မစ်စတာစုသည် အချိန်အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူက သက်ပြင်း
တစ်ချက်ချရင်း ပြောလိုက်သည်။
“တကယ်တော့ ဒီအိမ်ထောင်ပြုမယ့် ကိစ္စကို ငါ ဆန့်ကျင်ခဲ့တယ်”
ရက်စက်ရန်လိုသည့် အလင်းတစ်ချက်ဟာ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွင်
ဖြတ်ပြေးသွားကာ သူ့မျက်ဝန်းအိမ်က ကျဉ်းမြောင်းသွားခဲ့သည်။
မစ်စတာစုသည် တစ်စုံတစ်ရာကို ရှာတွေ့သွားပုံရပြီး သူက အေးစက်စွာ
ရယ်မောလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ မင်းခြေထောက်ကြောင့်တင် မကပဲ မင်းကြောင့်လည်းပါတယ်။
မင်းရဲ့ ကိုယ်နှုတ်အမူအရာ တစ်ခုလုံးက အရမ်းစိတ်ပျက်ဖို့ ကောင်းလွန်းတယ်”
သူက အသက်နှစ်ဆယ်ကျော် ဝန်းကျင် လူငယ်တစ်ယောက် ဖြစ်ပေမယ့်
သူ့အပေါ် ထင်မြင်ချက်က စိတ်ပျက်စရာကောင်း၊ အေးစက်လွန်းပြီး တွက်ချက်တတ်တဲ့သူလိုပဲ။
နက်ရှိုင်းမည်းမှောင်သော ချိုင့်ဝှမ်းတွင် ပုန်းအောင်းနေသာ
ရက်စက်ကြမ်းကြုတ်သည့် ကျားသစ်နက် တစ်ကောင်ကဲ့သို့ အချိန်မရွေး ထွက်ပြေးနိုင်ကာ သင့်လည်ပင်းကို
ကိုက်ဖြတ်ကာ သူနှင့်အတူ သင့်ကို ငရဲသို့ ဆွဲခေါ်သွားနိုင်သည်။
ဖခင်တစ်ယောက်အနေဖြင့် ဒီလိုယောကျ်ားမျိုးက အသက်မရှည်နိုင်ဘူးလို့
သိထားတယ် ဆိုရင်တောင် သူ့သမီးဖြစ်သူကို ဒီလို အန္တရာယ်များတဲ့ လူမျိုးနဲ့ မပတ်သက်စေချင်မှာ
သေချာပေါက်ပါပဲ။
သို့သော် သူတို့နှစ်ဦးကို အတူတွဲမြင်ပြီး နောက်တွင် မစ်စတာစုသည်
အံ့အားသင့်ဖွယ် ကောင်းစွာ စိတ်ပြောင်းသွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည် အန္တရာယ်ကြီးမားသော အမျိုးသားတစ်ဦး ဖြစ်နိုင်ပေမယ့်
သူ့သမီးကို ဆက်ဆံသည့်ပုံစံက မည်သူကိုမျှ အရူးလုပ်လို့ မရပေ။
ဟောက်ချန်ဟွမ်းသည် အခြားသူများကို ကြည့်ရှုသော အခါဝယ် နတ်ဘုရားတစ်ပါးက
သူ့နန်းမြင့် ပလ္လင်ကနေ ကမ္ဘာကြီးကို ငုံ့ကြည့်နေသကဲ့သို့ပင်၊ သူ့ရဲ့ မှန်းဆမရနိုင်သော
အကြည့်များတွင် လျစ်လျှူရှုမှုနှင့် အေးစက်မှုများသာ ပြည့်နှက်နေခဲ့သည်။ သူ့မျက်လုံးထဲတွင်
အားနည်းသော ပိုးမွှားများအတွက် ဝမ်းသာမှု၊ ဝမ်းနည်းမှု ဘာတစ်ခုမှ မခံစားရဘူး။
သို့ရာတွင် သူ့အကြည့်တွေက စုယန်ယန်ထံသို့ ကျရောက် သွားသောအခါတွင်
ထိုမတုန်မလှုပ် အကြည့်များက တလက်လက် တောက်ပလာခဲ့သည်။
တန်ခိုးကြီး မြင့်မြတ်သော နတ်ဘုရားကို နန်းပလ္လင်မှ ဆွဲချ၍
သာမန်လူများလို စိတ်ခံစားချက်များကို ခံစားတတ်စေသည့် မည်သူမဆို သူ့အတွက် အရေးကြီးဆုံးပုဂ္ဂိုလ်
ဖြစ်ရပေမည်။
“ဒီကမ္ဘာပေါ်မှာ လူဆိုး လူကောင်း ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို
ငါ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ မင်းအပေါ် ငါ့ရဲ့ ပထမဆုံးအမြင်က မကောင်းပေမယ့် ယန်ယန်နဲ့
မင်းတို့ ဘယ်လိုဘယ်ပုံ ပြုမူနေထိုင်တာလဲ ဆိုတာကို ကြည့်ပြီး မင်း ကတိကို မင်းကိုယ်တိုင်
တည်နိုင်စေမယ့် လောင်းကစားတစ်ခု လုပ်ပေးမယ်၊ သူမကို ဘယ်တော့မှ မထိခိုက်စေနဲ့”
ဟောက်ချန်ဟွမ်းက ပျားသကာလို ချိုမြိန်တဲ့ စကားများကို မပြောပဲ
တည်တည်ကြည်ကြည် စိတ်ရင်းမှန်ဖြင့် ကတိပေးလိုက်သည်။
“ကျေးဇူးပြုပြီး ယုံကြည်ပေးပါ”
“မင်းရဲ့စကားတွေကို မှတ်ထားပါ”
ဟောက်ချန်ဟွမ်းနှင့် သူတို့ကြား စကားဝိုင်းက အချိန်မကြာခဲ့ပါ။
နာရီဝက်လောက်ကြာတော့ သူတို့ စာကြည့်ခန်းထဲမှ ထွက်လာခဲ့ကြသည်။
စုယန်ယန်က သူတို့ဆီ ချက်ချင်း ရောက်ရှိလာပြီး စိုးရိမ်ပူပန်စွာ
မေးလိုက်သည်။
“ရှင် အဆင်ပြေရဲ့လား။
သူတို့... ရှင့်ကို ခက်ခဲစေလား။ ဒါမှမဟုတ် စိတ်ထိခိုက်စရာ တစ်ခုခု ပြောခဲ့တာလား။ သူတို့
ဘာပဲပြောပြော ရှင် စိတ်ထဲမထားပါနဲ့။ သူတို့က ကျွန်မကို အရမ်းစိတ်ပူလို့ ပြောမိတာပါ၊
သူတို့ ရှင့်ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ စိုးရိမ်တကြီး ရှင်းပြချက်ကို
နားထောင်နေရင်း သူမကို စိုက်ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ
သူမလက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
“အဲလိုမျိုး မပြောပါဘူး၊ ကိုယ်တို့ နောက်လမှာ ကျင်းပမယ့်
မင်္ဂလာပွဲအတွက် နည်းနည်း ဆွေးနွေးနေကြတာ”
“တကယ်လား”
“ဟုတ်တယ်၊ မင်းမှာ ကောင်းမွန်တဲ့ မိသားစု ရှိနေတာပဲ”
ပွင့်ပွင့်လင်းလင်း ပြောရရင် ဟောက်ချန်ဟွမ်းသည် သူ့ကို စုမိသားစုဝင်များက
ပစ်မှတ်ထားတာကို စိတ်ထဲမထားခဲ့ပေ။ သူတို့ သူ့ကို လွယ်လွယ် သဘောမတူလေ သူတို့က စုယန်ယန်ကို
ပိုမိုဂရုစိုက်လေလေ ဆိုတာကို သူ သိလို့ပါပဲ။
သူတို့တွေဟာ ချစ်စရာကောင်းတဲ့ မိသားစုဝင်တွေ ဖြစ်ပြီး ဒီလို
ချစ်စရာကောင်းတဲ့ မိသားစုဝင်တွေကြောင့်လည်း ချစ်မြတ်နိုးစရာ ကောင်းတဲ့ စုယန်ယန် ဖြစ်လာတာ
အတိအကျပါပဲ။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ ပြောစကားကို ကြားလိုက်ရသောအခါ
သူမ ပြုံးလိုက်မိသည်။ သူမကိုယ်လုံးကို ယိုင်ကာ သူ့နားအနားသို့ ကပ်ပြီး ရွှင်လန်းစွာ
စကားဆိုလိုက်သည်။
“သူတို့တွေကလည်း ရှင့်မိသားစုဝင်တွေ ဖြစ်လာလိမ့်မယ်”
ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားဟာ တုန်ခါသွားခဲ့သည်။
“အင်း...”
ဟောက်ချန်ဟွမ်းကို အနိုင်ကျင့်တာ မဟုတ်ကြောင်း သေချာသွားပြီးနောက်
စုယန်ယန်သည် သက်ပြင်းမော ချလိုက်မိသည်။ သူမသည် သူမရဲ့ ကနဦး အစီအစဉ်ကို တွေးကာ မဝံ့မရဲ
မေးမြန်းလိုက်သည်။
“ကျွန်မသူငယ်ချင်းက မနက်ဖြန် ပြန်ရောက်လိမ့်မယ်။ ပြီးရင်
ကျွန်မ သူမကို လက်ဆောင်အချို့ ပေးချင်လို့ အပြင်ကို သွားချင်တယ်။ ရှင် ကျွန်မနဲ့အတူ
သွားချင်လား”
စုယန်ယန်သည် ဒီတောင်းဆိုချက်ကို ပြောဆိုခဲ့ပေမယ့် ရိုးရိုးသားသား
ပြောရမယ်ဆိုရင် သူမမှာ သူ ဒီတောင်းဆိုချက်အား လက်ခံလိမ့်မယ်ဆိုသည့် ယုံကြည်ချက် မရှိခဲ့ပေ။
ဟောက်ချန်ဟွမ်း စျေးဝယ်မထွက်တာ ဘယ်လောက်ကြာပြီလဲဆိုတာ သူမ မသိဘူး။
အနည်းဆုံးတော့ နှစ်ဘဝစာ သူမမှတ်ဥာဏ်ထဲတွင် သူ တစ်ခါမှ စျေးဝယ်မထွက်ခဲ့ဘူး။
ဒါက စမ်းသပ်မှုတစ်ခု အသွင်ယူထားသည့် ရဲရင့်သော ကြိုးစားမှုတစ်ခုသာ
ဖြစ်သည်။
“သွမ်းသွမ်းရဲ့ သတို့သမီးလောင်းရဲ့ ပိုင်ရှင်အတွက်လား”
“အင်း...”
“ကောင်းပြီ”
***