ထိုလူ စကားစပြောသည့် အချိန်ကတည်းက ဆိုင်အပြင်ဘက်ရှိ ကုရှောက်ယန်နဲ့
ယုကျစ်ယန်တို့က အကူအညီပေးရန် ဝင်လာဖို့ လုပ်ခဲ့ပေမယ့် သူတို့ ခြေလှမ်း စစချင်းမှာပင်
ထိုဖြစ်ရပ်က သူတို့ခြေထောက်များအား ရပ်တန့်ရန် အချက်ပြခဲ့သည်။
သူတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေ
အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
ဒီလိုမျိုး ဟောက်ချန်ဟွမ်းကို ကာကွယ်ပေးလိုသည့် တစ်စုံတစ်ယောက်
ရှိလာတာကို ဝမ်းသာမိသော်လည်း သူတို့ စိုးရိမ်ပူပန်နေဆဲ ဖြစ်နေတာကိုတော့ မတားဆီးနိုင်ပေ။
အိမ်မွေးတိရစ္ဆာန်ဆိုင်သည် စုယန်ယန် ဝင်ခဲ့သောဆိုင်နှင့်
မလှမ်းမကမ်း ရှိနေသောကြောင့် ထိုနေရာအား ရောက်ရှိရန် အချိန်ခဏသာ ယူခဲ့ရသည်။
စုယန်ယန်သည် ဒီနေရာနှင့် အတော်လေးကို ရင်းနှီးကျွမ်းဝင်ပြီး
မကြာမီတွင် ခွေးပေါက်လေးများနှင့် ကြောင်လေးများရှိရာ အပိုင်းကို လျင်မြန်စွာ ရှာတွေ့ခဲ့ပြီး
ဟောက်ချန်ဟွမ်း နှင့်အတူ ပစ္စည်းများကို ရွေးချယ်ဝယ်ယူရန် အာရုံစိုက်ခဲ့သည်။
သူတို့ရွေးချယ်နေစဉ် လမ်းတစ်ဝက်တွင် အနီးအနားရှိ ဖောက်သည်တစ်ဦးရဲ့
ရင်ခွင်ထဲမှ ကြောင်လေးသည် ရုတ်တရက် အော်ဟစ်ကာ သူ့ပိုင်ရှင်ရဲ့ လက်ထဲက ရေခွက်ကို ပုတ်ချလိုက်သည်။
အရာအားလုံးဟာ ရုတ်တရက် ဖြစ်ပွားသွားခဲ့ပြီး စုယန်ယန်၏ ဝတ်စုံပေါ်သို့
ထိုရေများ ကျလာကာ စိုစွတ်သွားခဲ့သည်။
ကြောင်လေးရဲ့ ပိုင်ရှင်သည် ဒီလိုမျိုး မတော်တဆမှုမျိုးကို
မျက်မြင်တွေ့ရှိခဲ့ရပြီး သူ့ကြောင်လေးက ပြဿနာ ရှာလိုက်သောကြောင့် အံ့အားသင့် သွားခဲ့သည်။
သူမသည် သူမရဲ့ကြောင်လေးကို ထိန်းချုပ်ဖို့ ကြိုးစားကာ စုယန်ယန်အား အလေးအနက် တောင်းပန်ခဲ့သည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်မကြောင်လေးက တော်တော်ဆိုးတာပဲ။
ကျွန်မ တကယ် စိတ်မကောင်းပါဘူး”
စုယန်ယန်သည် ရေစိုသွားသောနေရာကို တစ်ချက် ကြည့်လိုက်ပြီးနောက်
ကြီးကြီးမားမား မဟုတ်သောကြောင့် သူမ စိတ်ထဲ မထားခဲ့ပေ။
ဟောက်ချန်ဟွမ်းက ကြောင်ပိုင်ရှင်ကို အေးစက်စက်ကြည့်ကာ မျက်မှောင်ကြုတ်ရင်း
“မင်း အဝတ်အစားလဲဖို့ ခုနကဆိုင်ကို ပြန်သွားကြမလား” လို့ စုယန်ယန်အား အကြံပေးလိုက်သည်။
“အဲ့လိုလုပ်စရာ မလိုပါဘူး၊ ကျွန်မ သန့်စင်ခန်းထဲသွားပြီး
ပြင်ဆင်လိုက်မယ်။ ရှင်...”
“ကိုယ် မင်းနဲ့လိုက်ပေးဖို့ လိုအပ်လား”
စုယန်ယန်ရဲ့ စိတ်တွေ ဝေဝါးသွားကုန်တယ်။ သူမရဲ့ ပါးပြင်တွေက
နီမြန်းလာပြီး သူမခေါင်းကို ခါလိုက်သည်။
“မလိုအပ်ပါဘူး၊ သန့်စင်ခန်းက ဒီနေရာနဲ့ သိပ်မဝေးဘူး။ ကျွန်မ
မြန်မြန်ပြန်လာခဲ့မယ်”
ဟောက်ချန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။ စုယန်ယန် ထွက်သွားသည့်
နောက်တွင် ရင်းနှီးသော အရိပ်တစ်ခုကို မြင်လိုက်ရ၍ သူ အံ့အားသင့် သွားမိသည်။
ဟောက်ချန်ဟွမ်းရဲ့ ဗာဒံစေ့လို မျက်ဝန်းများသည် အန္တရာယ်ကြီးစွာ
ကျဉ်းမြောင်း သွားခဲ့သည်။ သူက အနီးနားရှိ ယုကျစ်ယန်အား ရည်ရွယ်ချက်ရှိရှိ အကြည့်တစ်ချက်
ပို့လိုက်သည်။
ယုကျစ်ယန်သည် သူ့အမိန့် ပေးလိုက်တာကို နားလည်ပြီး စုယန်ယန်
နောက်သို့ လျင်မြန်စွာ လိုက်ပါသွားခဲ့သည်။
စုယန်ယန်သည် သူမ၏ ဝတ်စုံကို သေသပ်အောင် ပြုပြင်ပြီးနောက်
သန့်စင်ခန်းမှ ထွက်လာသည့်အချိန်တွင် ရင်းနှီးသူတစ်ဦးနှင့် ဝင်တိုက်မိခဲ့သည်။
“နင် ဒီမှာ ဘာလုပ်နေတာလဲ”
ဟောက်ရှောက်ဖုန်းက မျက်ခုံးပင့်ကာ လှောင်ရယ် ရယ်လိုက်သည်။
“မင်းတောင် အငယ်ဆုံးဦးလေးနဲ့ ဒီနေရာမှာ အတူ လျှောက်လည်နိုင်ရင်
ငါကရော ဒီကို ဘာလို့ မလာနိုင်ရမှာလဲ”
“အိုး...”
စုယန်ယန်က စိတ်မဝင်စားဟန် အသံပြုကာ ဟောက်ရှောက်ဖုန်းကို ဖြတ်ကျော်သွားစဉ်
သူမ လက်ကောက်ဝတ်ကို ဟောက်ရှောက်ဖုန်းက လှမ်းဆွဲလိုက်သည်။
“မင်း ကိုယ်က အခြား အမျိုးသမီး တစ်ဦးကို သဘောကျ နှစ်သက်တာကြောင့်
ကိုယ်နဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ကိုယ့်ကို လက်စားချေချင်လို့ ကိုယ့်ရဲ့
အငယ်ဆုံးဦးလေးနဲ့ လက်ထပ်ဖို့ ကမ်းလှမ်းတာကို ကိုယ်သိတယ်။ မင်း သူ့ကို တကယ်မချစ်ပါဘူး၊
မင်း သူ့ကို အသုံးချချင်တာ၊ ဟုတ်တယ်မလား”
စုယန်ယန်သည် သူမလက်သီးကို ထိန်းထားလိုက်သည်။ သူမက သူ့ကို
မနှစ်မြို့ဟန် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်မက သူ့ကို မချစ်ဘူးဆိုရင် ဘယ်သူ့ကို ချစ်နေတယ်လို့
ဆိုလိုချင်တာလဲ၊ ရှင့်ကိုလား”
ဟောက်ရှောက်ဖုန်းသည် ခဏလောက် ဆွံ့အသွားခဲ့သည်။ ထို့နောက်
သူက မမှားယွင်းသလို မာနကြီးစွာ ပြန်ပြောခဲ့သည်။
“မင်း ဘာတွေ ခံစားနေရလဲ ဆိုတာကို ကိုယ်သိပါတယ်။ စေ့စပ်ပွဲကို
ဖျက်သိမ်းလိုက်တဲ့ အတွက် မင်း ဘယ်လောက် ဒေါသထွက်ပြီး စိတ်မကောင်း ဖြစ်နေလဲ ဆိုတာကို
ကိုယ်သိပေမယ့် မင်း အချစ်ဆိုတဲ့ အရာကို တွန်းအားပေးလို့ မရဘူးဆိုတာ မင်း သိပါတယ်။ ကိုယ်တို့နှစ်ယောက်က
အကြင်လင်မယားတွေ မဖြစ်နိုင်ပေမယ့် သူငယ်ချင်းတွေတော့ ဖြစ်လို့ ရနိုင်ပါသေးတယ်။ မင်း
ကိုယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေမယ့် ကိစ္စရပ်မျိုးတွေကို တကယ် မလုပ်သင့်ဘူး။
ဒါက တော်တော် အသိဉာဏ်ကင်းမဲ့တာပဲ”
ဟောက်ရှောက်ဖုန်းက သူပြောချင်တာတွေ ပြောပြီးသွားပေမယ့် ဒီလိုပြောဆိုတာ
မလုံလောက်ဘူးဟု ထင်ခဲ့မိသည်။ ထို့နောက် သူက အလွန် မနှစ်မြို့ဖွယ်ရာ ကောင်းသော အပြုအမူဖြင့်
ထပ်ပြောခဲ့သည်။
“ဝမ်ကျင့်ဖျင်နဲ့သာ မဆုံတွေ့ခဲ့ဘူးဆိုရင် ကိုယ် မင်းကို ကိုယ်တို့
မိသားစုတွေရဲ့ စီစဉ်ပေးမှုအတိုင်း မင်းကို လက်ထပ်မိလိမ့်မယ်။ ဒါပေမယ့် ကိုယ် သူမနဲ့
ဆုံတွေ့ဖို့ ကံကြမ္မာကို ပိုင်ဆိုင်ထားခဲ့ပြီး ဒါက သူမနဲ့ တစ်သက်လုံး အတူရှိဖို့ ရည်ရွယ်တဲ့
လက္ခဏာတစ်ခုပဲ။ ဒါက ကိုယ်တို့အတွက် ကောင်းကင်ဘုံက စီစဉ်ပေးထားတာပဲ။ မင်းပဲဖြစ်ဖြစ်
ကိုယ်ပဲဖြစ်ဖြစ် ဒါကို ဆန့်ကျင်လို့ မရနိုင်ဘူး။ မင်းရဲ့ ကြိုးစားရုန်းကန်မှုတွေက အားလုံးအချည်းနှီး
ဖြစ်သွားလိမ့်မယ်”
မနီးမဝေး နေရာတွင် ရှိနေကာ ထိုစကား အားလုံးကို ကြားလိုက်ရသည့်
ယုကျစ်ယန်သည် “...”
လိမ်လည် လှည့်ဖြားခဲ့တာကို ဒီလိုမျိုး မှန်ကန်ဖြောင့်မတ်သည့်
ဟန်ဖြင့် ပြောဆိုနိုင်သော သူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပါ။ အရင်က ဒီလူ ဒီလောက် အရှက်မရှိမှန်းကို
သူ ဘာကြောင့် မသိခဲ့ရတာလဲ။
***