အပိုင်း ၈၀
Viewers 1k

အခန်း (၈၀) - အရူးအနှမ်းမှ အမိုက်စားအဖြစ်သို့

 

စုယန်ယန်သည် ထောင့်စွန်းမှ ဦးထုပ်နှစ်လုံးကို အလွန် စိတ်ဝင်စားနေပုံ ရသည်။ သူမ ထိုဦးထုပ်ကို လှမ်းကိုင် လိုက်သည်နှင့် ယုကျစ်ယန်နဲ့ ကုရှောက်ယန်တို့၏ မျက်နှာများဟာ သိသိသာသာ ပျက်ယွင်းသွားကာ “အခုချက်ချင်း ရပ်လိုက်ပါ၊ သခင်မလေး” ဟု အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့သည်။

 

စုယန်ယန်က ထိုနှစ်ယောက်ရဲ့ စိတ်နှလုံးထဲက ငိုကြွေးသံကို ကြားလိုက်ရသလိုပင် ထိုဦးထုပ်ကို မကိုင်ခင် သူမလက်တွေက ရပ်တန့်သွားပြီး ရုတ်တရက် လက်ပြန် ရုပ်လိုက်သည်။

 

သူမက ဟောက်ချန်ဟွမ်းကို ထိုဦးထုပ်အား ညွှန်ပြကာ ရယ်ရွှင်မြူးစွာ စနောက် ကျီစယ်ဟန်ဖြင့် မေးလိုက်သည်။

 

 “ရှင် အဲ့တာကို ကြိုက်လား”

 

ဟောက်-စွပ်စွဲခံရသည်-အစိမ်းရောင်-ဦးထုပ်-ချစ်သူအဖြစ်-ချန်ဟွမ်း “...”

 

ဆိုင်အပြင်ဘက်မှ နှစ်ယောက်သည် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။ ဘယ်အမျိုးသားကများ “ဦးထုပ်စိမ်း” ကို လိုချင်မှာလဲ။

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ သနားစဖွယ် ကောင်းသော မျက်နှာကို ကြည့်ကာ ရယ်ကာမောကာ ရှင်းပြရန် ကြိုးစားလိုက်သည်။

 

“ရှင် အဲ့တာကို တကယ်ကြိုက်တယ် ဆိုရင်တောင် ကျွန်မ ရှင့်အတွက် ဘယ်တော့မှ ဝယ်ပေးမှာ မဟုတ်ဘူး။ ရှင် အခု စိတ်လျှော့လို့ရပြီလား”

 

ဟောက်ချန်ဟွမ်း “...” ဟင့်အင်း၊ သူ အဲ့တာကို လုံးဝ မကြိုက်ဘူး၊ နည်းနည်းလေးတောင် မကြိုက်ဘူး။

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်းအတွက် ဦးထုပ်များစွာ စမ်းကြည့်ပြီးနောက် မည်သည့် ဦးထုပ်ကို ဝယ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

 

ထိုအခိုက်အတန့်တွင် မနီးမဝေးမှ အသံတစ်သံကို ကြားလိုက်ရသည်။

 

“ကျွန်မ အဲ့တာကို မလိုချင်ဘူး၊ အဲ့တာက အရမ်း စျေးကြီးလွန်းတယ်။ အဲ့တာက ကျွန်မရဲ့ ခြောက်လစာ နီးပါးလောက် တန်ကြေးရှိတယ်။ ကျွန်မကိုယ်တိုင် ချည်ထိုးဖို့ သိုးမွှေးချည်နဲ့ ရိုးရိုးချည် နည်းနည်းလောက် ဝယ်လိုက်မယ်”

 

စုယန်ယန်သည် အသံကြားရာနောက်သို့ မသိစိတ်ကနေ လိုက်ကြည့်လိုက်မိရာ ပဝါအတန်းတွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

 

ကောင်မလေးသည် သေးသွယ်ပိန်ပါးပြီး ကြောက်လန့်လွယ်တဲ့ ယုန်ဖြူလေးလို သတိနဲ့ တိုးတိုးလေး ပြောလိုက်သည်။

 

သူမဘေးတွင် ရပ်နေသော အမျိုးသားက သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး လူအဖွဲ့အစည်းတွင် ‌အောင်မြင်နေသူ တစ်ဦးနှင့် တူသည်။

 

ကောင်မလေးက ဒီလိုပြောတာကို ကြားလိုက်ရပြီး အထူးသဖြင့် သူ့အနား ပတ်ဝန်းကျင်တွင် တခြားတစ်ယောက် ရှိနေတယ် ဆိုတာကို သတိပြုမိလိုက်သည့် နောက်မှာ ကောင်လေးရဲ့ မျက်နှာက မည်းမှောင် သွားခဲ့သည်။

 

“ဒါက ပုံမှန်အချိန်တွေဆို ငါ ဂရုမစိုက်ပေမယ့် မနက်ဖြန်ကျရင် ငါ မင်းကို ငါ့အတန်းဖော် ဟောင်းတွေနဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမှာလေ။ မင်း ဒီလို အဝတ်အစားတွေကိုပဲ ဝတ်ထားရင် ငါ မင်းကို အနိုင်ကျင့်နေတယ်လို့ သူများတွေကို ထင်စေချင်တာလား။ ဒါမှမဟုတ် ငါ့မှာ ဒီလို တောကျတဲ့ ချစ်သူကောင်မလေးမျိုးကို ပိုင်ဆိုင်ထားပြီး မျက်စိကန်းနေတယ်လို့ ငါ့အတန်းဖော်တွေကို ထင်စေချင်တာလား”

 

သူပြောလိုက်သည့် စကားတိုင်းကို ကြားလိုက်ရသည့် ကောင်မလေးရဲ့ မျက်နှာမှာ ဖြူဖျော့သွားကာ အိတ်ကို ကိုင်ထားသည့် သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ စုယန်ယန် ရပ်နေသည့် နေရာမှကြည့်လျှင် သူမရဲ့ နီရဲနေသည့် မျက်ဝန်းများမှ စီးကျနေသော မျက်ရည်အချို့ကိုပင် မြင်နေရသည်။

 

စုယန်ယန်သည် မျက်မှောင်ကုတ် လိုက်မိသည်။ သူမသည် သူတို့ရဲ့ အတ္တကြောင့် ချစ်သူကောင်မလေးများကို လှောင်ပြောင် အော်ငေါက်လေ့ရှိသည့် အယ်ဖာလို အမျိုးသားများကို ရွံရှာသည်။ လူငယ်စုံတွဲရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမှာ သူမ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသည့် အတွက်ကြောင့် သူမ အဝေးကနေသာ လှမ်းကြည့်နေခဲ့သည်။ ကြည့်ရဆိုးလိုက်တာ။

 

စုယန်ယန်သည် သူမရှေ့တွင် ဖြစ်ပွားခဲ့သည့် ဒီစိတ်မကောင်းစရာ ဇာတ်လမ်းကို သူမ အာရုံစိုက်ဖို့ စိတ်မဝင်စားပေမယ့် ပတ်ဝန်းကျင်မှ တစ်ယောက်ယောက်က သူတို့ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရသည့် ကောင်လေးက သူ့ကိုယ်သူ အထင်ကြီးသွားပုံရသည်။

 

သူ့ကောင်မလေးကို အော်ငေါက်ပြီးတာနဲ့ သူ့အာရုံက မနီးမဝေးမှ စုံတွဲဆီ အာရုံပြောင်း သွားခဲ့သည်။

 

သူက ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်၏ မျက်နှာတွေကို စေ့စေ့စပ်စပ် ကြည့်ကာ ကြက်သေ သေသွားခဲ့သည်။ သူ့ထံမှ မနာလို ငြူစူမှုတွေက စိမ့်ထွက်လာခဲ့သည်။

 

သူ့အကြည့်တွေက ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေထံသို့ ကျရောက်သွားပြီး တစ်စုံတစ်ရာကို နားလည်သဘောပေါက် သွားပုံရသည်။ သူ့အကြည့်များတွင် လှောင်ပြောင် ရှုတ်ချလိုမှုများနှင့် ပြည့်နှက်နေကာ ရယ်မောလိုက်သည်။

 

“ကောင်းပြီ၊ ကောင်းပြီ၊ ငါက ဝယ်လို့ပြောရင် ဝယ်လိုက်။ ငြင်းပယ်နေတာကို ရပ်လိုက်။ ငါတို့က မဆင်းရဲဘူး၊ ဟုတ်ပြီလား။ ငါတို့က အပြင်ထွက်ပြီး ချမ်းသာချင်ယောင် ဆောင်နေတဲ့ အိမ်မှာနေသင့်တဲ့ ဆင်းရဲသူတချို့နဲ့ မတူဘူး။ သူတို့ကို လှောင်ရယ် ရယ်မှာ မကြောက်ဘူးလား မသိဘူး”

 

စုယန်ယန်သည် ဦးထုပ်များစွာကို စမ်းဆောင်း ကြည့်နေတာကို ဒီလူက မြင်တွေ့ခဲ့သည့်အပြင် ဘယ်ဟာကို ဝယ်ရမလဲ ဆိုတာကို စဉ်းစားနေတာကိုပါ တွေ့မြင်လိုက်ရတော့ ငွေကြေးကြောင့် ချီတုံချတုံ ဖြစ်နေသည်ဟု ထင်မြင်သွားခဲ့သည်။

 

ဟောက်ချန်ဟွမ်း၏ ခြေထောက်များရဲ့ အခြေအနေအပြင် သူတို့ရဲ့ အမှတ်တံဆိပ် မပါသည့် ဝတ်စုံများကို ဝတ်ဆင်ထားသောကြောင့် သူတို့နှစ်ယောက်ဟာ “ဆင်းရဲနွမ်းပါးသည့် လူများ” ဟု ယူဆကာ သူ အနိုင်ကျင့်လို့ ရနိုင်တယ်လို့ ယူဆလိုက်သည်။

***