အပိုင်း ၂၂၇-၂၂၈
Viewers 22k

Chapter 227


ကျန်းမင်ယွမ်စကားတစ်လုံးသာပြောနိုင်ခဲ့ပြီး ကျန်ရှိသည်များကို မျိုချလိုက်ရပေသည်။


ချန်းဟွမ်က လည်ဂုတ်ကိုကိုင်ဆွဲထားသောကြောင့် ရှောင်လွှဲရန်လည်း မဖြစ်နိုင်ပေ။ 


ယခုတစ်ကြိမ်အနမ်းသည် မွန်းတည့်ချိန်ကထက် ပိုမိုပြင်းထန်လေသည်။သူ ချန်းဟွမ်အား အကောင်လိုက်မျိုချမိတော့မတတ် ခံစားနေရ‌ရှာ၏။


ထို့နောက် ကျန်းမင်ယွမ်ဘက်မှ နှုတ်ခမ်းများကို ခွာလိုက်လေသည်။သူ၏ အသက်ရှုသံသည် အနည်းငယ် လေးလံနေပြီး မျက်ဆံများက အလွန်မဲမှောင်နေသည်။ 


ကျန်းမင်ယွမ်က သူ၏နှုတ်ခမ်းကိုလက်ခုံဖြင့်သုတ်၏။


ထို့နောက် ချန်းဟွမ်အား ခပ်ဖွဖွတစ်ချက်နမ်းပြီး နှုတ်ဆက်လေသည်။


 "အပေါ်တက်တော့မယ်"


 “အင်း...သွားလေ”  


ချန်းဟွမ်သည် ထိုသူ၏လုပ်ရပ်ကြောင့် စိတ်ရှုပ်သွား၏။သို့သော်လည်း သူမက လက်ပြနှုတ်ဆက်သည်။


ကျန်းမင်ယွမ် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဓါတ်လှေကားဆီသို့ လှမ်းသွားလိုက်၏။ ဓာတ်လှေကားတံခါးပိတ်သွားသောအခါ ကျန်းမင်ယွမ်၏ပုံရိပ်သည်လည်း ပျောက်ကွယ်သွားတော့သည်။


 ချန်းဟွမ်က သက်ပြင်းတစ်ချက်ချကာ ပါးပြင်များ၏အပူချိန်ကို လက်ခုံဖြင့်ဖိလျက် စစ်ဆေးလေသည်။ 


ထို့နောက် အောက်နှုတ်ခမ်းကိုကိုက်ရင်း အခန်းထဲပြန်ဝင်သွား၏။သူမသည် ကုတင်ပေါ်သို့တွားသွားကာ ခေါင်းမှ ခြေဖျားအထိ စောင်နှင့် ခြုံလိုက်သည်။ ခဏအကြာတွင် စောင်ပွင့်လာပြီး အတွင်းမှ ဦးခေါင်းတစ်ခု ထွက်ပေါ်လာလေသည်။  ချန်းဟွမ်သည် အပြင်မှ လတ်ဆတ်သောလေကို ရှူရှိုက်ရင်း ပါးပြင်များကို ပွတ်သပ်ကာ “ကဲ..အခု အိပ်ရအောင်” ဟု တစ်ကိုယ်တည်း ဆိုလေ၏။


 ထို့နောက်ပြောပြောဆိုဆိုနှင့် စောင်ပုံထဲပြန်ဝင်သွားသည်။


ယခုတစ်ခါ၌မူ သူမ၏ခေါင်းကို  ဖော်ထားလေ၏။


 ***


မအိပ်မီ ကိစ္စအများအပြားစီစဉ်ရန် စဉ်းစားခဲ့သော်လည်း ‌မနေ့ည၏အိပ်စက်မှုက ချောမွေ့ခဲ့သည်။


 ချန်းဟွမ် နိုးလာချိန်၌ မနက် ၆ နာရီသာ ရှိသေး၏။


 သူမသည် အိပ်ရာမှ ဖြည်းညင်းစွာ ထကာ နံနက်စာချက်ရန် ပြင်ဆင်လေသည်။


နံနက်စာချက်မပြီးခင်မှာပင် ကျန်းမင်ယွမ်က အောက်ထပ်သို့ရောက်လာ၏။နှစ်ယောက်သား တုန်ရီသော ခံစားချက်ကို ခဏတာ  ခံစားလိုက်ကြရပြန်သည်။


ကျန်းမင်ယွမ်က မနက်စာစားပြီးနောက် သန့်ရှင်းရေးလုပ်‌ရန်ကူညီပေး၏။


 သူတို့သည် ကျန်းမင်ယွမ်၏ဇာတိကို


 ၃ရက်တာ ခရီးသွားရန်စီစဉ်ထားကြသည်။


 နေ့ခင်းဘက်၌ထွက်ခွာပြီး ၂ရက်နေ့၌ ပြန်လာကြမည်ဖြစ်‌လေ၏။ ခရီးရှည်မဟုတ်သောကြောင့် အများအပြားထုပ်ပိုးစရာမလိုသော်လည်း ဆောင်းရာသီအဝတ်အစားများက နေရာအများအပြားယူသောကြောင့်


ခရီးဆောင်အိတ်ကြီးနှစ်လုံးနှင့် အဆုံးသတ်သွားရပြန်သည်။


 ထုပ်ပိုးပြီးသောအခါ ချန်းဟွမ်က သူမ၏လက်များကို ဆေးကြောပြီးလိုးရှင်းလိမ်းနေ၏။ထိုအချိန်တွင် သူမသည်တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားလေသည်။


 "ဟုတ်သားပဲ နှစ်သစ်ကူး ညစာ ဘယ်မှာ စားမှာလဲ"


 ကျန်းမိသားစုသည် အသိုင်းအဝိုင်းကြီးမားပြီး ကျန်းမင်ယွမ်၏အဖေထံတွင် မွေးချင်း လေးဦးရှိ၏။  


အရင်မျိုးဆက်က ပို၍ပင်များသေးသည်။ 


အဘိုးကျန်း တွင် မွေးချင်းရှစ်ယောက်ရှိပြီး ၎င်းတို့တစ်ဦးစီတွင် ဆွေမျိုးများစွာရှိ၏။ စုစုပေါင်း ဆွေမျိုး (၁၀၀) နီးပါး ရှိသည်။


ကျန်းမင်ယွမ်၏ အဘိုးသည် စောစီးစွာ ကွယ်လွန်သွားခဲ့သည်။ ကျန်းမင်ယွမ်၏ဖခင်နှင့် သူ၏မွေးချင်းများသည် ဦးလေးဖြစ်သူ၏လက်ထဲ၌ကြီးပြင်းလာခဲ့ကြသည်ဖြစ်၏။ထိုဦးလေးမှာ အသက် ၉၅ နှစ်ရှိနေပြီဖြစ်ပြီး ကျန်းမာသန်စွမ်းနေဆဲပင်။ 


ခရီးစဉ်၏ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းမှာ ကျန်းမင်ယွမ်၏ အဘိုးဖြစ်သူထံ သွားရောက်လည်ပတ်ရန်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာ ထိုဦးလေးကြီးထံသို့ သွားရောက်လည်ပတ်ရန်ဖြစ်သည်။


 အဘိုးကျန်း၏ဆွေမျိုးများသည် ကျန်းမင်ယွမ်အားညစာကျွေးလျက် မျက်နှာလုပ်နိုင်မည့်အခွင့်အရေးကို အမြဲလိုလိုငြင်းခုံလေ့ရှိကြ၏။


သို့သော်လည်း ဤသည်မှာ အတိတ်မှဖြစ်ရပ်များပင်။


ယခုအချိန်၌အခြားသူ၏အိမ်၌ ညစာစားရန်က အကြံကောင်းတစ်ခုမဟုတ်သည်မှာ သေချာပေသည်။


 "ကိုယ်သွားပြီးတော့ စားပွဲတစ်ဝ်ိုင်း ဘိုကင်ချိတ်ထားလိုက်မယ် "


 "ကိုယ်တိုင် ညစာချက်စားလို့ရတာပဲ "


နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြောပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


ချန်းဟွမ်က ပြုံးပြီး လက်ထောင်ပြလိုက်၏။


  “နှစ်သစ်ကူးညစာကို တခြားနေရာမှာ သွားစားရတာက ဘယ်လိုလုပ်ပျော်စရာကောင်းမှာလဲ...  ကိုယ်တိုင်ချက်စားတာ ပိုပျော်စရာကောင်းတယ်...  အိမ်မှာ မီးဖိုချောင်ရှိတယ်လို့ ပြောခဲ့တယ်မလား”


 “အင်း…”


 “ဟုတ်ပြီ ဒါဆို ကိုယ့်ဟာကိုယ် ဟင်းချက်စရာဝယ်ပြီး ချက်စားကြမယ်...နှစ်သစ်ကို နှစ်သစ်လို ဖြတ်သန်းကြတာ‌ပေါ့  ”  


ချန်းဟွမ်သည် နှစ်သစ်ကူးနေ့တိုင်း စားစရာအများအပြား ပြင်ဆင်ပေးလေ့ရှ်ိသည့် အဘိုးဖြစ်သူကို သတိရမိသွားတော့သည်။


ယခုအချိန်၌ မည်သည်ကိုမှ မပြင်ဆင်ရသေးသော်လည်း နှစ်သစ်ကူးညစာကိုပေါ့ပေါ့တန်တန်လုပ်၍မရပေ။


"ရှင်တို့မြို့ရောက်ပြီးမှ ဝယ်ရင်ရလား"


 “ရတာ‌ပေါ့”


 "ဒါဆို ကိုယ်တိုင်ချက်စားကြရအောင်... သုံးယောက်စာပဲ... အများကြီး လုပ်စရာ မလိုပါဘူး...ဘယ်လိုအစားအစာမျိုး ကြိုက်လဲ... ပုဇွန်ကြိုက်လား"


 "ကြိုက်တယ် "


 “ မျိုးရိုးဗီဇကမလိမ်တတ်ဘူးပဲ...ရှင့်သားကလည်း ပုဇွန်ဆို အသည်းအသန် "  


ချန်းဟွမ်သည် ဖုန်းထဲတွင် မှတ်စုရေးမှတ်ပြီး


ကျန်းမင်ယွမ်ကြိုက်သော ပုစွန်အမျိုးအစားကိုမေးလာပြန်သည်။ထိုအခါကျန်းမင်ယွမ်က မည်သည့်အမျိုးအစားမဆိုအဆင်ပြေကြောင်း ပြန်ပြောလေ၏။


 “အရမ်းနောက်ကျနေပြီဆိုတော့ အခုမှ ဝယ်လို့မရတော့ဘူး...ကျွန်မကတော့ ရေချိုပုဇွန်ကို အကြိုက်ဆုံးပဲ...ကျက်လွယ်တယ်လေ ”


 "ဒါဆို အဲ့ဒါစားရ​အောင်​"


 " ဝယ်လို့ရမရက ရှိသေးတယ်လေ ”


 “ရတာပေါ့...သေချာပေါက် ”


ကျန်းမင်ယွမ်က တိုးတိုးလေးပြောသည်။  


ချန်းဟွမ်သည် နှစ်သစ်ကူးအကြိုအတွက် အခြားဟင်းလျာများအကြောင်း စဉ်းစားနေချိန်တွင် 


ကျန်းမင်ယွမ်ကအပြင်သို့ ထွက်လာပြီး ဖုန်းခေါ်ဆိုလိုက်သည်။


 “ အိမ်မှာ မီးဖိုချောင်သုံးပစ္စည်း အစုံအလင် ရှိမရှိစစ်ပြီးတော့ မရှိရင်ဝယ်ထည့်လိုက်...ပြီးရင် ရေချိုပုစွန် လတ်လတ်ဆတ်ဆတ်ရတဲ့ ဆိုင်ရှာပြီး လေယာဉ်နဲ့လှမ်းပို့ခိုင်းလိုက် "


Xxxxxxx


Chapter 228


နေ့လည်စာစားပြီးနောက် မြို့တော် S မှ ကျန်းမင်ယွမ်၏ဇာတိမြို့သို့  ၂ နာရီ လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြလေသည်။


ညနေ၄နာရီတွင် လေယာဉ်ဆိုက်ခဲ့ပြီး


ကားတစ်ဆင့်ဆက်စီးခဲ့ကြ၏။


ညနေ ငါးနာရီခွဲတွင် ထိုမြို့သို့ရောက်ရှိခဲ့သည်။


 ကျန်းမင်ယွမ်၏ဇာတိမြို့သည် တောင်ပေါ်ရှိ မြို့ငယ်ကလေးဖြစ်၏။ ထိုမြို့တွင် ခရီးသွားလုပ်ငန်း ထွန်းကားပြီး အတော်အတန် ချမ်းသာသောမြို့ဖြစ်သည်။


သုံးယောက်သား လျှောက်လမ်းကျောက်ခင်းဈေးနှင့် မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ပြီးနောက် တည်းခိုမည့်နေရာသို့ ရောက်ရှိခဲ့ကြသည်။


 ဤအရပ်မှအိမ်များသည် အဖြူရောင် နံရံ ၊ မီးခိုးရောင် အုတ်ကြွပ်မိုးများဖြင့် ဟောင်းနွမ်းသည့် အငွေ့အသက်ရနေ၏။


 အိမ်အရှေ့ဘက်၌ မြစ်ရေစီးကြောင်းရှိပြီး 


ရေပြင်က အလွန်ကြည်လင်‌နေသဖြင့်


နေရောင်အောက်၌ တလက်လက်ဖြစ်နေသည်။


ကျန်းမင်ယွမ်၏လက်တစ်ဖက်စီတွင် ခရီးဆောင်အိတ်တစ်လုံးစီ ရှိသည်။သူသည် တံတားကိုဖြတ်၍ လမ်းလျှောက်သွားပြီး ခရီးဆောင်အိတ်များကို အောက်သို့ချကာ ချန်းဟွမ်၏လက်ကို ဆုပ်ကိုင်လိုက်လေ၏။


ထို့နောက်ရှင်းရှင်းကို ပွေ့ ချီလိုက်သည်။


ကျန်းမင်ယွမ်က မလှမ်းမကမ်းရှိအိမ်တစ်လုံးကိုလှမ်းကြည့်ကာ  “ရောက်ခါနီးပါပြီ” ဟု ပြောလိုက်သည်။


ထိုအိမ်သည် ပတ်ဝန်းကျင်ရှိ အခြားအိမ်များနှင့် လုံးဝမတူပေ။ကျန်အိမ်များသည် မြစ်ကမ်းဘေးရှိ နှစ်ထပ် အဆောက်အအုံများသာဖြစ်သည်။ 


အိမ်တစ်ဝိုက်တွင် သေသပ်သော ခြံစည်းရိုးတစ်ခုရှိပြီး ခြံဝန်းအတွင်းရှ်ိ အမြဲစိမ်းပင်အချို့၏အကိုင်းအခက်များကအပြင်သို့ဖောက်ထွက်နေလေ၏။


ထိုအသွင်အပြင်ကြောင့် အိမ်၏အနေအထားမှာ ပိုမို၍ရင်သပ်ရှုမောစရာဖြစ်လာသည်။


 


ခြံပြင်မှနေ၍ သံတံခါးကို တွန်းဖွင့်လိုက်သောအခါ


 အလွန်စည်ကားသော ခြံဝင်းတစ်ခုပေါ်ထွက်လာ၏။


၎င်းကိုကျွမ်းကျင်ပညာရှင်များမှ ဂရုတစိုက် ပြင်ဆင်ထားသည်မှာ သေချာသည်။


ဆောင်းရာသီ၌ပင် ပန်းများပွင့်နေလေ၏။


 ခြံအလယ်တွင် လမ်းသွယ်တစ်စင်းရှိသည်။


 ကျန်းမင်ယွမ်သည် အရှေ့သို့ လျှောက်သွားကာ ပန်းအိုးအောက်မှ သော့တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ထို့နောက် အိမ်တံခါးကို ဖွင့်လိုက်သည်။


 အိမ်ကို အပြင်ဘက်မှကြည့်လျှင် အလွန်ရှေးရိုးဆန်သည်ဟု ထင်ရသော်လည်း အတွင်းပိုင်းအပြင်အဆင်များက လှပသည်။ဧည့်ခန်းသည် အလွန်ကျယ်ဝန်းပြီး ပရိဘောဂအားလုံးကို သစ်သားဖြင့် ပြုလုပ်ထားသည်။အလွန်တန်ဖိုးကြီးမည့်ပုံပင်ဖြစ်လေသည်။


ကျန်းမင်ယွမ်က ခရီးဆောင်အိတ်များကို ဧည့်ခန်းထဲ၌ထားခဲ့ပြီး သားအမိနှစ်ယောက်အား အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။


ဤနေရာသည် ကျန်းမင်ယွမ်၏တိုက်ခန်းကဲ့သို့ပင် အခန်းများများစားစားမရှ်ိချေ။


မာစတာအိပ်ခန်းတစ်ခန်း၊ အရံအိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် စာကြည့်ခန်းတစ်ခန်းသာရှိသည်။ 


မာစတာအိပ်ခန်းကို ကျန်းမင်ယွမ်၏မိဘများသုံးစွဲခဲ့ကြ၏။သို့သော်လည်း ယခုနှစ်တွင် မဒမ်ကျန်းပါမလာ၍ ထိုနေရာက လစ်လပ်နေလေသည်။  


ကျန်းမင်ယွမ်သည် ထိုအခန်းသို့ ပြောင်းရွှေ့နေရန် ရည်ရွယ်ချက်မရှိပေ။


သူသည် အရံအိပ်ခန်းဆီသို့ တည့်တည့်လျှောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။


အရံအိပ်ခန်းဟု ဆိုသော်လည်း အလွန်ကျယ်ဝန်းနေ၏။ တံခါးနှင့် မျက်နှာချင်းဆိုင်တွင် ပိတောက်သားဖြင့် ပြုလုပ်ထားသော စားပွဲနှင့် ကုလားထိုင်များရှိလေသည်။


ထိုအပိုင်းကို မှန်သားပြင်တစ်ခုဖြင့် ပိုင်းခြားထားပြီး တစ်ဖက်တွင် ရှေးရိုးဆန်သည့် Babu ကုတင်ကို မြင်နိုင်၏။


ကုတင်ဘောင်ပေါ်တွင် လူသားများနှင့် အခြားကံကောင်း  စေသော ဒဏ္ဍာရီလာသတ္တဝါများ၏ ကိုယ်လုံးများကိုထွင်းထုထားပြီး ရွှေရောင်ခြယ်သထားသည့်ပုံအရ ရှေးဟောင်းပစ္စည်းဖြစ်ပုံရသည်။


 


 ကျန်းမင်ယွမ်မှလွဲ၍ ကျန်နှစ်ယောက်သည် ဤကဲ့သို့သောကုတင်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။


ကျန်းမင်ယွမ်က  စိတ်ဝင်တစားဖြစ်နေသော သားအမိအား  နောက်ခံဇာတ်လမ်းအချို့ကို ရှင်းပြလေသည်။


 ဤသည်မှာ ချင်မင်းဆက်မှ သယ်ဆောင်လာသော ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်၏။


 ချန်းဟွမ် အံသြသွားသည်။သူမသာဆိုလျှင် ဤကဲ့သို့သော ရှေးဟောင်းကုတင်မျိုးပေါ်တွင်  အိပ်မပျော်နိုင်ဟု ခံစားမိ၏။ 


ကံကောင်းစွာနှင့်ပင် ဤသည်မှာ ကျန်းမင်ယွမ်၏အခန်းဖြစ်နေသည်။


ချန်းဟွမ် သက်ပြင်းတစ်ချက်ချပြီးသည်နှင့် သူမ၏နံဘေးရှ်ိလူက  ဆက်ပြောလာလေသည်။


“ဒီအိမ်က ကုတင်တွေအားလုံးက ဒီလိုပုံစံတွေပဲ.... မင်းမကြိုက်ရင် တစ်ယောက်ယောက်ကို တခြားကုတင်လဲပေးဖို့ ပြောလို့ရတယ်"


မဒမ်ကျန်းသည် ဤကုတင်များအား လုံးဝသဘောမကျခဲ့ပေ။ သူမသည် ၎င်းတို့မှာ ရှေးယခင်က အကြွင်းအကျန်များဖြစ်ပြီး လဲလှယ်မပေးပါကအိမ်ပြန်လာတော့မည်မဟုတ်ကြောင်းပြောခဲ့ဖူးသည်။


 ထို့ကြောင့် ကျန်းမင်ယွမ်က နှစ်စဉ်နှစ်တိုင်း အိပ်ရာများကိုပြောင်းလဲပေးပြီး အမေဖြစ်သူပြန်သွားသည့်အချိန်များမှ ရှိရင်းစွဲအတိုင်းပြန်ထားစေသည်။


ထို့ကြောင့် ယခုတွင် ချန်းဟွမ်က ပြောလိုက်သည်နှင့် အခြားကုတင်ကို ချက်ချင်းအသင့်ပြင်ပေးနိုင်မည်ဖြစ်လေ၏။


 "ဒါနဲ့အတူတူပဲလား"


 “အနည်းနဲ့အများပေါ့”


 ပြောပြီးသည်နှင့် ကျန်းမင်ယွမ်က သားအမိနှစ်ယောက်အား ဧည့်သည်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။


 ဧည့်သည်အိပ်ခန်းသည် အရံအိပ်ခန်းထက် အနည်းငယ်ပိုကျဥ်းသော်လည်း အတွင်းပိုင်းပြင်အဆင်များမှာ အနည်းနှင့်အများ အတူတူပင်ဖြစ်လေသည်။ 


ဤအရာသည် ရိုးရာပုံပြင်များထဲမှ ဇာတ်ဝင်ခန်းနှင့်ပင် ဆင်တူသေး၏။


အိပ်ရာတိုင်များပေါ်၌ ထွင်းထုထားသော ပန်းကြွလက်ရာများသည် အလွန်အသေးစိတ်ပြီး မြင်းလည်ဆံမွေးများကိုပင် မြင်နိုင်သည်။


 ချန်းဟွမ်သည် ဤအရာက မည်မျှတန်ဖိုးရှိသည်ကိုစဉ်းစားရန် ငြင်းဆန်ခဲ့သည်။ သူမသည် စည်းစိမ်ဥစ္စာကြွယ်ဝမှုအား ခါးသီးမိသွားမည်ကို စိုးရိမ်မိ၏။


ချန်းဟွမ်က ထိုသစ်သားပန်းကြွများကို လှည့်ပတ်ကြည့်ရှုပြီး အဆုံးသတ်တွင် ကုတင်လဲခြင်းမပြုတော့ရန် စိတ်ဆုံးဖြတ်ခဲ့လေသည်။


Xxxxxxx