အပိုင်း ၂၂၉-၂၃၀
Viewers 20k

Chapter 229


ကုတင်သည် အခန်းတံခါးအကျယ်ထက် ပိုကြီးရာ

အခန်းထဲသို့ သွင်းမည်ဆိုလျှင် အားစိုက်ထုတ်ရမည်ဖြစ်လေသည်။


 ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းများအား မကြာမဏ အပြောင်း‌အရွှေ့လုပ်နေခြင်းက မသင့်တော်ပေ။


ဤကုတင်ပေါ်တွင် အိပ်စက်ရန် ဖိအားများသည်မှာမှန်သော်လည်း  အလွန်လှပလွန်းသည်ကိုတော့ ဝန်ခံရပေမည်။ကုတင်မှာ တင့်တယ်လွန်း၍ အကြည့်ပင်မလွှဲနိုင်ချေ။


 ချန်းဟွမ် သစ်သားပန်းကြွကို လက်ညိုးဖြင့် တို့ထိကာ အနောက်တွင် ရပ်နေသော အမျိုးသားဘက်သို့လှည့်ကြည့်၍ပြောလေသည်။


“ရပါတယ်...ဒါလည်း အဆင်ပြေပါတယ် ”


ကျန်းမင်ယွမ်သည် ထိုစကားကိုကြားသောအခါ ဝမ်းသာသွားပုံရ၏။သူသည် ငယ်စဥ်ကတည်းက ဤနေရာ၌နေခဲ့ပြီး ဤအသုံးအဆောင်များဖြင့်သာ အတူကြီးပြင်းလာခဲ့ပေသည်။


 ချန်းဟွမ်ကလည်း ဤအရာများကိုသဘောကျကြောင်းသိလိုက်ရသည့်အတွက် ကျန်းမင်ယွမ်က အံ့သြသွားတော့သည်။သူတို့နှစ်ယောက် ပိုရင်းနှီးလာကြသလို ခံစားလိုက်ရ၏။


 အခန်းများကို လှည့်လည်ကြည့်ရှုပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းကာ အထုပ်သယ်ရန်သွားကြသည်။


သုံးယောက်သား အောက်ထပ်သို့ ဆင်းလာသည်နှင့် အပြင်ဘက်မှ တစ်စုံတစ်ယောက်၏အော်ခေါ်သံကိုကြားလိုက်ရတော့၏။


 "ကိုယ်သွားကြည့်လိုက်ဦးမယ်"


 “အင်း...သွားလေ ...ခရီးဆောင်အိတ်တွေက သိပ်မလေးပါဘူး”


ချန်းဟွမ်သည် အိတ်များကို အပေါ်ထပ်သို့ ယူဆောင်သွားပြီး ထုတ်စရာရှိသည်များကိုထုတ်လိုက်သည်။


ထို့နောက်  အောက်ထပ်သို့ ပြန်ဆင်းလာချိန်တွင် 


အခြားလူနှစ်ယောက်ထိုင်နေသည်ကို တွေ့ခဲ့ရ၏။


ထိုနှစ်ဦးသည် အသက်လေးဆယ်ကျော် လူလတ်ပိုင်း စုံတွဲတစ်တွဲဖြစ်ပုံရသည်။ သူတို့က ချန်းဟွမ်အား လှည့်ကြည့်ကြ၏။ ထို့နောက်အမျိုးသမီးက ကျန်းမင်ယွမ်ဘက်သို့ပြန်လှည့်ပြီး  "ဒါက ယောင်းမလေးဖြစ်ရမယ်" ဟု ပြုံးလျက်ပြောလေသည်။


ထိုအခါ ကျန်းမင်ယွမ်က ပြုံးပြီး ခေါင်းငြိမ့်ပြကာ ချန်းဟွမ်ထံသို့လျှောက်လှမ်းလာပြီး လက်ကိုကိုင်ဆွဲလေ၏။ထို့နောက် အခြားသူများနှင့်မိတ်ဆက်ပေးသည်။


  “ဒါက စတုတ္ထအစ်ကိုနဲ့ သူ့အမျိုးသမီး‌လေ”


ကျန်းမိသားစုသည် ကျယ်ပြန့်ပြီး ဆွေမျိုးများစွာရှိလေသည်။ ကျန်းမင်ယွမ်သည် ချန်းဟွမ်အား လမ်းခရီး၌အတိုချုံး၍ရှင်းပြခဲ့ပြီး ထိုထဲ၌ ဤနှစ်ယောက်လည်း အပါအဝင်ဖြစ်သည်။


 စတုတ္ထအစ်ကိုသည် အဘိုးကြီး၏ဒုတိယမြောက်အကြီးဆုံးသားမှ ဆင်းသက်လာခြင်းဖြစ်သည်။ 


သူသည် အလယ်အလတ်ဖြစ်သော နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းတစ်ခုကို ဦးစီးနေ‌၏။


ထိုစုံတွဲက ထင်မှတ်ထားသည်ထက် ပိုစော၍ရောက်ရှိလာကြပြီး ကျန်းမင်ယွမ်တို့အား ညစာစားရန်ဖိတ်ခေါ်ကြသည်။အဘိုးကြီးသည်လည်း ကျန်းမင်ယွမ်ပြန်လည်ရောက်ရှိကြောင်းကိုသိပြီး အမြန်ဆုံးတွေ့ချင်နေပြီဖြစ်သည်။


 "ဘယ်လိုလဲ.... မင်းအဆင်မပြေရင် ကိုယ်ငြင်းလိုက်လို့ရတယ် "  ကျန်းမင်ယွမ်က ချန်းဟွမ်အား ခပ်တိုးတိုးပြောသည်။


 "သွားတာပေါ့"  


ချန်းဟွမ် မဆိုင်းမတွပင် ခေါင်းငြိမ့်လိုက်၏။


ဤ‌အရပ်သို့ရောက်နေပြီဖြစ်၍ လူကြီးသူမများနှင့် အနှေးနှင့်အမြန်ဆိုသလို တွေ့ဆုံရတော့မည်ဖြစ်ပြီး ၎င်းကိုရှောင်လွှဲ၍မရပေ။


ထိုအခါမှ ကျန်းမင်ယွမ် စိတ်သက်သာရာရသွားတော့သည်။  


အပေါ်ထပ်၌ရှိနေသောရှင်းရှင်းက မိဘများကို စောင့်မျှော်နေလေ၏။ရှင်းရှင်းသည် အိပ်ခန်းကျယ်ကြီးရှိ ကုတင်ပေါ်တွင် လှည့်ပတ်ဆော့ကစားနေခဲ့ပြီး ဆံပင်များပင် ရှုပ်ပွနေပြီဖြစ်သည်။ 


သူသည်  အဖေဖြစ်သူနှင့်အတူ အောက်ထပ်သို့ဆင်းလာချိန်၌ပင် ဂနာငြိမ်မနေပေ။ 


ကျန်းမင်ယွမ်သည် ရှင်းရှင်း၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သတိထား၍ထိန်းပေးနေသည်။


ထို့နောက် ရှင်းရှင်းအား ဧည့်သည်များထံခေါ်သွား၏။


ရှင်းရှင်းက ထိုနှစ်ယောက်အား ပြုံးပြလျက်ချစ်ဖို့ကောင်းစွာ နှုတ်ဆက်လေသည်။


 ကျန်းမင်ယွမ်သည် အမျိုးသမီးတစ်ဦး ၊ ကလေးတစ်ဦးနှင့်အတူ ပြန်လာခဲ့ကြောင်း ၎င်းတို့ကြားသိခဲ့ပြီးဖြစ်ပြီး ကျန်းမင်ယွမ်၏ဇနီးနှင့် သားဖြစ်မည်ဟု ကြိုတင်တွက်ဆထားခဲ့ကြသည်။သို့သော် သားဖြစ်သူမှာ ဤအရွယ်ရောက်နေပြီဟု ထင်မထားခဲ့ပေ။


 လင်မယားနှစ်ယောက်က ကျန်းမင်ယွမ်နှင့် ချန်းဟွမ်အား အပြန်ပြန်အလှန်လှန်ကြည့်ကာ ရှင်းရှင်းအတွက် လက်ဆောင်ကို ထုတ်ပေးကြသည်။


ဘီယာဗိုက်နှင့်အစ်ကိုဝမ်းကွဲဖြစ်သူက 


ကျန်းမင်ယွမ်အား စနောက်လျက်အရွှန်းဖောက်လာလေ၏။


  "ငါတို့မှာတော့ တစ်ယောက်တည်း မိန်းမ မရှာတတ်ဖြစ်နေမှာကို စိုးရိမ်လိုက်ရတာ...သူကတော့ ကလေးတောင်ရပြီးလို့ ဒီအရွယ်ရောက်နေပြီ "


 ကျန်းမင်ယွမ်က ရှင်းရှင်း၏လက်ကိုကိုင်ထားပြီး


ချန်းဟွမ်ကိုတစ်ချက်ကြည့်သည်။ထို့နောက် လင်မယားနှစ်ယောက်အား ပြုံးပြလိုက်လေ၏။


 "ဟုတ်တယ်...ကျွန်တော့်ကိုယ်ကျွန်တော်တောင် အံ့သြမိတယ်"


 " မင်း မင်္ဂလာမဆောင်ရသေးဘူးမလား...  ဘယ်တော့လဲ မင်္ဂလာဆောင်တယ်ဆိုတာက အရေးကြီးတယ်...ပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ရမှာပေါ့ ”  


ကျန်းမင်ယွမ်က ထိုနှစ်ယောက်အား ဇာတိမြို့အထိခေါ်လာခဲ့သည်။ဤသည်မှာ ထိုမိန်းကလေးက သူ၏ဇနီးလောင်းဟု လူသိရှင်ကြားကြေငြာလိုက်ခြင်းနှင့် မခြားနားပေ။ထို့ကြောင့် ကျန်းမင်ကျိုးက ကျန်းမင်ယွမ်၏ပုခုံးကိုပုတ်လျက် ပေါ့ပေါ့ပါးပါး ပြောလေသည်။


 " ဒါပေါ့ "


 "ရက်ရောရွေးပြီးပြီလား"


 "ဟင့်အင်း....ကျွန်တော်တို့ စဥ်းစားနေတုန်းပါပဲ"  


ကျန်းမင်ယွမ်က ချန်းဟွမ်၏လက်ကိုဆုပ်ကိုင်လျက် ပြောလိုက်၏။


Xxxxxxx


Chapter 230


ချန်းဟွမ် က အပြုံးမပျက်ဘဲ ကျန်းမင်ယွမ်၏လက်ချောင်းထိပ်များကိုညှစ်ပြီး စကားမကျွံစေရန် သတိပေးလေသည်။


သို့သော်လည်း ကျန်းမင်ယွမ်က ချန်းဟွမ်၏လက်ချောင်းများထဲသို့ သူ၏လက်ချောင်းများကို ထိုးလျိုပစ်လိုက်သဖြင့် ချန်းဟွမ်ဘာမှမတတ်နိုင်တော့ချေ။


အနီးနားတွင် ထိုင်နေသော ကျန်းမင်ကျိုးသည် ထိုအရာများအားလုံးကို သတိမမူမိပေ။ 


သူကဝမ်းကွဲညီ၏မင်္ဂလာဆောင်အကြောင်းကို တွေးတောနေရင်း ဝမ်းဗိုက်ကို ပွတ်သပ်နေလေ၏။


“ဟုတ်တယ်...ဒါမျိုးက အရေးကြီးတယ်... ရက်ကောင်းကောင်းရွေးရမယ် ”


“ကျွန်တော်လည်း အဲ့လိုပဲ ခံစားရတယ် ”


***


စကားဝိုင်းမှာသိပ်မကြာလိုက်ပေ။


ကျန်းမင်ယွမ်က အတူယူလာသော လက်ဆောင်များကို ထုတ်ပြီးနောက် အဘိုးကြီး၏အိမ်သို့အတူလိုက်သွားကြလေသည်။


အဘိုးကြီး၏အိမ်သည် ကျန်းမင်ယွမ်၏နေရာထက် အဆပေါင်းများစွာပိုကြီးမားပြီး ခြံဝင်းအတွင်း မတူညီသော အဆောက်အဦး ၅ ခု မှ ၆ ခုအထိရှိသည်။


အခန်းအများအပြားလည်းရှိပြီး လူအများအပြား နေထိုင်နိုင်ပေ၏။အဘိုးကြီး၏သားသမီး ၅ယောက်မှ ဆင်းသက်လာသော မြေး ၁၀‌ ယောက် ၊ ‌မြေး ၁၀ယောက်မှ တစ်ဖန်ပြန့်ပွားလာကြပြန်သော ၁၀ ဦးထက်မနည်းသည့် မြစ်များ


အားလုံးက ဤအိမ်သို့ရောက်ရှိနေကြလေသည်။


ရှိရင်းစွဲအခန်းပင် မလောက်တော့သည့်အနေအထားဖြစ်ပေ၏။


သုံးယောက်သား အဘိုးထံ ဦးစွာသွားလိုက်ကြသည်။


အဘိုးက အဆောက်အဦးတစ်ခုတွင် သီးသန့်နေထိုင်၏။


ထိုအဆောက်အဦးထဲတွင် မိသားစုဆရာဝန်များနှင့် ဝေယျာဝစ္စလုပ်ပေးသူများစွာရှိလေသည်။ထိုသူများက ကျန်းမင်ယွမ်တို့ကို နှုတ်ဆက်ကြ၏။


ကျန်းမင်ယွမ်၏ဘေး၌ကပ်လျှောက်လာသောချန်းဟွမ်သည် သူမအပေါ်စူးစိုက်နေသောအကြည့်များအား အာရုံစိုက်စရာမလိုပေ။


ကျန်းမင်ယွမ်က ချန်းဟွမ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်သက်သာစေရန် ခပ်တိုးတိုးပြောလေသည်။


“ ဒီတိုင်း လျစ်လျူလိုက် ”


"အင်းပါ ကျွန်မသိတယ်" ချန်းဟွမ်က ပြန်ဖြေလိုက်၏။


အဘိုး၏နေရာသည် တိတ်ဆိတ်နေပြီး အဆောက်အအုံအပြင်ဘက်တွင် နောက်ဖေးတစ်နေရာရှိသည်။ တံစက်မြိတ်အောက်၌ ငှက်လှောင်အိမ်အချို့ကို ချိတ်ဆွဲထားပြီး ၎င်းတို့အထဲတွင် ကြက်တူရွေးအရောင်မျိုးစုံရှိပေ၏။


ကျန်းမင်ယွမ်တို့ နီးကပ်လာသည်နှင့်တစ်ပြိုင်နက် အသံတစ်သံကို ကြားလိုက်ရလေသည်။


" အဘိုး.. ဒီမှာတစ်ယောက်ယောက် လာတွေ့နေတယ် "


ရုတ်ချည်းထွက်ပေါ်လာသောအသံက ချန်းဟွမ်နှင့် ရှင်းရှင်းတို့နှစ်ယောက်စလုံးကို လန့်ဖျပ်သွားစေသည်။ ရှင်းရှင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်သော်လည်းစကားပြောနေသောသူကို မတွေ့ပေ။


ကလေးလေးက ချန်းဟွမ်၏အနားသို့ကပ်ကာ ပြောလေသည်။


“ မေမေ...ဒီမှာ မမြင်ရတဲ့ လူတစ်ယောက်ယောက်ရှိနေပြီ” 


ထိုစကားအဆုံးတွင် ရယ်သံတစ်ခုထွက်ပေါ်လာပြီး ရှင်းရှင်းသည်ချန်းဟွမ်နှင့် ပို၍ပင် ပူးကပ်သွားတော့သည်။


ချန်းဟွမ်သည် ယခင်က ကြက်တူရွေးမမွေးခဲ့ဖူးသော်လည်း အချို့သောမျိုးစိတ်များအား စကားပြောရန် လေ့ကျင့်ပေးနိုင်ကြောင်းကို သူမ သိသည်။ 


အသံထွက်လာသည့်နေရာကို လှမ်းကြည့်လိုက်သောအခါ


ကြက်တူရွေးကြီး၏ စိမ်းစိုနေသော မျက်လုံးများကို မြင်လိုက်ရ၏။ကြက်တူရွေးက ခေါင်းငြိမ့်ပြပြီး ချန်းဟွမ်ကိုကြည့်ကာ "မင်္ဂလာပါ အချောလေး" ဟု နှုတ်ဆက်လေသည်။


ချန်းဟွမ်တစ်ယောက် ဆွံ့အသွားတော့၏။


“ဒီတစ်ကောင်က ယဉ်ပါတယ်... လျစ်လျူရှုလိုက်လို့ရတယ် " 


ကြက်တူရွေးများသည် သက်တမ်းရှည်ကြပြီး 


ထိုတစ်ကောင်မှာ ကျန်းမင်ယွမ်မွေးကတည်းက ဤနေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။


ကျန်းမင်ယွမ်သည် ရှင်းရှင်းအားဆွဲခေါ်လိုက်ပြီး 


ထိုအရာသည် စကားပြောတတ်သည့် ကြက်တူရွေးတစ်ကောင်သာဖြစ်၍ ကြောက်လန့်စရာမလိုကြောင်း ပြောကြားလေသည်။


ကြက်တူရွေးတစ်ကောင်် စကားပြောနိုင်သည်ဟု

ရှင်းရှင်း ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။


ကလေးလေးက ချက်ချင်းဆိုသလို သိချင်စိတ်ပြင်းပြလာပေသည်။


ရှင်းရှင်းသည်တံခါးနားမှ ကြက်တူရွေးကို အချိန်အတော်ကြာ မော့ကြည့်ရင်း နောက်ဆုံး၌ “မင်္ဂလာပါ” ဟုပြောလိုက်၏။


ထိုအခါ ကြက်တူရွေးက ပြန်မေးလေသည်။


"မင်းကဘယ်သူတုန်း"


တစ်ဖက်မှ အမှန်အကန်တုံ့ပြန်လာသဖြင့် ရှင်းရှင်းသည်ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။ 


သူသည် ကြက်တူရွေးထံပြေးသွားပြီး ထပ်မံမိတ်ဆက်လိုက်၏။ စကားအများအပြားပြောပြီးသောအချိန်တွင် ထိုကြက်တူရွေးက တစ်ခွန်းသာ ပြန်လည်တုံ့ပြန်လေသည်။


“မင်းက ဘယ်သူတုန်း” 


"ရှင်းရှင်း နောက်မှကစားနော်...အဘိုးဆီ အရင်သွားကြမယ် ”


“ဟုတ်ကဲ့ ” ရှင်းရှင်းက ခေါင်းငြိမ့်လိုက်သည်။


ကလေးလေးက အဖေဖြစ်သူ၏လက်ကိုဆုပ်ကိုင်ထားပြီး မိဘများနှင့်အတူလိုက်သွား၏။မသွားမီတွင် ကြက်တူရွေးကို လက်ပြနှုတ်ဆက်လိုက်သေးသည်။


အဘိုးသည် အသက်ကြီးပြီဖြစ်၍ လှေကားအတက်အဆင်းကို အလွယ်တကူ မပြုနိုင်တော့ဘဲ အချိန်အများစုကို အခန်းတွင်း၌သာ ကုန်ဆုံးလေ၏။


ကျန်းမင်ယွမ်သည် ချန်းဟွမ်တို့အား အဘိုးကြီးနှင့်တွေ့ပေးရန် ခေါ်ဆောင်လာခဲ့သည်။


သူအခန်းတံခါးခေါက်လိုက်ချိန်တွင် အခန်းတွင်းမှအသံတစ်ခုထွက်ပေါ်လာ၏။


"မင်ယွမ်လား... လာ...လာ...‌ဒေါက်‌ ဒေါက်သံ ကြားလိုက်တာနဲ့ မင်းမှန်းသိတယ်" 


အသက်ကြီးသော်လည်း လေသံက မာနေဆဲပင်။

အသံနားထောင်ရုံဖြင့် အဘိုးသည် ကျန်းမာရေးကောင်းရန် အလားအလာများကြောင်းခန့်မှန်းနိုင်ပေသည်။


ကျန်းမင်ယွမ် ထိုစကားကိုကြားသောအခါ ပို၍ စိတ်သက်သာရာရသွားသည်။ 


သူ အထဲသို့ လမ်းလျှောက်ဝင်သွားပြီး လက်ဆောင်ထုပ်များကို စားပွဲပေါ်တင်ကာ " အဘိုး " ဟု လှမ်းခေါ်လိုက်လေ၏။ထို့နောက် အခြားသူများကို မိတ်ဆက်ပေးသည်။


"ဒါက ချန်းဟွမ်တဲ့... ကျွန်တော့်ကောင်မလေး... ဒါက ကျွန်တော်တို့ရဲ့သား ကျန်းရှင်းချန်လို့ခေါ်ပါတယ်.. ၅ နှစ်ပြည့်တော့မှာပါ ”


ကျန်းမင်ယွမ် မိတ်ဆက်ပေးပြီးနောက် ချန်းဟွမ်သည် 


" နေကောင်းရဲ့လား အဘိုး " ဟု နှုတ်ဆက်လေသည်။


ရှင်းရှင်း စက္ကန့်အနည်းငယ်မျှ တွေဝေသွားပြီးနောက် ချန်းဟွမ်ကဲ့သို့ပင် ထပ်မံနှုတ်ဆက်လိုက်၏။


အမေဖြစ်သူက ခပ်သာသာလက်တို့လာမှသာ ရှင်းရှင်းသည် အခေါ်အဝေါ်ပြောင်းရန် သတိရသွားတော့သည်။


" နေကောင်းရဲ့လား ဘိုးဘိုးကြီး (အဘေး) "


Xxxxxx