အပိုင်း ၂၂၅-၂၂၆
Viewers 20k

Chapter 225


သူသည် ချန်းဟွမ်၏လက်ကို ဆုပ်ကိုင်ထားရာမှလွှတ်လိုက်ပြီး လက်ချောင်းများကိုယှက်နွှယ်လိုက်လေသည်။


ထို့နောက် ချန်းဟွမ်အား အနောက်မှ ပွေ့ဖက်လိုက်ရင်း


နားထဲသို့ ညင်သာစွာ ခပ်တ်ိုးတိုးမေးလေ၏။


 "နောက်လည်း ကိုယ်အတွက် အဝတ်အစားတွေ ထပ်ဝယ်ဦးမှာလား "


 " အဲ့အကြောင်း စဉ်းစားဖို့ အချိန်ပေးပါ" 


  ချန်းဟွမ်သည် အနောက်သို့မှီချလိုက်လေသည်။သူမ၏ကျောပြင်က ကျန်းမင်ယွမ်၏ရင်အုပ်နှင့်ထိစပ်နေပြီး အင်္ကျီများမှတစ်ဆင့် အနွေးဓာတ်က စီးကူးနေပေ၏။


 "အချိန်ဘယ်လောက်လိုလဲ.... တစ်မိနစ်ဆိုရလား"  


ကျန်းမင်ယွမ်က ချန်းဟွမ်၏ဆံသားများကို နမ်းရှုံ့လျက်မေးလေသည်။


 “ တော်စမ်းပါ...တစ်မိနစ်အတွင်း ဘယ်သူက တွေးနိုင်မှာလဲ ”  


ချန်းဟွမ်က ခေါင်းကိုလှည့်လိုက်ပြီး အနောက်မှကျန်းမင်ယွမ်ကို မော့ကြည့်လိုက်၏။


   "မင်းက ကိုယ့်အပိုင်ပဲ "


ကျန်းမင်ယွမ်၏စကားကြောင့် ချန်းဟွမ်၏မျက်နှာက နီရဲသွားတော့သည်။  


"ဟုတ်ပါပြီ...ပတ်ဝန်းကျင်လေးဘာလေးလည်း ကြည့်ပါဦး "


ထိုအခါ ကျန်းမင်ယွမ်က မနီးမဝေး၌ အရုပ်အသစ်ဖြင့် ကစားနေသော ရှင်းရှင်းကို လှမ်းကြည့်လိုက်ပြီး လက်များကိုဖြေလျှော့လိုက်၏။


ထို့နောက် အနီးရှိဆိုဖာခုံပေါ်ဝင်ထိုင်လိုက်ပြီး ချန်းဟွမ်အားသူ့ပေါင်ပေါ် လှမ်းဆွဲတင်လိုက်သည်။  


 


 "အပေါ်ထပ်ကို ဘယ်အချိန်ရွှေ့လာမှာလဲ"


  " အရမ်းမြန်လွန်းနေတာ မဟုတ်ဘူးလား”


 “အဲ့လောက်မမြန်ပါဘူး... ကိုယ်စောင့်နေတာကြာလှပြီ"


 “…...…”


 "ဟမ်...  ဘယ်တော့လဲလို့"


တိတ်ဆိတ်နေ‌သောချန်းဟွမ်အား ကျန်းမင်ယွမ်က ဆက်မေးလေ၏။


ချန်းဟွမ်ဘက်က တစ်ခွန်းမှဟမလာသောကြောင့် ကျန်းမင်ယွမ်သည် ကိုယ့်မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြန်ဖြေလိုက်ရသည်။


  “နှစ်သစ်ပြီးရင်ရော ဘယ်လိုလဲ... ခရီးက ပြန်ရောက်တဲ့အချိန်ကျရင် အပေါ်ထပ်ကိုရွှေ့လာလို့ရတယ်... ဘယ်လိုသဘောရလဲ "


 " လက်မထပ်ခင် အတူတူနေတာကို မယုံဘူး ..."


 "ဒါဆို အခုသွားပြီးလက်ထပ်လို့ရတာပဲ "


 “အခုချိန် လက်ထပ်မှတ်ပုံတင်ရုံးပိတ်နေပြီ "


 "မနက်ဖြန် သွားကြမယ်လေ.... ဘယ်လိုလဲ "  


ကျန်းမင်ယွမ်သည် ခေါင်းငုံ့ကာ ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ချန်းဟွမ်၏လည်ပင်းကို နမ်းရှုံ့နေလေသည်။


 "ကျန်းမင်ယွမ် ရှင်ဘာဖြစ်နေတာလဲ...ရှင်အရင်က ဒီလိုမဟုတ်ပါဘူး"  


နားရွက်ဖျားများနီရဲနေသော ချန်းဟွမ်သည် သူမ၏ခါးပေါ်မှလက်ကိုရုန်းလိုက်ကာ မတ်တပ်ထရပ်ပြီး ကျန်းမင်ယွမ်အားလှည့်ကြည့်လေ၏။


 "ဒီလိုပုံစံကို မကြိုက်လို့လား"


 " ........ "


ချန်းဟွမ်သည် ခဏတာ ဆွံ့အသွားပြီး မကြိုက်ဟုလည်း မငြင်းန်ိုင်ရှာပေ။


နောက်ဆုံးတွင် သူမသည် ကျန်းမင်ယွမ်အားမျက်စောင်းထိုးကာ ညစာအတွက်ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဦးတည်သွားသည်။ကျန်းမင်ယွမ်ကလည်း အနောက်မှ ကပ်လိုက်လာ၏။


  “လက်ထပ်ဖို့အတွက် အလျင်စလို မလုပ်သေးဘူး...ကျွန်မအတွက်‌ စောင့်ကြည့်ကာလတစ်ခုလိုတယ် ဟုတ်ပြီလား"


 “ကောင်းပြီ...မင်းသ‌ဘောအတိုင်းစောင့်ပေးနိုင်တယ်...သိပ်တော့မကြာစေနဲ့ပေါ့"


ထိုအခါ ချန်းဟွမ်က ရေခဲသေတ္တာကိုဖွင့်လျက် ပေါ့ပေါ့ပါးပါး ပြန်ပက်သည်။ 


 "ဘာလို့လဲ...  အချိန်ကြာရင် ပုံစံအစစ်တွေ ပေါ်လာမှာစိုးလို့လား"


ကျန်းမင်ယွမ်က ချန်းဟွမ်၏အနောက်၌လာရပ်ပြီး ခပ်တိုးတိုးဖြေလေ၏။


  “အကြာကြီး ထိန်းထားနိုင်မယ် မထင်ဘူး” 


ချန်းဟွမ်သည် ခရမ်းချဉ်သီးနှစ်လုံးကို ကိုင်ထားရာမှ ကျန်းမင်ယွမ်၏စကားကိုကြားလိုက်ရချိန်တွင် မင်သေသေသွားလေသည်။


ထိုစကား၏ဆိုလိုရင်းကို သဘောပေါက်လာသောအခါ ချန်းဟွမ်က ကျန်းမင်ယွမ်အား ခရမ်းချဉ်သီးများဖြင့် ပစ်ပေါက်လိုက်တော့သည်။


"ဘာတွေပြောနေတာလဲ....."


ကျန်းမင်ယွမ်က ထိုခရမ်းချဉ်သီးများကို ဖမ်းပြီး


ဘေစင်ဆီ ဦးတည်သွား၏။ထို့နောက် ရေစင်အောင်ဆေးလေသည်။


  “ဒါတွေကို ဘယ်လိုလှီးရမှာလဲ” 


ရုတ်တရက်‌ စကားခေါင်းစီးလွှဲခြင်းက ချန်းဟွမ်ကိုအံ့ဩစေသော်လည်း သူမသည် အလိုက်သင့်ပြန်ဖြေပေးလိုက်၏။


" လေးပိုင်း ပိုင်းထား "


“ကောင်းပြီ ”  


ကျန်းမင်ယွမ်သည် ခရမ်းချဉ်သီးများကို ရှည်လျားသွယ်လျသော လက်ချောင်းများဖြင့်ဖိထားပြီး တစ်ဆင့်ချင်းဖြတ်တောက်နေလေသည်။


ကိုယ်စီအလုပ်လုပ်နေကြသော မီးဖိုချောင်ထဲ၌ နဂိုကထက် တိတ်ဆိတ်သွား‌ပေ၏။


 ကျန်းမင်ယွမ်သည် ဖြတ်တောက်ရာတွင် မကျွမ်းကျင်သော်လည်း အာရုံစူးစိုက်ထားသည်။ ပထမတစ်လုံးပြီးသွားသောအခါ လှီးပြီးသားအတုံးများအား ဇလုံတစ်ခုထဲသို့ထည့်လေ၏။


 ချန်းဟွမ်သည် ရေခဲသေတ္တာထဲမှ အခြားအရာတစ်ခုခုကို ဆွဲထုတ်မီ  ကျန်းမင်ယွမ်အဆင်ပြေကြောင်း သေချာသည်အထိ စောင့်ကြည့်နေခဲ့သည်။


ရေခဲသေတ္တာတံခါးကိုဖွင့်လိုက်သောအခါ သန့်စင်ပြီးဖြစ်သော ကြက်သားတစ်ပိုင်းကိုတွေ့လိုက်ရ၏။


ချန်းဟွမ်အသားအိတ်ကို လှမ်းကိုင်လိုက်ချိန်တွင် ကျန်းမင်ယွမ်က တစ်စုံတစ်ရာကို ပြောလာခဲ့သည်။


 “ကိုယ့်မှာ ငြီးငွေ့စရာကောင်းတဲ့ အမူအကျင့်ရှိတယ်... သိပ်ချစ်ဖို့ကောင်းတာတော့မဟုတ်ဘူး...အမေကပြောဖူးတယ်...ကိုယ်ကခန့်မှန်းရခက်တယ်တဲ့... ကိုယ်ကြိုက်တာ မကြိုက်တာတွေကို သူ မမှန်းတတ်ဘူးတဲ့...အဲ့ဒါကြောင့်ပဲ တခြားသူတွေနဲ့ ရင်းနှီးဖို့ ခက်ခဲတာ ”


 ချန်းဟွမ်က လုပ်လက်စများကို ရပ်လိုက်ပြီး ကျန်းမင်ယွမ် အား လှည့်ကြည့်လိုက်သည်။


ထိုသူသည် လှီးပြီးသားခရမ်းချဉ်သီးကို ဇလုံထဲထည့်ကာ စကားပြောနေသည်ကို သူမ တွေ့ခဲ့ရ၏။


  “ကိုယ်တို့က အခုဆက်ဆံရေးတစ်ခုရှိနေပြီဆိုတော့ အဲ့လိုပုံစံအတိုင်း ဆက်မဖြစ်သင့်တော့ဘူးလို့ ခံစားရတယ်...ပိုပြီး တက်တက်ကြွကြွနေသင့်တယ်မဟုတ်လား”


 ကျန်းမင်ယွမ်က လှည့်ကြည့်လိုက်ပြီး ချန်းဟွမ်ကို အနည်းငယ် ပြုံးပြလေသည်။


"မင်းမကြိုက်တာရှိရင် ကိုယ့်ကိုပြောပေးပါ...သတိထားလို့ရအောင်"


 “သတိထားစရာမလိုပါဘူး...ကျွန်မ မကြိုက်တာမရှ်ိဘူး" 


ချန်းဟွမ်သည် နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ထားရင်း ကျန်းမင်ယွမ်ကို မော့ကြည့်လိုက်၏။ ထို့နောက် နောက်ပြန်လှည့်ပြီး ကြက်သားကို ဆွဲထုတ်လိုက်သည်။


 "ညစာအတွက် ကြက်သားနဲ့သစ်အယ်သီးချက်မယ်...ဘယ်လိုလဲ" 


 “ကောင်းပြီ”


 "ဒါဆို ကျွန်မကို သစ်အယ်သီးပြင်ပေး "


 “အင်း”


Xxxxxx


Chapter 226


မိသားစုနေ့စဉ်ဘဝက ယခင်ကနှင့်သိပ်မကွဲပြားတော့ချေ။


ညစာစားပြီးချိန်၌ သားအဖသုံးယောက်က သတင်းအစီအစဉ်ကို နောက်ခံတီးလုံးအဖြစ် အသုံးပြုပြီး နောက်တစ်နေ့ ခရီးစဥ်အတွက်ဆွေးနွေးခဲ့ကြလေသည်။


 ရှင်းရှင်းသည် နောက်တစ်ရက်တွင် အဘိုးထံ သွားလည်မည်ဖြစ်ကြောင်းကို ယနေ့ညမှ သိလိုက်ရသည်။သူသည် မိသားစုဝင်အသစ်အ‌ကြောင်းကို အလွန်သိချင်ပြီး အဘိုး၏အရပ်အမြင့် ၊ ပုံပန်းသဏ္ဍာန် အစရှိသည့် မေးခွန်းများစွာကို မေးနေခဲ့လေ၏။


ရှင်းရှင်းက အလွန်စိတ်ပါဝင်စားနေသောကြောင့်


ကျန်းမင်ယွမ်က ခဏစောင့်ခိုင်းကာ အပေါ်ထပ်မှ ဓာတ်ပုံကို သွားယူလေသည်။


ကျန်းမင်ယွမ်သည် သူ၏အိပ်ခန်းထဲရှိ ဓာတ်ပုံကို အောက်ထပ်သို့ သယ်ဆောင်လာခဲ့၏။


ထိုပုံထဲ၌ အဖေ ၊ အမေနှင့် ကလေးအရွယ် ကျန်းမင်ယွမ်တို့ပါဝင်လေသည်။


 ရှင်းရှင်းသည် ထိုပုံကိုမြင်သည်နှင့် တစ်ပြိုင်နက်


 မျက်လုံးများ ပြူးကျယ်သွားတော့သည်။


 သူက ဓာတ်ပုံ၏အလယ်နေရာသို့ ညွှန်ပြပြီး ကျန်းမင်ယွမ်အား မေးလေ၏။


“ဒါက သားရဲ့ကိုယ်ပွားလား”


 “အဲ့ဒါ ဖေဖေလေ”  ကျန်းမင်ယွမ်က လက်ညိုးဖြင့်ထောက်ပြရင်း ပြုံးလျက်ဖြေကြားလေသည်။ထို့နောက်


ဓါတ်ပုံရိုက်ခဲ့စဥ်က ဖြစ်ပျက်ခဲ့သည့် ရယ်စရာကောင်းသော ဖြစ်ရပ်တချို့ကို မျှဝေနေခဲ့သည်။


ဤသည်မှာ ကျန်းမင်ယွမ်ဘက်မှ သူ့အကြောင်းကို ပထမဆုံးအကြိမ်ဖွင့်ဟဖူးခြင်းဖြစ်ပြီး သားအမိနှစ်ယောက်ကလည်း စိတ်ဝင်တစား နားထောင်နေကြလေ၏။


ထို့ကြောင့် ကျန်းမင်ယွမ်က


စိတ်ဝင်စားစရာကောင်းသည့် အခြားဇာတ်လမ်းများကိုပါ ထပ်လောင်းပြောကြားခဲ့လေသည်။


စကားဝိုင်းအဆုံးသတ်ချိန်တွင် ည ၁၀ နာရီထိုးနေပြီဖြစ်ပြီး ရှင်းရှင်းက အဆက်မပြတ်သမ်းဝေနေပေ၏။


ကျန်းမင်ယွမ်သည် ဓာတ်ပုံကိုချကာ ရှင်းရှင်းအား ရေချိုးရန်ခေါ်သွားသည်။ထို့နောက် ကလေးအား အိပ်ရာထဲတွင်သိပ်ကာ ဧည့်ခန်းထဲသို့ပြန်ထွက်လာခဲ့၏။


ထိုအချိန်တွင် ချန်းဟွမ်သည်လည်း ရေချိုးပြီးသွားပြီဖြစ်လေသည်။သူမသည် ညအိပ်ဝတ်စုံကို


ဝတ်ဆင်ထားကာ ဆိုဖာပေါ်တွင် ထိုင်ရင်း ကျန်းမင်ယွမ်အလာကို လှမ်းကြည့်၏။


ထို့နောက် ကျန်းမင်ယွမ်၏အနီးသို့ လျှောက်သွားလေသည်။


 "ဘာဖြစ်လို့လဲ"  


ကျန်းမင်ယွမ်သည် ချန်းဟွမ်ထံ၌


ပြောစရာတစ်ခုခုရှိနေကြောင်းကို ရိပ်စားမိ၏။


 " မနက်ဖြန် ရှင့်ရဲ့မွေးရပ်မြေကို အလည်သွားတဲ့အခါ လက်ဆောင်တစ်ခုခု ယူသွားရမလား "


 ကျန်းမင်ယွမ်က ချန်းဟွမ်၏ဆံပင်ကို ခပ်သာသာပွတ်သပ်ပေးပြီး ပြောလေသည်။


“မလိုပါဘူး....လက်ထောက်က အဆင်သင့်ပြင်ပေးလိမ့်မယ်... မင်းက လူကိုယ်တိုင်လိုက်ခဲ့ပေးရုံပဲ"


 "အဲ့လိုမဟုတ်ဘူးလေ... ကျွန်မမေးချင်တာက ရှင့်အမေက ဘာကြိုက်တတ်လဲလို့"  


 ချန်းဟွမ်သည် မဒမ်ကျန်းအား  ဝတ္ထုထဲ၌ပင်ဖြစ်စေ အပြင်လောက၌ဖြစ်စေ သဘောမကျပေ။


သူမသည် ရှင်းရှင်းအား ကျောင်း၌သွေးထွက်သံယို‌ဖြစ်စေခဲ့သော အနာဂါတ်ယောက္ခမလောင်းအပေါ် စိတ်မရှင်းနိုင်ဖြစ်နေလေသည်။


 


 မည်သို့ပင်ဆိုစေကာမူ သူမကို မကြိုက်သည်က တစ်ကန့်သပ်သပ်ပင်။မဒမ်ကျန်းသည် ကျန်းမင်ယွမ်၏မိခင် ဖြစ်နေဆဲပင် ဖြစ်လေ၏။


ဤသည်ကို မပြောင်းလဲနိုင်ချေ။


ချန်းဟွမ်သည် ကျန်းမင်ယွမ်အား သူမတို့နှစ်ယောက်ကြား၌ ကြားမညပ်စေလိုပေ။


သို့သော်လည်း ချန်းဟွမ်သည် မဒမ်ကျန်းစိတ်ကျေနပ်စေရန် အထူးတလည်ကြိုးစားနေမည်မဟုတ်ပါ။


 ကျန်းမင်ယွမ်သည် ချန်းဟွမ်၏စိတ်ကို ဖတ်နိုင်ခဲ့သည်။ သူသည် အတွင်းစိတ်တွင် သက်ပြင်းချနေခဲ့သော်လည်းချန်းဟွမ်၏မျက်ခုံးဖျားကို လက်ချောင်းထိပ်များဖြင့် ခပ်ဖွဖွထိကာ ပြောလေသည်။


“မင်းနဲ့တွေ့ခဲ့ရလို့ အရမ်းဝမ်းသာတာပဲ” 


 “စကားမလွှဲပါနဲ့ ... ဒါက အရေးကြီးတယ်”  


ချန်းဟွမ်က ကျန်းမင်ယွမ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အောက်သို့ ချလိုက်၏။ 


ထို့နောက် ဆက်ပြောလေသည်။


  “ဈေးကြီးတာတော့ မပြောနဲ့...  မတတ်နိုင်ဘူး...ပြီးတော့ ညဉ့်နက်လို့ ဆိုင်တွေလည်းပိတ်နေပြီ... မနက်ဖြန်ဝယ်နိုင်မလားဆိုတာတောင် သိပ်မသေချာဘူး"


ထိုအခါ ကျန်းမင်ယွမ်က ခေါင်းငုံ့ပြီး ချန်းဟွမ်၏လက်ချောင်းများကို ထိတွေ့နေလျက် ပြောလိုက်သည်။


  " မင်း စိတ်ပူနေစရာ မလိုပါဘူး"


 "ဘာလို့လဲ... ပြင်ဆင်ထားပြီးသားလား”


 “မဟုတ်ဘူး... သူက အခု တရုတ်ပြည်မှာမရှိဘူး ”


  ကျန်းမင်ယွမ်သည် ချန်းဟွမ်၏လက်ကိုဆွဲယူကာ လက်ချောင်းများကို နမ်းလျက်ပြောလေသည်။ 


 "နှစ်​သစ်​ကူးမှာတောင် ပြန်​မလာဘူးလား"


 “မဟုတ်ဘူး...ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့ဘူး” 


 ကျန်းမင်ယွမ်သည် သူ၏အမေအကြောင်းပြောနေရသည်ကို သိပ်ပျော်နေပုံမရချေ။သူက ဟန်ဆောင်ပြုံးလျက် ချန်းဟွမ်အား ဖျောင်းဖြလေသည်။


  “အများကြီး မတွေးနဲ့...  စောစောအိပ်တော့ မနေ့ညကလို အိပ်ရေးမပျက်စေနဲ့ "


 “ညတိုင်း အိပ်ရေးပျက်အောင် မနေတော့ပါဘူး”  


ချန်းဟွမ်သည် ကိုယ့်စကားကိုယ်မယုံနိုင်အောင်ဖြစ်မိပြီး ကျန်းမင်ယွမ်ထံမှ သူမ၏လက်ကိုရုန်းလိုက်လေသည်။


လေထုက ခဏတာ ငြိမ်သက်သွားပြီးနောက် ချန်းဟွမ်က ကယောင်ကတမ်းထပြောပြန်၏။


 “ရှ- ရှင်လည်း အရမ်းနောက်ကျတဲ့ထိမနေနဲ့” 


 “အမ်း....”


 “ဒါဆို ဂွတ်နိုက်…”


 “အင်း....ဂွတ်...”


 ကျန်းမင်ယွမ်၏စကားမဆုံးသေးမီ ချန်းဟွမ်က ရုတ်တရက်ခြေဖျားထောက်လာပြီး  ကျန်းမင်ယွမ်၏နှုတ်ခမ်းများအား နမ်းလိုက်လေသည်။


Xxxxxxx