အပိုင်း ၂၃၁-၂၃၂
Viewers 22k

Chapter 231


အဘိုးသည် အသက်အရွယ်ကြီးရင့်၍ မျက်စိသိပ်မကောင်းတော့ပေ။


 ကျန်းမင်ယွမ် နိဒါန်းပျိုးပြီးနောက် အဘိုးကြီး

ချန်းဟွမ်နှင့် ရှင်းရှင်းကို ခဏတာဝေ့ဝိုက်ကြည့်လေသည်။နောက်ဆုံးတွင် သူသည် အကြိမ်အနည်းငယ် ရယ်မောလျက် "ဟုတ်ပါပြီ" ဟု ပြောခဲ့၏။


 "မင်းဟာမင်း လက်တွဲဖော်ရှာနိုင်သွားလို့ဝမ်းသာပါတယ်...ငါလည်းစိတ်ဖြောင့်သွားတာပေါ့ ... မင်းအဖေက ဒီလိုမြင်ကွင်းကိုမကြည့်ဘဲနဲ့ အစောကြီးထွက်သွားတာကိုတော့ စိတ်မကောင်းဘူးကွာ ”  


ကျန်းမင်ယွမ်အားမြင်နေရခြင်းက အဘိုးကို ဆုံးပါးသွားသည့် တူဖြစ်သူအား အောက်မေ့သတိရသွားစေသည်။


ထိုအခါ ကျန်းမင်ယွမ်၏အပြုံးများက ရုတ်ချည်းပျောက်ကွယ်သွားပြီး ငြိမ်ကုပ်ကုပ်ဖြစ်သွားတော့၏။


 “ထားလိုက်ပါတော့ကွာ....  တခြားအကြောင်းပြောကြရအောင်"  


အဘိုးက ရင်ဘတ်ထဲမှ လက်ကိုင်ပုဝါကို ဆွဲထုတ်ပြီး နှာခေါင်းကို သုတ်ရင်းပြောလေသည်။


ထို့နောက်ကျန်းမင်ယွမ်တို့အား ထိုင်စေပြီး ရှင်းရှင်းအား လက်ယပ်ခေါ်ကာ ရှင်းရှင်းအား စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ကျန်းမင်ယွမ်ကို လှမ်းပြုံးပြပြီးပြောတော့သည်။


 "မင်းငယ်ငယ်တုန်းက ရုပ်အတိုင်းပဲ "


ဤသည်ကို ရှင်းရှင်းက နားလည်မှုလွဲပြီး ဘုမသိဘမသိဝင်ယောင်လေ၏။


 "ဟုတ်ကဲ့...သားလည်းအဲ့လိုပဲထင်​ပါတယ်​ "


 ကလေးလေး၏စကားက အဘိုးကြီးအား ဟက်ဟက်ပက်ပက်ရယ်မောစေသည်။


အဘိုးအိုက ရှင်းရှင်း၏နှဖူးကိုလက်ညိုး‌ဖြင့်ထောက်ပြီး 


“ကြည့်ပါဦး...ငယ်ငယ်လေးနဲ့ လည်နေလိုက်တာ"


 ရှင်းရှင်းသည် အဘိုးကြီး ရယ်မောနေသည့်အကြောင်းအရင်းကို နားမလည်သော်လည်း အတူတူလိုက်ပါရယ်မောပေးခဲ့လေ၏။


 


ထို့နောက်တွင် ရှင်းရှင်းက ဘိုးဘိုးကြီးအား ခွင့်တောင်းသည်။


“သား ငှက်ကလေးနဲ့ သွားကစားချင်လို့” 


အဘိုးက ကလေးငယ်ဆီမှ ဤကဲ့သို့သောစကားမျိုးကို မမျှော်လင့်ထားပုံရသည်။


သူသည် အစောပိုင်း၌ ခဏတာငြိမ်သက်သွားသော်လည်း နောက်ဆုံးတွင် သဘောတကျရယ်ပြန်လေသည်။


  “ဟုတ်ပါပြီဗျာ... သွားကစားပါ... ဒုံဒုံနဲ့ဆော့ရင်း


မထိခိုက်မိအောင် သတိထားဦး"


 " ကျေးဇူးအများကြီးတင်ပါတယ်ဗျ "


 ရှင်းရှင်းက ဝမ်းသာအားရပြောပြီး မိဘများကိုလက်ဝှေ့ယမ်းပြရင်း အပြင်သို့ ပြေးထွက်သွားတော့၏။


 ခဏအကြာတွင် အခန်းတွင်းရှိ လူကြီးများသည် ကြက်တူရွေးများထံမှ  “မင်းက ဘယ်သူတုန်း” ဟူသော မေးသံများကို ကြားလိုက်ကြရသည်။


 ချန်းဟွမ်နှင့်ကျန်းမင်ယွမ် တို့သည် အခန်းထဲတွင်

ကျန်ရှိခဲ့ပြီး အဘိုးနှင့် စကားစမြည်ပြောကြ၏။  စကားအများစုကို ကျန်းမင်ယွမ်နှင့် အဘိုးကြီးက ဦးဆောင်ကြပြီး ချန်းဟွမ်က တစ်ဖက်၌နားထောင်နေလေသည်။


ရံဖန်ရံခါတွင် စကားအကြောင်းအရာများသည် သူမတို့နှစ်ဦးသား၏ဆက်ဆံရေးနှင့်ပတ်သက်သည့် မေးခွန်းများ


အဖြစ်သို့ အသွင်ပြောင်းသွားလေ၏။


အတိအကျပြောရလျှင် သူတို့နှစ်ဦး၏လက်ထပ်မည့်အချိန်ကာလအကြောင်းပင်ဖြစ်သည်။


 ချန်းဟွမ်သည် အဘိုး၏မျှော်တလင့်လင့်အကြည့်များအောက်တွင် ပြုံးပြရုံသာတတ်နိုင်ခဲ့လေ၏။


ကျန်းမင်ယွမ်သည်လည်း ကနဦးက အဖြေအတိုင်းသာ ပြန်ဖြေလေသည်။


   "ကျွန်တော်တို့ ဆုံးဖြတ်နေတုန်းပါ..."


 "အင်း ...ဒါဆိုလည်း မြန်မြန်လုပ်...  ငါက မငယ်တော့ဘူး....ငါ့မှာ အချိန်ဘယ်လောက်ကျန်သေးလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ...  အချိန်မလွန်ခင်တော့ မင်းရဲ့မင်္ဂလာပွဲကို ကြည့်သွားချင်သေးတယ်ကွာ "


 " အဲ့လိုမပြောပါနဲ့ အဘိုး... အဘိုးရဲ့ အသက်တစ်ရာပြည့်မွေးနေ့ကို ကျွန်တော်တို့ မျှော်လင့်နေပါတယ် "  


ထိုအခါ အဘိုးက မြေးဖြစ်သူကို ပြုံးကြည့်လျက် ခေါင်းကိုယမ်းသည်။သူသည် ဤ‌အကြောင်းအရာအား ဆက်မပြောတော့ပေ။


 ထိုအချိန်၌ အိမ်အကူများထဲမှတစ်စုံတစ်ယောက်က တံခါးလာခေါက်ပြီး ညစာအား မည်သည့်နေရာ၌သုံးဆောင်မည်ဖြစ်ကြောင်းကို မေးမြန်းလေသည်။


 “ထမင်းစားခန်းမှာပဲ စားကြမယ်” 


အဘိုးက အိမ်အကူ၏အမေးအား ပြန်ဖြေလိုက်၏။ထို့နောက် မတ်တပ်ထရပ်ပြီး ကျန်းမင်ယွမ်တို့နှစ်ယောက်အား ကြည့်လျက်ဆက်ပြောပြန်သည်။


 “ညစာသွားစားကြရအောင်... ဒီလိုအချိန်က ရခဲတယ်လေ ”


ဤသည်မှာ လူငယ်များက သူ့ထံ မကြာခဏလာရောက်လည်ပတ်ခြင်းမရှိဟု ထေ့ငေါ့ပြောလိုက်ခြင်းပင်။


ကျန်းမင်ယွမ်က ဘာမှပြန်မပြောဘဲ မတ်တပ်ထရပ်လာပြီး အဘိုးကြီး၏လက်မောင်းကို ထိန်းကိုင်ပေးလေသည်။


***


 အဘိုး၏အိမ်တွင် လူအများအပြားရောက်ရှိနေပြီး ထမင်းစားခန်းကလည်း အတော်လေးကျယ်ဝန်းပေ၏။


စတုရန်းမီတာ(၁၀၀)ကျော်ကျော် ကျယ်ဝန်းသော ထမင်းစားခန်းတွင် စားပွဲ (၇)လုံးမှ (၈)လုံးအထိရှိသည်။ 


ထိုစားပွဲများ၌ ဆွေမျိုးများက မျိုးဆက်အလိုက် နေရာယူထားကြ၏။


 ကျန်းမင်ယွမ်ဝင်ထိုင်လိုက်သောစားပွဲဝိုင်းရှိ လူတိုင်းသည် သူ၏ဝမ်းကွဲများပင်ဖြစ်ကြသည်။ထိုထဲ၌ အသက်ငါးဆယ်ကျော်အထိပါဝင်ပြီး  ကျန်းမင်ယွမ်မှာ အငယ်ဆုံးဖြစ်လေ၏။


 ကုမင်လီသည် ဤနေရာ၌ နှစ်စဉ်နှစ်တိုင်း ကျန်းမင်ယွမ်၏အိမ်ထောင်ရေးအကြောင်းကို ရွှန်းရွှန်းဝေအောင်ပြောလေ့ရှိသည်။သို့သော်လည်း ယခုနှစ်တွင် ကုမင်လီကပေါ်မလာဘဲ ကျန်းမင်ယွမ်က ကျန်လူနှစ်ဦးနှင့်အတူရောက်ရှိလာလေသည်။


ထိုအရာက လူတိုင်း၏စိတ်ဝင်စားမှုကို ဖမ်းစားခဲ့ပြီး


အများစုက ချန်းဟွမ်ထံမှ စပ်စုရန်ကြိုးစားကြ၏။


၎င်းတို့၏အကြည့်များက ချန်းဟွမ်အားစိတ်မသက်မသာဖြစ်စေသည်။


သူမအတွက် ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည့်အတွက် လက်ထဲမှတူများကိုပစ်ချပြီး ထထွက်သွား၍လည်းမရချေ။


ချန်းဟွမ်သည် သူမကိုယ်သူမ ဖိအားပေးကာ ထိုနေရာတွင်ဆက်ထိုင်နေခဲ့‌သော်လည်း တစ်ဖက်တွင် ကျန်းမင်ယွမ်က ပန်းကန်နှင့် တူကိုချလိုက်ပြီး ရှင်းရှင်းကိုခေါ်လေသည်။


ထို့နောက် သူမကိုပါအတူခေါ်ကာ ပင်မစားပွဲကြီးဆီသို့


လျှောက်သွားပြီး အဘိုးအား ပြောလေသည်။


 “ကျွန်တော်တို့ စားပြီးသွားပါပြီ... ပြန်လိုက်ပါဦးမယ်”


 "ဒီလောက်အစောကြီးကိုလေ..."  


အဘိုးသည် မျက်လုံးမကောင်းသဖြင့် အခြေအနေအရပ်ရပ်ကို သတိမထားမိခဲ့ပေ။


ထို့ကြောင့် ကျန်းမင်ယွမ်၏စကားမှာ အမှန်ဖြစ်မည်ဟု ကောက်ချက်ချလိုက်လေသည်။


အဘိုးက သံသယသိပ်မကင်းသော်လည်း မိသားစုသုံးယောက်အား ဆက်နေရန် မတောင်းဆိုခဲ့ပေ။  


“ဟုတ်ပါပြီ... တစ်နေကုန်ဆက်တိုက်ဆိုတော့ ခရီးပန်းနေလောက်ရောပေါ့...ပြန်တော့လေ "


Xxxxxxx


Chapter 232


အဘိုး၏အိမ်မှထွက်လာပြီးနောက် 


သားအဖသုံးယောက်သည် လမ်းကျဉ်းကလေးပေါ်တွင် အတူလမ်းလျှောက်ပြီး အိမ်ပြန်နေကြလေသည်။


ဤနေရာသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိလှပြီး တောတောင်ရေမြေများဖြင့် ဝန်းရံထားသည်။ အနီးနားတွင် စက်ရုံများမရှိသောကြောင့် ကောင်းကင်သည် ပြာလဲ့ကြည်လင်နေပေ၏။


ပေအနည်းငယ်အကွာတိုင်းတွင် လမ်းမီးတိုင်တစ်တိုင်စီ စိုက်ထူထားလျက်ရှိပြီး အလင်းရောင်သည် မှိန်ပျသော်လည်း လမ်းလျှောက်ရန်အတွက် လုံလောက်၏။


ချန်းဟွမ် ကျောက်စရစ်ခဲအနည်းငယ်ကို ခပ်သာသာကန်ထုတ်ပစ်ပြီး ကောင်းကင်မှ ကြယ်များကို မော့ကြည့်လိုက်သည်။ ထို့နောက် နံဘေးမှ အမျိုးသား၏လက်ကို


ပို၍တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး တစ်စုံတစ်ခုကိုစပြောလေသည်။


 “ဒီမှာလေထုက အရမ်းကောင်းပြီး ကြယ်တွေက တခြားနေရာကထက် ပိုတောက်ပနေသလိုပဲနော် ” 


 "မင်းစိတ်တိုင်းကျရင် ကိုယ်တို့ ဒီကို ပြောင်းလာလို့ရတယ် "


ကျန်းမင်ယွမ်သည် သူ၏သားလေးအား လက်တစ်ဖက်တွင်ပွေ့ချီထားပြီး ကျန်တစ်ဖက်ဖြင့် ချစ်ရသူ၏လက်ကိုတွဲထားလေသည်။သူကအနာဂါတ်အစီအစဉ်များအကြောင်းကို တရစပ်ပြောလာတော့၏။


  “ ဒီတောင်ပေါ်မှာ ရှုခင်းလည်းလှတယ်... လေကကလည်းသန့်တယ်...  အိမ်နောက်ဖေးကနေ တောင်ပေါ်ကိုတက်တဲ့လမ်းရှိတယ်... တောင်ပေါ်ကို လွယ်လွယ်သွားလို့ရတယ် ..နောက်ဖေးကလည်း ကျယ်တယ်လေ...အဆောက်အဦးတောင် ထပ်ဆောက်လို့ရတယ်...မင်းက ပန်းတွေကြိုက်တယ်မလား...ဖန်လုံအိမ်လေးထပ်ထည့်လိုက်မယ်လေ အဘိုးရဲ့အိမ်လိုမျိုး... ဆောင်းရာသီမှာ ပန်းတွေပွင့်လာမယ်...  အိမ်မွေးတိရိစ္ဆာန်လေးတွေလည်း မွေးကြမယ်....ဘယ်လိုလဲ...ကြက်တူရွေးကြိုက်လား...ကြောင်တွေ ခွေးတွေဆိုလည်း အဆင်ပြေတာပဲ... အားကစားခန်းမတော့ မလိုဘူး...ဒီမှာက အပြင်ထွက်ပြေးလို့ရတယ်... အဲ့လိုဆိုပေမဲ့လည်း ဘောလုံးကွင်းတော့ ဆောက်ကြတာပေါ့... ဒါမှ ရှင်းရှင်းကြီးလာရင် သုံးလို့ရမှာ "


ချန်းဟွမ် ကျန်းမင်ယွမ်ထံမှ ဤကဲ့သို့များပြားသောစကားများကို မျှော်လင့်မထားခဲ့ပေ။


 သူမသည် အနာဂါတ်အစီအစဉ်အကြောင်းကို တိတ်တဆိတ် နားထောင်ခဲ့ပြီး နောက်ဆုံးတွင် မေးခွန်းထုတ်လိုက်လေ၏။


 "ရှင့်အလုပ်ကိုရော ဘယ်လိုလုပ်မှာလဲ"


 “အလုပ်ကိုလား…..အင်း..... ရုံးချုပ်ကို ဒီရွှေ့လာလိုက်မယ်‌လေ”


 "ရှင်ရွှေ့ချင်တိုင်း တခြားသူတွေကရော ရွှေ့ပါမယ်တဲ့လား ... မဟုတ်တာတွေလျှောက်တွေးမနေနဲ့တော့...ဒါတွေကို အငြိမ်းစားယူပြီးမှဆက်တွေး... အဲ့အချိန်ကျ ဒီနေရာမှာ အနားပဲယူယူ ငါးပဲမျှားမျှား ကြိုက်တာလုပ်လို့ရပြီ... တောင်‌ပေါ်တက်ဖို့ထိတော့ မစဉ်းစားနဲ့ပေါ့... အရိုးအဆစ်တွေအတွက် မကောင်းဘူး "  


ချန်းဟွမ် သူမဆုပ်ကိုင်ထားသောကျန်းမင်ယွမ်၏လက်ကို အပြန်ပြန်အလှန်လှန် လှုပ်ယမ်းကာ ပြောလိုက်လေသည်။ 


ကျန်းမင်ယွမ်သည် ချန်းဟွမ်ဘက်သို့ လှည့်ကြည့်လိုက်၏။သူသည် အငြိမ်းစားယူခြင်းကာလအကြောင်းနားထောင်ရင်း အချင်းချင်းမှီခိုနေကြသော သူတို့နှစ်ဦး၏ပုံရိပ်များကို မျက်လုံးထဲ၌မြင်ယောင်လာလေသည်။


ကျန်းမင်ယွမ်၏အပြုံးက ပို၍ပင် နက်နဲသွားတော့သည်။


သူသည် ခေါင်းငုံ့၍ ချန်းဟွမ်၏နှုတ်ခမ်းလေးအား ခပ်ဖွဖွတစ်ချက်နမ်းလိုက်၏။


ထို့နောက် ချန်းဟွမ်အား နူးညံ့စွာပြုံးပြလျက် ပြောလေသည်။


“ကောင်းပြီလေ....မင်းပြောသလိုပဲ တောင်တက်တာကို ပယ်လိုက်ကြမယ် ”


ရှက်သွေးဖြာသွားသောချန်းဟွမ်သည် အနောက်တွင် ခြေတစ်လှမ်းစာကျန်ရစ်ခဲ့သည်။


သူမက အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး ကျန်းမင်ယွမ်၏နောက်သို့အမှီပြန်လိုက်လျက် ဆက်ပြောလေ၏။


 "စနေတာကို"


 “အမ်....”


 "ကျွန်မတို့က ငယ်သေးတာကို ဘာလို့အငြိမ်းစားယူဖို့ကိစ္စအကြောင်း ပြောနေကြမှာလဲ"


 "မင်းပြောတာမှန်တယ်...လက်ရှိအခိုက်အတန့်မှာပဲ နေကြတာပေါ့နော့ ”


 "ကျန်းမင်ယွမ်..."  


စပ်ဖြီးဖြီးလုပ်နေသောကျန်းမင်ယွမ်အား ချန်းဟွမ်က ပုခုံးထုလှမ်းလိုက်လေသည်။


 "ဒီအခိုက်အတန့်မှာပဲ... "


 " မရယ်နဲ့လို့ ... "


 “အင်းပါ...မရယ်ဘူး... ” 


သို့သော်လည်း ကျန်းမင်ယွမ်တစ်ယောက် မထိန်းချုပ်နိုင်ရှာပေ။


 ပြောမရသည့်အဆုံး ချန်းဟွမ်က ‌လျစ်လျူရှုထားလိုက်သည်။ အိမ်ပြန်ရောက်ခါနီး၌ သူမက ကျန်းမင်ယွမ်အား မေးလေ၏။


 “ရှင် ဗိုက်ဆာနေသေးလား... အိမ်ပြန်ရောက်ရင် ခေါက်ဆွဲလုပ်စားရအောင် "


 “ကောင်းပြီ ”


 ***


အိမ်ပြန်ရောက်ပြီးနောက် နှစ်ယောက်သား ခေါက်ဆွဲပြုတ်ကြသည်။ ခေါက်ဆွဲခြောက်ဖြစ်၍ လွယ်လွယ်ကူကူပင် စားသုံးနိုင်လေ၏။


ဒုတိယမြောက်ညစာကို စားပြီးချိန်၌


 ည ၈ နာရီကျော်သာ ရှိသေးပြီး အိပ်ရာဝင်ရမည့်အချိန်မဟုတ်ပေ။


ဤကဲ့သို့သော မြို့ငယ်ကလေး၌ ဖျော်ဖြေရေးကဏ္ဍ


များများစားစားလည်းမရှ်ိသောကြောင့် သူတို့လုပ်နိုင်သမျှမှာ ရုပ်မြင်သံကြားကြည့်ခြင်းနှင့် ဖုန်းသုံးခြင်းသာဖြစ်သည်။


 ရှင်းရှင်းသည် သူ၏ကစားစရာအရုပ်များကို ယူမလာခဲ့သဖြင့် ပျင်းရိလာလေသည်။ 


ကလေးလေးက ကျန်းမင်ယွမ်အား ပုံပြင်ပြောပြရန် ပူဆာလေ၏။


ကျန်းမင်ယွမ်က ချန်းဟွမ်ကိုပါ တစ်ပါတည်း ဆွဲခေါ်ကာ သူ၏အတိတ်မှ ဇာတ်လမ်းများအကြောင်းကို စတင်ပြောပြသည်။


ကျန်းမင်ယွမ်သည် သူငယ်ရွယ်စဉ်ကဖြစ်ပျက်ခဲ့သော


ရယ်စရာကောင်းသည့်အကြောင်းအရာများကို ပြောပြခဲ့၏။သူသည် မိမိကိုယ်မိမိ အလွန်ထက်မြက်သည်ယူဆကာ အခြားသူများကို အထင်သေးခဲ့ကြောင်း ၊ စာလေ့လာရသည်ကို မည်မျှမုန်းကြောင်း အစရှိသည့်အကြောင်းအရာများကို ဖောက်သည်ချခဲ့လေသည်။


ထိုမျှသာမက သူ၏စာသင်နှစ်များအတွင်း ဖြစ်ပျက်ခဲ့သည့် အခြားသောစိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့်  အတန်းဖော်အချို့၏ယခုအခြေအနေများကိုလည်း


ထည့်သွင်းပြောကြားခဲ့သည်။ 


သို့သော်လည်း ကျန်းမင်ယွမ်အများဆုံးပြောသည်မှာ သူ၏ဖခင်အကြောင်းပင်။


 


Xxxxxxx