အပိုင်း ၇၉
Viewers 1k

 

အခန်း (၇၉) - ဦးထုပ်စိမ်း

 

ကုရှောက်ယန်နှင့် ယုကျစ်ယန်တို့သည် ဟောက်ချန်ဟွမ်း စုယန်ယန် နှင့်အတူ စျေးဝယ်ထွက်ချင်တယ် ဆိုတဲ့ သတင်းကိုကြားတော့ သူတို့ ကြက်သေ သေသွားခဲ့ကြသည်။

 

မတော်တဆမှုကြောင့် ဟောက်ချန်ဟွမ်း၏ ခြေထောက်များ ထိုကဲ့သို့ ဖြစ်ပြီးနောက် သူမသည် လူမှုရေးပွဲများ မပါဝင်ခြင်း သို့မဟုတ် အများသူငှာ သွားလာလှုပ်ရှားကြသည့် မည်သည့် နေရာတွင်မဆို မပါဝင်တော့ပဲ အိမ်တွင်သာ နေထိုင်ခဲ့သည်။

 

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအား မကြားမိပါက သူသည် ဟောက်ချီဟန်၏ အိမ်သို့ မည်သည့်အခါမျှ ပေါ်လာလိမ့်မည် မဟုတ်ပေ။

 

သို့သော် ယခုအခါတွင် သူက စုယန်ယန်နှင့် လူသွားလူလာများသော ကုန်တိုက် တစ်ခုတွင် အတူလည်ပတ် စျေးဝယ်ရန် သဘောတူလိုက်သည်...

 

ကုရှောက်ယန်နဲ့ ယုကျစ်ယန်တို့သည် စုယန်ယန်အား အန္တရာယ်ကြီးစွာ သွေးဆောင်တတ်သည့် အမျိုးသမီးကို ကြည့်နေသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း နှင့်အတူ အနီးဆုံး ကုန်တိုက်တစ်ခုဆီသို့ ဦးတည်သွားကာ သူတို့ရဲ့ အတွေးတွေကို ဂရုစိုက်ခြင်း မရှိခဲ့ပါ။

 

“သူမအတွက် ကျွန်မတို့ ဘာဝယ်ပေးသင့်တယ်လို့ ရှင်ထင်လဲ။ ပြီးတော့ ဟွားဟွား အတွက်ရော၊ ဟွားဟွားက ကျွန်မတို့ သွမ်းသွမ်းရဲ့ သတို့သမီးလောင်းလေ၊ တကယ်ဆို ကျွန်မတို့ရဲ့ အနာဂတ် ခွေးချွေးမလောင်းလေးပဲ၊ ကျွန်မတို့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ လက်‌ဆောင်ကို သေချာပေါက် ပေးသင့်တယ်”

 

ဟောက်ချန်ဟွမ်းက ရယ်မောလိုက်သည်။

 

“အဲ့ခွေးနာမည်က... ဟွားဟွားလား။ သူမလေးက ကိုယ်တို့ရဲ့ ခွေးချွေးမလောင်းလေးဆိုရင် မင်းသူငယ်ချင်းက ကိုယ်တို့ရဲ့ ခမည်းခမက်ပဲ မဟုတ်လား”

 

စုယန်ယန်က တခစ်ခစ်ရယ်ရင်း ခေါင်းညိတ်လိုက်သည်။

 

“ရှင်ပြောသလို ပြောလို့လည်း ရတာပဲ”

 

“သူမ ဘာကို သဘောကျတတ်လဲ”

 

“သူမလား၊ သူမက ငွေသားကို သဘောကျတယ်လေ”

 

“ငွေသားလား” ဟောက်ချန်ဟွမ်းသည် ဤကဲ့သို့ “ရိုးသားဖြောင့်မတ်သော” အဖြေစကားကို ကြားရပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

 

စုယန်ယန်က သူ့မျက်နှာ အမူအရာကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်မကျေနပ်သည့် အမူအရာ သူမမျက်နှာပေါ်တွင် ထင်ဟပ်လာခဲ့သည်။

 

ဟောက်ချန်ဟွမ်းက ဒါကို ချက်ချင်း သတိပြုမိလိုက်သည်။ သူ့မျက်လုံးထဲမှ ရယ်မြူးရိပ်ဟာ အနည်းငယ် မှိန်ဖျော့သွားကာ “ဘာဖြစ်လို့လဲ” ဟု စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။

 

စုယန်ယန်က သူမခေါင်းကို ခါလိုက်သည်။ “ဘာမှမဖြစ်ပါဘူး။ ရှင့်ကို အကြံတောင်းသင့်တယ်လို့ ကျွန်မ မထင်ဘူး။ ရှင်နဲ့ တိုင်ပင်ပြီး သူမအတွက် လက်ဆောင်ဝယ်တာက ရှင် သူမကို လက်ဆောင်ပေးဖို့ ‌ရွေးနေသူလို့ ခံစားရတယ်။ ကျွန်မ မနာလိုဖြစ်မိလိမ့်မယ်”

 

 

နောက်ဆုံး စာသားကို မသဲမကွဲ ကြားလိုက်ရသည့် သူတို့စုံတွဲနောက် ခြေလှမ်း အနည်းငယ်အကွာမှ လိုက်ပါလာသော ယုကျစ်ယန်တို့က ကြားလိုက်ရသည်။ “...” ဒီနေ့ခေတ် မိန်းကလေးတွေက အရမ်း ပွင့်လင်းလွန်း နေပြီလား။

 

ဟောက်ချန်ဟွမ်းသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ သူက သူ့ကိုယ်သူ ချက်ချင်းပဲ ဒီအခြေအနေမှ နုတ်ထွက်သွားကာ သူ့မျက်နှာ အမူအရာဟာ ပျော့ပျောင်းသွားပြီး “ကောင်းပြီလေ” ဟု တိုးတိုးလေး ပြန်ပြောလိုက်သည်။

 

နောက်ဆုံး၌ စုယန်ယန်သည် အထည်ဆိုင်သို့ အရင်ဆုံးသွားရန် ဆုံးဖြတ်ခဲ့ပြီး နောက်တော့ သွမ်းသွမ်းနှင့် သူလေးရဲ့ သူငယ်ချင်းလေးအတွက် ကစားစရာ ပစ္စည်းအချို့ ဝယ်ယူရန် အိမ်မွေးတိရစ္ဆာန်ဆိုင်သို့ သွားရောက်ခဲ့သည်။

 

စုယန်ယန်သည် အသစ်ရောက်ရှိလာသော အဝါနုရောင် ‌ဆောင်းရာသီဝတ် လည်စည်းပဝါကို ရွေးချယ်လိုက်ပြီး ကောင်တာသို့ ယူသွားခါနီးတွင် အနားရှိ အမျိုးသားဝတ် လည်စည်းပဝါ တစ်ခုက သူမအမြင်ကို ဖမ်းစားသွားခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် ဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လူအများ သွားလာ လှုပ်ရှားနေသည့် ကုန်တိုက် တစ်ဝိုက်ကို ကြည့်ရင်း သူ့ရဲ့အေးစက်နေသည့် အကြည့်များ အောက်ခြေကိုပင် မမြင်ရကာ သူ့မျက်နှာအမူအရာဟာ ဖတ်ရခက်စေသည်။

 

ရုတ်တရက် သူ့လည်ပင်း တစ်ဝိုက်မှာ နွေးထွေးတဲ့ ပဝါတစ်ထည်၏ အနွေးဓာတ်ကို ခံစားလိုက်ရသည်။

 

ဟောက်ချန်ဟွမ်းက အနည်းငယ် ထိတ်လန့်သွားပြီး သူခေါင်း မော့ကြည့် လိုက်သောအခါတွင် စုယန်ယန်၏ တလက်လက် တောက်ပနေသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

 

 “ရှင် ဒါကို ကြိုက်လား”

 

သူ့လည်ပင်း တစ်ဝိုက်က နူးညံ့နွေးထွေးသည့် ပဝါကို ပွတ်သပ်ရင်း သူ့မျက်ဝန်းနက်တွေက နူးညံ့သိမ်မွေ့သည့် အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။ “အင်း...”

 

“ဆောင်းရာသီ ရောက်ခါနီးပြီ၊ ကျွန်မတို့ ပဝါအသစ်တွေ ဝယ်ရမယ်။ အိုး ဟုတ်သားပဲ၊ ပြီးတော့ ဦးထုပ်တွေလည်း ဝယ်ရဦးမှာပဲ”

 

ယုကျစ်ယန်နဲ့ ကုရှောက်ယန်တို့သည် သူတို့နောက် တစ်လမ်းလုံး လိုက်ပါလာခဲ့ပေမယ့် ဟောက်ချန်ဟွမ်းရဲ့ ချိန်းတွေ့ခြင်း အဆင်ပြေ ချောမွေ့စေရန် သူတို့ကြားရှိ အကွာအဝေးကို ထိန်းသိမ်းထားခဲ့သည်။

 

ယခုအချိန်ကဲ့သို့ သူတို့စုံတွဲသည် ဆိုင်ထဲတွင် ပစ္စည်းများ ဝယ်ယူနေကြသောကြောင့် သူတို့နှစ်ယောက်ဟာ လမ်းသွားလမ်းလာများကြားမှ မသင်္ကာဖွယ်ရာ လူများကို စောင့်ကြည့်ရန် ဆိုင်အဝင်ဝတွင် စောင့်ကြည့်နေခဲ့ကြသည်။

 

သူတို့ခေါင်းကို လှည့်ကြည့် လိုက်ချိန်တွင် သူမရဲ့ အဖိုးတန် ဖက်ရှင်အရုပ်ပေါ်တွင် စမ်းသပ်ကြည့် နေသကဲ့သို့ သူတို့သခင်လေး၏ ခေါင်းပေါ်သို့ ဦးထုပ်အမျိုးမျိုး ‌ဆောင်းကြည့်ခိုင်းသော သူတို့ရဲ့ အနာဂတ် သခင်မဖြစ်သူအား မြင်တွေ့လိုက်ရသည်။

 

ဦးထုပ် နှစ်ဆယ်ခန့်ကို စမ်းဆောင်း ကြည့်ပြီးနောက် စုယန်ယန်၏ အကြည့်တွေသည် ‌ထောင့်စွန်းနားရှိ ဦးထုပ်စိမ်း(၁) ပေါ် ရုတ်တရက် ကျရောက်သွားသည်။

 

ဟောက်ချန်ဟွမ်း “...”

 

ယုကျစ်ယန်၊ ကုရှောက်ယန် “!!!”

 

(၁) တစ်ယောက်ယောက်က ဦးထုပ်စိမ်း ဆောင်းခံနေရတယ်ဟု ဆိုခြင်းသည် သူတို့၏ လက်တွဲဖော်မှ လိမ်လည် ဖောက်ပြန်နေခြင်း ခံရသည်ဟု တရုတ်နိုင်ငံတွင် ဆိုလိုသည်။

***