ငုတ်တုတ်ထိုင်ကာ ချန်းဟွမ်အား ဝါးစားမတတ်ကြည့်နေပြီး "ဒီမှာပဲ စား" ဟုပြောလေ၏။
ချန်းဟွမ်က တူကိုလှမ်းယူကာ ရှင်းရှင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ကျန်းမင်ယွမ်အား ခပ်တိုးတိုးပြောလေ၏။
“သတိလေးဘာလေး ကပ်စမ်းပါဦး”
ကျန်းမင်ယွမ်၏မျက်ဝန်းများက အပြုံးများဖြင့် ပြည့်နှက်နေပြီး ချန်းဟွမ်၏စကားကို ဂရုမစိုက်ကြောင်း သိသာထင်ရှားသည်။
ထမင်းစားပြီးချိန်တွင် ညနေ ၃ နာရီခန့်ရှိပြီဖြစ်လေ၏။
ထိုအချိန်တွင် ချန်းဟွမ်က အမှိုက်များကို ထုပ်ပိုးပြီး သားအဖနှစ်ယောက်ကိုလှမ်းပြောလေသည်။
"ဆိုင်သွားကြည့်ဦးမယ်"
"ကိုယ်လိုက်ခဲ့မယ်" ကျန်းမင်ယွမ်က မတ်တပ်ထရပ်လိုက်ပြီးပြန်ဖြေ၏။
ထိုအခါချန်းဟွမ်က ချက်ချင်းငြင်းပယ်လေသည်။
"မလိုပါဘူး ရှင်းရှင်း နဲ့ အိမ်မှာနေခဲ့... ခဏနေပြန်လာမှာ "
ကျန်းမင်ယွမ်သည် စိတ်ကောက်သွားပုံရသော်လည်း ချန်းဟွမ်က နှစ်သစ်တွင်အတူတူလိုက်ခဲ့ပေးပါမည်ဟုပြောလာသဖြင့် ထိုနေရာတွင်သာကျန်ရစ်ခဲ့ရန် သဘောတူညီခဲ့လေ၏။
Xxxxxxx