အပိုင်း ၈၁
Viewers 1k

အခန်း (၈၁) – ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်

 

စုယန်ယန်သည် ထိုလူပြောတာကို ကြားပြီး ဟောက်ချန်ဟွမ်းကို သူ ဘယ်လို ကြည့်နေတာလဲ ဆိုတာကိုပါ မြင်လိုက်ရသည့် အတွက် သူမ မျက်နှာ အမူအရာဟာ တင်းမာလာသည်။

 

စုယန်ယန်သည် သူမလက်ထဲမှ ဦးထုပ်ကို စင်ပေါ်သို့ ပြန်ချလိုက်ပြီး “ကျေးဇူးပြုပြီး ဝန်ဆောင်မှု လိုချင်တယ်” လို့ မာဆတ်ဆတ် အော်လိုက်သည်။

 

စုယန်ယန်က ခေါ်လိုက်သည်နှင့် လူအချို့ကြား အခြေအနေကို စောင့်ကြည့်နေသည့် ဆိုင်ဝန်ထမ်းက ချက်ချင်း အပြေးရောက်လာခဲ့သည်။ သူမက ပရော်ဖက်ရှင်ဆန်သည့် အပြုံးကို ချိတ်ဆွဲထားကာ မေးမြန်းလိုက်သည်။

 

“မိန်းကလေး ကျွန်မ ဘာကူညီပေးရလဲရှင့်”

 

“ကျေးဇူးပြုပြီး ဒီဦးထုပ်စိမ်းကလွဲလို့ ဒီအတန်းတစ်ခုလုံးရယ် ပြီးတော့ ဟိုအနားက အတန်းလိုက်ကိုပါ မြို့တောင်ဘက်မှာရှိတဲ့ ဟောက်အိမ်တော်ကို ပို့ပေးပါ”

 

ဆိုင်ဝန်ထမ်း၏ မျက်လုံးတွေက တလက်လက် တောက်ပကာ ပြန်ဖြေလိုက်သည်။

 

“ရပါတယ်ရှင့်။ ကျွန်မ အခုချက်ချင်း ပြီးအောင် လုပ်ပေးပါ့မယ်”

 

“ပြီးတော့...”

 

စုယန်ယန်သည် ဆိုင်ဝန်ထမ်းကို လက်ယပ် လှမ်းခေါ်လိုက်ပြီး သူမလက်ထဲမှ အမည်းရောင် ကတ်ကို ပေးလိုက်သည်။

 

“အဲ့လူကို ထွက်သွားခိုင်းလိုက်။ အခုကနေစပြီး စုမိသားစုနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ မည်သည့် လုပ်ငန်းမဆို သူ့ကို မကြိုဆိုဘူး”

 

ဆိုင်ဝန်ထမ်း၏ မျက်နှာသည် ဖြူဖျော့သွားကာ စုယန်ယန်အပေါ် သူမရဲ့ သဘောထားသည် ပို၍ပင် အတိမ်းအစောင်း မခံဝံ့တော့ပေ။

 

“စိတ်ချပါ။ ကျွန်မ ဒီလူကို အခုချက်ချင်း ဆွဲထုတ်ခိုင်းလိုက်ပါ့မယ်။ လုံခြုံရေး...”

 

စုယန်ယန်၏ အာဏာပြသော ညွှန်ကြားချက်ကို ကြားပြီးနောက်တွင် ထိုလူ၏ မျက်နှာဟာ ဗလာဖြစ်သွားခဲ့ပြီး သူ့မျက်နှာကို အကြိမ်ပေါင်းများစွာ ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖြူဖျော့သွားခဲ့သည်။

 

ထို့နောက် လုံခြုံရေးကို ခေါ်နေသည့် ဆိုင်ဝန်ထမ်းကို မြင်လိုက်ရ‌တော့ သိသိသာသာ တုန်လှုပ်သွားကာ သူ့မျက်နှာက ပိုမိုအရုပ်ဆိုးသွားခဲ့သည်။

 

“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်း ငါ့ကို ဘာလို့ မောင်းထုတ်ဖို့ လုပ်ရတာလဲ။ ပြီးတော့ မင်းတို့အားလုံးပဲ၊ ငါက မင်းရဲ့ဖောက်သည် ဖြစ်ပြီးတော့ ဖောက်သည်တွေက အမြဲတမ်း မှန်တယ်။ မင်း ငါ့ကို ဆွဲထုတ်လိုက်ရင် ငါ မင်းကို တရားမစွဲဘူးလို့ မင်း ထင်နေတာလား”

 

စုယန်ယန်သည် သူ့ရဲ့ မောက်မာသော စကားလုံးများကြောင့် လုံးဝ ထိတ်လန့်တကြား မဖြစ်ခဲ့ပါ။ သူမက လှောင်ပြုံးပြုံးလိုက်သည်။

 

“ဒီကုန်တိုက်က ကျွန်မတို့ မိသားစုရဲ့ ပိုင်ဆိုင်မှုပဲ။ ရှင် ကြိုက်သလို တရားစွဲလို့ရတယ်။ အကယ်၍ ရှင် တရားစွဲဆိုဖို့ ပိုက်ဆံမလောက်ဘူးဆိုရင် ကျွန်မ ရှင့်ကို အဲ့အတွက် ဖော်ဖော်ရွေရွေ ကူညီပေးနိုင်ပါသေးတယ်”

 

ထိုအမျိုးသားသည် စုယန်ယန် ပြောလိုက်သော စကားကို ကြားလိုက် ရသောအခါတွင် သူ့မျက်နှာက ဖြူဖျော့သွားကာ ပြောစရာ စကားလုံးများပင် ပျောက်ရှသွားခဲ့ရသည်။

 

လုံခြုံရေး အစောင့်များသည် ဉာဏ်ရည်မြင့် စက်ရုပ်နှစ်ရုပ် နှင့်အတူ ဝင်ရောက်လာခဲ့သည်။

 

နှင်ထုတ်ခံရသူသည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပဲ ပြန်လည်ခုခံခဲ့ပါက အဆိုပါ စက်ရုပ်များသည် နှင်ထုတ်ခံရသူအား “မေးမြန်းခြင်း” ပင် မပြုလုပ်ပဲ ချက်ချင်း ဆွဲထုတ်သွားလိမ့်မည် ဖြစ်သည်။

 

“ငါတို့၊ ညစ်ပတ်ပြီး ဆင်းရဲတဲ့ လူတွေနဲ့ ကျွန်မတို့ရဲ့ ပိုင်ဆိုင်မှု အဆောက်အအုံတွေက ရှင့်လို ဂုဏ်သိက္ခာတရား ကြီးမားတဲ့သူနဲ့ မထိုက်တန်ပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

 

စုယန်ယန်၏ စကားလုံးတွေက ထိုလူငယ်ရဲ့ စိတ်နှလုံးသားထဲသို့ တည့်တည့် တိုးဝင်လာခဲ့သည်။ သူ့မျက်နှာ အမူအရာဟာ ပျက်ယွင်းသွားပြီး လုံခြုံရေး အစောင့်များအား တွန်းဖယ်ကာ “ငါ့ကို မထိနဲ့၊ ငါ့ဘာသာ လမ်းလျှောက်သွားမယ်” လို့‌ အော်ဟစ်လိုက်သည်။

 

သူနှင့်အတူ ပါလာသည့် သူ့ချစ်သူ ကောင်မလေးကိုပင် တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ပဲ ဆိုင်ထဲမှ အပြေးအလွှား ထွက်သွားခဲ့သည်။

 

ကျန်ရစ်ခဲ့သော ကောင်မလေးသည် ရှက်ရွံ့နေသာ မျက်နှာဖြင့် ထိုနေရာ၌ပင် မတ်တပ် ရပ်နေကာ သူမတို့စုံတွဲအား တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် လှမ်းကြည့်ကာ ဆိုင်အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။

 

စုယန်ယန်သည် ထိုကောင်မလေးကို သနားမိသော်လည်း လူတိုင်းတွင် ကိုယ်ပိုင ရွေးချယ်ပိုင်ခွင့် ရှိသည်ကို သူမ နားလည်သည်။ သူမသည် ထိုကဲ့သို့သော လူမျိုးကို ရွေးချယ်ရန် ဆန္ဒရှိသောကြောင့် သူမကို မည်သူမှ ကူညီနိုင်မည် မဟုတ်ပေ။

 

အနှောင့်အယှက်များကို ဖယ်ရှားပြီးနောက် စုယန်ယန်သည် စိတ်ဆိုးနေသေးသည်။

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို ဘယ်လို ဘယ်ပုံ နှစ်သိမ့်ပေးရမလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားနေချိန်တွင် ဟောက်ချန်ဟွမ်းရဲ့ ရွှင်မြူးနေသာ အကြည့်များကို ရင်ဆိုင်တွေ့လိုက်ရသည်။

 

 “အခု မင်း ကိုယ့်ကို ကာကွယ်ပေးလိုက်တာလား”

 

ဝမ်းနည်းနေမယ်လို့ ထင်မိသည့်လူက မထင်မှတ်ပဲ အနည်းငယ် ပျော်နေသည့်ပုံဖြင့် အဆုံးသတ်သွားခဲ့သည်။

 

စုယန်ယန်သည် အကြောင်းပြချက်မရှိ ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူမက ဟမ့်ဟုလုပ်ကာ ရွှင်မြူးတက်ကြွစွာ ပြောဆိုလိုက်သည်။

 

“ကျွန်မ ရှင့်အနားမှာ ရှိနေချိန်ဆို ဘယ်သူမှ ရှင့်ကို အနိုင်ကျင့်လို့ မရနိုင်ဘူး”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ ပင့်မော့ထားသည့် မေးစေ့လေးကို မတုန်မလှုပ် စိုက်ကြည့်နေခဲ့သည်။ သူ့ရှေ့မှ လူသားလေးဟာ နေတစ်စင်းလို တောက်ပနေပြီး သူ့အနီးနားရှိ အမှောင်ထု အားလုံးကို ဖယ်ရှားကာ အလင်းပေးနေခဲ့သည်ဟု ခံစားလိုက်ရသည်။

 

သူသည် ဒီနေရောင်ခြည်ကို ချစ်မြတ်နိုးသည်၊ ဒါက ထောင်ချောက်တစ်ခု ဖြစ်နေလျှင်ပင် သူမနောက်သို့ နောင်တမရှိ သူ့အလိုလို လိုက်ပါသွားမည်။

 

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကို လှမ်းကိုင်လိုက်ပြီး ခပ်ဖျော့ဖျော့လေး ပြုံးကာ ပြောလိုက်သည်။

 

 “ကိုယ်တို့ အခု အိမ်မွေးတိရစ္ဆာန်ဆိုင်ကို သွားကြမလား”

 

“ဒါပေမယ့်၊ ရှင်...” စုယန်ယန်က ချီတုံချတုံ ဖြစ်နေခဲ့သည်။

 

“မင်းအနားမှာရှိရင် ဘယ်သူကများ ကိုယ့်ကို အနိုင်ကျင့်ဝံ့မှာလဲ”

 

စုယန်ယန်က အံ့အားသင့်သွားပြီး ခဏအကြာတွင် ဟောက်ချန်ဟွမ်း၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ကာ တိုးတိုးလေး ရယ်မောကာ ခေါင်းညိတ်လိုက်သည်။

 

“ကောင်းပြီ၊ ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်”

***