Chapter 223
ချန်းဟွမ် စားသောက်ဆိုင်သို့သွားရသည့် အဓိကရည်ရွယ်ချက်မှာ နှစ်သစ်အတွက် အနီရောင်စာအိတ်များကို ပေးဝေပေးရန်ဖြစ်သည်။
နှစ်သစ်ကူး အချိန်ပိုအချိန်ဇယားကို သတ်မှတ်ပြီးသွားခဲ့ပြီဖြစ်ပြီး နှစ်သစ်ကူးအကြိုနှင့် နှစ်သစ်ကူးနေ့မှလွဲ၍ စားသောက်ဆိုင်ကို ပုံမှန်အတိုင်းဖွင့်လှစ်သွားမည်ဖြစ်လေသည်။
ချန်းဟွမ်သည် မူလက စာအိတ်နီများကို နှစ်သစ်ကူးဒုတိယမြောက်နေ့တွင် ပေးဝေရန်အစီအစဉ်ဆွဲထားခဲ့သော်လည်း ထိုအစီအစဉ်သို့မပြောင်းလဲရသေးသဖြင့်
ယနေ့ပင် အကောင်အထည်ဖော်ရန်ဆုံးဖြတ်လိုက်တော့၏။
သူမသည် ငွေသားများကို ဦးစွာထုတ်ယူခဲ့သည်။
စာအိတ်နီများသည်ဖောင်းကားနေပြီး ၎င်းတို့အတွင်း၌ ပိုက်ဆံများစွာ ရှိနေပုံရလေသည်။
ချန်းဟွမ်၏ဆိုင်ဖွင့်ခဲ့သည်မှာ အချိန်မကြာသေးသော်လည်း လုပ်ငန်းက ကောင်းကောင်းလည်ပတ်နေပြီး အချိန်တိုအတွင်း၌ပင် အမြတ်ငွေများစွာရရှိခဲ့၏။
သူမသည် တွန့်တိုတတ်သူမဟုတ်သောကြောင့် ဝန်ထမ်းများအား ဘောနပ်စ်ကောင်းကောင်းပေးခြင်းဖြင့် စိတ်ကျေနပ်အောင်လုပ်ပေးသည်။
မြို့တော် S သို့ အလုပ်လာလုပ်ကြသော လူတော်တော်များများက ယခုအချိန်၌ ဇာတိမြို့အသီးသီးသို့ ပြန်သွားကြပြီဖြစ်လေ၏။
ယခင်က လူစည်ကားသောမြို့သည် ယခုအခါ အနည်းငယ် ငြိမ်သက်နေပုံရသည်။
ထိုအရာက ချန်းဟွမ်၏ စားသောက်ဆိုင်လုပ်ငန်းကို မသိမသာထိခိုက်စေပြီး သူမဆိုင်ထဲသို့ဝင်သွားချိန်တွင် စားပွဲ ၂ဝိုင်းခန့်၌သာ ဧည့်သည့်ရှိလေသည်။
ချန်းဟွမ် ပိုက်ဆံအိတ်ကို ကိုင်ကာ နောက်ဖေးမီးဖိုချောင်ထဲသို့ လျှောက်သွားပြီး စာအိတ်နီများကို လိုက်လံပေးဝေလေ၏။ လက်ခံရရှိသော ဝန်ထမ်းများသည် အတွင်းမှ ငွေပမာဏကို မြင်လိုက်ရသောအခါတွင် အလွန်အမင်းပျော်ရွှင်သွားခဲ့ကြသည်။
ချန်းဟွမ်သည် စာအိတ်နီများကို ထုတ်ပေးပြီးနောက်
အိမ်ပြန်ရန် စီစဉ်ခဲ့လေ၏။အိမ်တွင်ကျန်ခဲ့သောလူနှစ်ယောက်က သူမအားစောင့်နေကြသည်။
ချန်းဟွမ်သည် စက်လှေကားပေါ်မှ အောက်ထပ်သို့ဆင်းလာစဉ်တွင် လှေကားဘေးရှိ နာရီအရောင်းဆိုင်၏ ပရိုမိုးရှင်းဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။ ထိုအရာက ကျန်းမင်ယွမ်၏နေ့စဉ်ဝတ်ပုံစားပုံကို သတိရမိသွားစေ၏။ချန်းဟွမ်က အနောက်သို့ပြန်လှည့်သွားပြီ ကျန်းမင်ယွမ်အတွက် အဝတ်အစားတချို့ဝယ်ရန် ဆုံးဖြတ်လိုက်လေသည်။
၂၈ ရက်နေ့ဖြစ်၍ ဆိုင်တော်တော်များများက ပိတ်နေကြပြီဖြစ်၏။ ဖွင့်ထားဆဲဖြစ်သောဆိုင်များတွင်လည်း ဆိုဒ်အစုံမရှ်ိတော့ပေ။
ချန်းဟွမ် သီးသန့်အလွှာသို့သွားရောက်ကာ
နောက်ဆုံးတွင် ဆိုင်တစ်ဆိုင်ကိုရွေးလိုက်နိုင်သည်။
၎င်းသည် ချန်းဟွမ်လည်း တတ်နိုင်ပြီး ကျန်းမင်ယွမ်လည်း လက်သင့်ခံနိုင်လောက်သည်ဟုယူဆရသည့် အလတ်အလတ်ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်လေ၏။
ထိုအမျိုးသားဝတ်အဝတ်အစားဆိုင်တွင် သိမ်မွေ့သော အပြင်အဆင်များရှိပြီး စင်ပေါ်တွင် အဝတ်အစားများစွာမရှိပါ။ အရောင်းဝန်ထမ်းသည် အလွန်တက်ကြွမနေသော်လည်း ဝယ်ယူသူရွေးချယ်သည့်အဝတ်အစားများ၏အချက်အလက်များကို အသေးစိတ်ပြောပြပေးမည်ဖြစ်သည်။
ချန်းဟွမ်သည် လှည့်ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် အစင်းပါသော မီးခိုးရောင်ဆွယ်တာအင်္ကျီကို ရွေးထုတ်လိုက်လေ၏။ အင်္ကျီလက်ဖျားများတွင် အနက်ရောင်ဖြင့် အလှဆင်ထားပြီး အလွန်မျက်စိပဒါဿဖြစ်စေသည်။
“အမြင်ရှိတာပဲ...ဒါက ကျွန်တော်တို့ရဲ့နောက်ဆုံးထုတ်ကုန်ပါ ...ဝတ်လိုက်ရင်ပိန်တဲ့ပုံစံပေါက်ပြီးတော့ အရမ်းသက်တောင့်သက်သာ ဖြစ်စေပါတယ် ”
အရောင်းဝန်ထမ်းက ချန်းဟွမ်တောင်းဆိုသည့် ဆိုဒ်ကိုထုတ်ပေးပြီး ပြုံးပြကာ အခြားလိုက်ဖက်သည့် အင်္ကျီ ၊ဘောင်းဘီများကို ဆက်လက်အကြံပြုလေသည်။
ချန်းဟွမ်သည် ထိုဆိုင်တွင် နာရီဝက်ခန့် ရှိနေခဲ့ပြီး
နောက်ဆုံး၌ စျေးဝယ်အိတ်လေးငါးလုံးကိုဆွဲကာ အပြင်သို့ ထွက်လာခဲ့၏။
သူမ ဈေးဝယ်စင်တာမှ ထွက်လာချိန်တွင်
ညနေ ၄ နာရီခန့်ရှိနေပြီဖြစ်သည်။
ချန်းဟွမ်သည် တက္ကစီမတားနိုင်မီတွင် အိတ်များကိုဆွဲလျက် မိနစ်နှစ်ဆယ်ခန့် မတ်တပ်ရပ်နေခဲ့ရ၏။
သူမ တက္ကစီငှားပြီးနောက် အိတ်များအားလုံးကို ကိုင်ဆောင်ကာ ကားထဲသို့ဝင်ပြီးတံခါးပိတ်လိုက်သည်။ထို့နောက် သက်ပြင်းအရှည်ကြီးချကာ ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ရရန်အတွက် ကြိုးစားတော့မည်ဟုဆုံးဖြတ်လိုက်တော့၏။
သူမအိမ်ပြန်ရောက်ချိန်တွင် ကျန်းမင်ယွမ်ကရှင်းရှင်း အား သင်္ချာ သင်ပေးနေခဲ့သည်။
ရှင်းရှင်းသည် ၂၀၀အထိရေတွက်နိုင်ခဲ့ပြီး ၅၀မကျော်သောကိန်းဂဏန်းများကို အပေါင်းအနုတ်တွက်ချက်နိုင်ခဲ့၏။
ချန်းဟွမ် အိမ်ပြန်ရောက်လာသောအခါ ကလေးလေးက လက်ချောင်းများကို ချိုးလျက် ရေတွက်နေသည်။
ရှင်းရှင်းသည် အချိန်အတော်ကြာအောင် ရေတွက်ပြီးနောက် ယောင်ဝါးဝါးပုံစံဖြင့် ခေါင်းကုတ်ကာ အဖြေတစ်ခုကို ပေးလေသည်။
" လေးဆယ့်ရှစ်..."
Xxxxxx
Chapter 224
"မှန်တယ် " ကျန်းမင်ယွမ်က လက်ဆောင်သေတ္တာကို ပေးအပ်လိုက်သည်။
“ဒါက ဆုချတာ ”
"ကျေးဇူးတင်ပါတယ် ဖေဖေ " ရှင်းရှင်းသည် လက်ဆောင်ကို လက်ခံလိုက်ပြီးနောက် အိမ်ရှေ့တံခါးမှ အသံများကြားလိုက်ရ၏။ သူက ပြုံးပြီး ချန်ဟွမ်ထံ ပြေးသွားကာ လက်ထဲမှ သေတ္တာကို ပြသလိုက်သည်။
“မေမေ...သား အခု ၇၀ ထဲကနေ ၂၂ က်ို နုတ်နိုင်သွားပြီ...ဒါက ဖေဖေဆုချတာတဲ့”
"ရှင်းရှင်းက အရမ်းတော်တာပဲ"
ချန်းဟွမ်က သူမ၏ အိတ်များကိုချလိုက်ပြီး ရှင်းရှင်းအားအနမ်းပေးရင်း ချီးကျူးလိုက်လေ၏။
ချီးမွှမ်းခံရသော ကလေးငယ်က ရယ်မောကာ ပြုံးပြသည်။ထို့နောက် ကြမ်းပြင်ပေါ်ရှိ အိတ်များကို ကြည့်လိုက်လေ၏။
" မေမေက သားအတွက်အဝတ်အစားတွေ ဝယ်လာတာလား"
အိတ်များအပြင်မှမြင်နေရသည့် အဝတ်အစားအရောင်များက သိပ်တောက်ပမနေဘဲ ချန်းဟွမ်၏စတိုင်လ်လည်းမဟုတ်ပေ။ထို့ကြောင့်ရှင်းရှင်းက သူ့အတွက်ဟုယူဆနေပေသည်။
သူသည်လက်ထဲမှသေတ္တာကို ချလိုက်ပြီး အိတ်ထဲမှ အင်္ကျီကို ဆွဲထုတ်လိုက်တော့၏။
ထိုတစ်ထည်မှာ ချန်းဟွမ်ပထမဆုံးရွေးခဲ့သည့် မီးခိုးရောင်ဆွယ်တာအင်္ကျီဖြစ်နေခဲ့သည်။ ကလေးလေးကအင်္ကျီအားအရှေ့၌ဖြန့်ကြည့်လိုက်လေသည်။ထို့နောက်သူ၏အပြုံးများက ပျောက်ကွယ်သွားတော့၏။
ရှင်းရှင်းက ချန်းဟွမ်အားမျက်နှာငယ်လေးဖြင့်ကြည့်ကာ
"မေမေ...ဒါက သားနဲ့ ကြီးလွန်းတယ်" ဟု ပြောလေသည်။
“အဟမ်း....” ချန်းဟွမ်သည်အပြစ်ရှိသလိုခံစားလိုက်ရသောကြောင့် ချောင်းဟန့်လေ၏။
ထို့နောက် အင်္ကျီအားလှမ်းယူလိုက်ကာ ရှင်းရှင်းအားပြောသည်။
“ဒါက သားအတွက်မဟုတ်ဘူး...ဖေဖေ့အတွက် "
“အမ်း.....မထူးဆန်းပါဘူး....ဒါဆိုသားအတွက်က ဘယ်ဟာလဲ ”
ကလေးလေးက ရင်ဘတ်ကို ဖိပြီး နောက်ပြန်ထိုင်ချလိုက်ရင်း မေးလေ၏။
"အကုန်လုံးက ဖေဖေ့ဟာတွေ"
"ဟင်....သားဟာတစ်ခုမှမပါဘူးလား" ရှင်းရှင်းက မယုံကြည်နိုင်ဖြစ်နေရှာသည်။
“အမ်…”
ချန်းဟွမ်သည် ခေါင်းငုံ့လိုက်၏။သူမသည်ရှင်းရှင်းအား အကျိုးအကြောင်းရှင်းမပြမီ မလှမ်းမကမ်း၌ရှိနေသောကျန်းမင်ယွမ်အား တစ်ချက်လှမ်းကြည့်လေသည်။
"အရင်နှစ်ရက်လောက်ကပဲ သားအတွက်ဝယ်ပေးထားတာမဟုတ်ဘူးလား"
"ဒါပေမဲ့ ဒီနေ့ ဝယ်မပေးဘူးလေ"
"ဒါပေမဲ့ ဖေဖေ့ကိုလည်း အရင် နှစ်ရက်က ဝယ်မပေးခဲ့ဘူးလေ"
“အင်းပါ.....”
ကလေးလေးသည် လေးနက်သောအကြည့်ဖြင့် တွေးကြည့်ကာ ချန်းဟွမ်ပြောခဲ့သည်မှာ မှန်ကန်ကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် စိတ်မကောက်တော့ဘဲ အဖေဖြစ်သူဆုချထားသည့် သေတ္တာကိုပြန်ကောက်ယူကာ ဖွင့်ကြည့်ရန်ထွက်သွားလေ၏။
ကျန်းမင်ယွမ်သည် ရှင်းရှင်းထွက်သွားပြီးနောက် ချန်းဟွမ်၏အနီးသို့သွားခဲ့သည်။ သူသည် ကြမ်းပြင်ပေါ်မှ အိတ်များကို ကောက်ယူလိုက်၏။ထို့နောက် ချန်းဟွမ်အားပြုံးလျက်မေးသည်။
"အဲ့ဒါကြောင့် ကြာနေတာလား"
“အမ်...အင်းး ”
ချန်းဟွမ်က အဝေးသို့ကြည့်ကာ ခေါင်းငြိမ့်ပြ၏။ ထို့နောက် သူမသည် ကျန်းမင်ယွမ်အား ထိုအဝတ်များကို သွား၍စမ်းဝတ်ကြည့်ခိုင်းလေသည်။
ထုံးစံအတိုင်း ကျန်းမင်ယွမ်သည် ထိုကိစ္စကို မကန့်ကွက်ဘဲ လက်ထဲတွင် အဝတ်အိတ်များကိုင်ကာ အိပ်ခန်းထဲသို့ လျှောက်သွားခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် အခန်းတံခါးပြန်ပွင့်လာ၏။
မီးခိုးရောင်ဆွယ်တာအင်္ကျီသည် စစ်တပ်စတိုင် အနက်ရောင်ဂျာကင်အင်္ကျီနှင့် လိုက်ဖက်နေသည်။ ဂျာကင်အင်္ကျီသည် အလွန်ပင် အံဝင်ခွင်ကျဖြစ်နေလေ၏။ အောက်ဘက်တွင် အနက်ရောင်ဂျင်းဘောင်းဘီနှင့် ဘွတ်ဖိနပ်ကိုတွဲဖက်၍ဝတ်ဆင်ထားသော ကျန်းမင်ယွမ်သည် နဂိုထက်ပင် ပို၍အရပ်ရှည်နေပုံပေါက်သည်။
ထိုအမျိုးသားသည် ၎င်းဝတ်စုံကို ဝတ်ဆင်ပြီးနောက် အလွန်ဆွဲဆောင်မှုရှိသွားပြီး ငါးနှစ် ခြောက်နှစ်ခန့်ပိုမိုအရွယ်တင်သွားလေသည်။
ကျန်းမင်ယွမ်၏ ခြေလှမ်းများက နှေးကွေးနေသဖြင့် သူသည် ဤကဲ့သို့သောဝတ်ဆင်မှုမျိုးနှင့် အသားမကျသေးဟု ယူဆရပေ၏။
ချန်းဟွမ်၏မျက်ဝန်းများထဲမှ အသိအမှတ်ပြုမှုကိုခံစားမိသွားသောကျန်းမင်ယွမ်က စိတ်အေးသွားတော့သည်။
သူသည် ချန်းဟွမ်ဆီသို့ ပို၍ခပ်မြန်မြန် လျှောက်သွား၏။ထို့နောက် တစ်မီတာခန့်အကွာတွင် ရပ်လိုက်ကာ နူးညံ့စွာ မေးလေသည်။
"ဘယ်လိုလဲ"
"ကြည့်ကောင်းတယ်"
ချန်းဟွမ်က သဘောတကျကြည့်ပြီး ပြောလိုက်၏။ ထို့နောက် သူမသည် ကျန်းမင်ယွမ်၏အင်္ကျီကော်လံကိုပြင်ပေးသည်။
"ဝတ်နေကျထက် ဒီပုံစံက ပိုကြည့်ကောင်းတယ်"
ကော်လံပေါ်ရှိ ချန်းဟွမ်၏လက်ကို ကျန်းမင်ယွမ်ကဆုပ်ကိုင်လိုက်ပြီး လက်ချောင်းများမှတစ်ဆင့် အနွေးဓာတ်က စီးကူးလာလေသည်။
"မင်းကြိုက်ရင် ဒီအတိုင်း ဝတ်လို့ရတယ်"
"ရှင်ဆိုလိုတာက ဒီ set ကို တစ်လလုံး ဝတ်ထားမယ်ပေါ့" ချန်းဟွမ်က နောက်ပြောင်လိိုက်၏။
"ဘာလို့မဖြစ်နိုင်ရမှာလဲ "
ကျန်းမင်ယွမ်က လေးနက်သော အကြည့်ဖြင့် ပြောလေသည်။ ချန်းဟွမ် ကြောင်တောင်တောင်ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါမှ ကျန်းမင်ယွမ်က စကားပြောင်းပြောရန်ပြင်ဆင်လိုက်သည်။သူသည်ချန်းဟွမ်အား နူးညံ့စွာကြည့်လျက် နှုတ်ခမ်းစွန်းများအား ကော့ချိုးလိုက်လေ၏။
“စတာပါ”
Xxxxxx