ရှင်းမပြနိုင်လောက်အောင် ရွံရှာဖွယ် ကောင်းသော အပြောအဆိုများကို
ကြားလိုက်ရပြီးနောက် ဒီခွေးကောင်က သူ့ကို သူမ ဘာ့ကြောင့်များ ချစ်နေသေးတယ်လို့ ထင်နေရတာလဲ
ဆိုတာကို စုယန်ယန် နားမလည်နိုင်ပဲ သူ့စကားများကို နားထောင်ပြီး ရွံရှာမိသောကြောင့်
သူမတစ်ကိုယ်လုံး ကြက်သီးများပင် ထကုန်သည်။
သူမ ဒေါသ အရမ်းထွက်နေမိပြီး သူမကိုယ်သူမ မထိန်းနိုင်ပဲ တိုးတိုးလေး
ရယ်မောလိုက်မိသည်။ စုယန်ယန်သည် သူမကိုယ်သူမ အတတ်နိုင်ဆုံး စိတ်ထိန်းကာ ဟောက်ရှောက်ဖုန်း
လက်ထဲမှ ရုန်းထွက်လိုက်ပြီး နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်ကာ ခနဲ့သလို ပြုံးရယ်လိုက်သည်။
“ကျွန်မမှာ ရှင့်လိုလူမျိုးအတွက်
မပြောင်းလဲသွားမယ့် အချစ်မျိုး မရှိဘူး၊ ရှင့်အာရုံတွေကို ဆွဲဆောင်နိုင်ဖို့အတွက်
ကျွန်မဘဝရဲ့ တစ်သက်သာ ပျော်ရွှင်မှုကို စတေးပြီး ရှင့်ဆီကနေ ကျွန်မဘက်ကို တစ်ချက်လောက်
လှည့်ကြည့်ပေးဖို့ အတွက် ဒီလိုမျိုး လုပ်ခဲ့တယ်လို့ အတွေးမျိုး တွေးရဲနိုင်အောင် ရှင့်ကို
ဘယ်သူကများ ဒီလိုသတ္တိမျိုး ပေးခဲ့တာလဲ”
စုယန်ယန်သည် ထိုသို့ ပြောပြီး သွားသောခါ သူမ တုန်ယင်သွားတာကို
မတားဆီးနိုင်ပေ။ ဒီအမျိုးသားသည် သူ့ကိုယ်သူ အမျိုးသမီးတိုင်းက ကြိုက်နှစ်သက်သည့် ပြီးပြည့်စုံပြီး
ပျိုတိုင်းကြိုက် နှင်းဆီခိုင်အဖြစ် မှတ်ယူထားတာလား၊ သူ့ကို ကြည့်မိတဲ့ အမျိုးသမီးတိုင်း
သူ့ကို ချစ်မိသွားကာ သူ့အတွက် သေသေ ရှင်ရှင် ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေလိမ့်မည်ဟု မှတ်ယူထားတာလား။
သူမသည် ကိုယ့်ကျင့်သိက္ခာမရှိသော မိန်းကလေး မဟုတ်ပါ။ ဒီနေ့ခေတ်တွင်
ခြေလက်လေးခု ရှိသူကို ရှာတွေ့ရတာထက် ခြေလက်နှစ်ခု ရှိသူကို ရှာဖွေဖို့ ပိုခက်တယ်၊ ဟုတ်ပြီလား။
ထို့အပြင် သူမကို ပြောစရာ မလိုလောက်အောင် ချစ်မြတ်နိုးတဲ့
အမျိုးသား တစ်ယောက်ထံမှာ ကျရှုံးသွားခဲ့ပြီးပြီ။ ဒီလိုမိုက်မဲတဲ့ လူမျိုးကို သူမ နှလုံးသားကို
ပေးအပ်ရသည့်အထိ ဘာကြောင့် မိုက်မဲနေရမှာလဲ။
“မင်း ဒီလောက် အမြန်ကြီး ငြင်းစရာ မလိုပါဘူး၊ ကိုယ် အရာအားလုံးကို
နားလည်ပါတယ်။
စုယန်ယန် စိတ်ရှုပ်ထွေး သွားသည်။ ‘နင် ဘာကိုနားလည်တာလဲ၊ တကယ်
နားလည်တာရော ဟုတ်ရဲ့လား။ ဒီခွေးကောင်က ဒီရက်ပိုင်း စိတ်များလွတ်နေတာလား”
“မင်း ကိုယ့်ကြောင့် မခံစားရဘူးဆိုရင် မင်း ကိုယ်နဲ့စေ့စပ်ဖို့
ဘယ်လိုလုပ်ပြီး အတင်း ကြိုးစားခဲ့မှာလဲ။ ကိုယ် ဝမ်ကျင့်ဖျင်နဲ့ အတူ ရှိနေမှန်းကို သိလိုက်ရတဲ့
အခါမှာ မင်း အရမ်းဒေါသထွက်ပြီး ကိုယ့် အငယ်ဆုံး ဦးလေးကို လက်ထပ်လိုက်ဖို့အထိ မင်း ဆုံးဖြတ်လိုက်တာမလား”
စုယန်ယန် မျက်မှောင်ကြုတ် သွားသည်၊ သူမ ဟောက်ချန်ဟွမ်းကို
လက်ထပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာက ဟောက်ရှောက်ဖုန်းကို လက်စားချေ လိုစိတ်ကြောင့်
မဟုတ်ပဲ သူမ ဘဝတစ်သက်တာ ပျော်ရွှင်မှုအတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။
“ဒါက မတော်တဆလို့ မင်း ကိုယ့်ကို လာမပြောနဲ့။ စေ့စပ်ကြောင်းလမ်းခြင်း
ပျက်သွားရင်တောင် မင်းကို စေ့စပ်ကြောင်းလမ်းချင်တဲ့ လူတွေ အများကြီးရှိတယ်။ မင်းက ငါ့နဲ့တစ်မိသားစုတည်း
ငါ့ဦးလေးကို ဘာ့ကြောင့် လက်ထပ်ချင်ရတာလဲ”
စုယန်ယန် “...” ခွေးကောင်၊ နင် အရမ်း စိတ်ကြီးဝင်လွန်းတယ်၊
ငါ နင့်ကို ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။
“မင်း ကိုယ့်အပေါ် ခံစားချက်မရှိဘူးလို့ ပြောရဲလား”
ငါက ဘာဖြစ်လို့ မပြောရဲရမှာလဲ။ စုယန်ယန်သည် ဟောက်ရှောက်ဖုန်းအား
အရမ်း ရူးမိုက်လွန်းသော အရူးတစ်ယောက်အား ကြည့်နေသလို အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူမ မသိတာက ထိုအကြည့်များသည် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးများထဲတွင်
စုယန်ယန်က သူ့အား စိတ်ထဲမှ ခံစားချက်များ ပေါက်ကွဲထွက်လာပြီး စိတ်အားငယ်နေတယ်လို့ ထင်မြင်သွားစေသည်။
သူ့သံသယတွေက မှန်ကန်တယ်လို့ ခံစားမိလာလေလေ သူ့အပြုံးတွေက ပိုကျယ်ပြန့်လာလေလေ ဖြစ်လာခဲ့သည်။
“ကိုယ်သိတယ်၊ ကိုယ်သိတယ်။ ဘယ်သူကများ ဟောက်ချန်ဟွမ်းလို ဒုက္ခိတမျိုးကို
စိတ်ရင်းမှန်နဲ့ ဆက်ဆံမှာလဲ။ လွန်ခဲ့တဲ့ နှစ်တွေက သူ ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုက သူ့ခြေထောက်ကို
ပျက်စီးသွားစေရုံတင် မကဘူး၊ သူ့ရဲ့ မျိုးအောင်နိုင်စွမ်းတွေကိုပါ ဆုံးရှုံးသွားစေတယ်လို့
ကြားခဲ့ရတယ်။ ဒီလိုအသုံးမကျတဲ့ လူမျိုးကို တကယ် လက်ထပ်မယ်ဆိုရင် မင်း ကျေနပ်နိုင်ပါ့မလား။
သူက မင်းကို တကယ့်ဇနီးမယား အစစ်ဖြစ်အောင် စွမ်းဆောင် ပေးနိုင်ပါ့မလား”
အစတုန်းက ဟောက်ရှောက်ဖုန်း အရှက်တရား ကင်းမဲ့စွာ ကြွားလုံး
ထုတ်တုန်းက စုယန်ယန်သည် ငြီးငွေ့ကာ စိတ်အနှောင့်အယှက် ဖြစ်ရုံမျှသာ ခံစားခဲ့ရသည်။ သူ
နောက်ဆုံး ပြောလိုက်သည့် စကားကို ကြားလိုက်သောအခါတွင် သူမ၏ မျက်နှာအမူအရာဟာ မည်းမှောင်သွားကာ
ယခုအခါ ဟောက်ရှောက်ဖုန်းကို သူမကြည့်သော အကြည့်များတွင် လူသတ်လိုသော ရည်ရွယ်ချက်များပါ
စွန်းထင်းလာခဲ့သည်။
“အဲ့တာကို ထပ်ပြောကြည့်ပါဦး”
“ဘာကိုလဲ” ဟောက်ရှောက်ဖုန်းက ခဏရပ်သွားပြီး သူ့နှုတ်ခမ်းများကို
ခပ်ဖွဖွကိုက်ကာ အထင်သေးဟန်ဖြင့် ပြန်ပြောခဲ့သည်။
“ဒုက္ခိတစစ်စစ်ပဲ - အိုး....”
“ဒုက္ခိတ” ဟူသော စကားလုံး မဆုံးခင်တွင် ဟောက်ရှောက်ဖုန်းသည်
ဒူးထောက် ကျလုနီးပါး နာကျင်သွားကာ သူ့မျက်နှာတစ်ခုလုံး နီမြန်းလာသည်။
စုယန်ယန် သူ့ကို ချစ်နေသေးတယ်လို့ အခိုင်အမာ ပြောဆိုခဲ့တဲ့
သူ့ရဲ့ ဂုဏ်ယူဝံ့ကြွားမှုတွေ ဘယ်ရောက် သွားတာလဲ။
မနီးမဝေးက စင်္ကြံလမ်းမှာ ရှိနေသော ယုကျစ်ယန်သည် ဟောက်ရှောက်ဖုန်းရဲ့
စကားလုံးများကြောင့် သူလည်း ဒေါသထွက်နေခဲ့သည်။ သူ ဟောက်ရှောက်ဖုန်းကို အပြေး သွားရိုက်မိသော
အခါတွင် သူ အေးခဲသွားမိသည်။ ဟောက်ရှောက်ဖုန်း ခံစားနေရသည့် အတိုင်းပင် သူခံစားသွားမိသည်
- အခွံမာသစ်သီးများ အတွင်းမှ နာကျင်မှု...
“မင်း မင်း...”
သူ့ရဲ့ အရေးကြီးဆုံး အပိုင်းကို တိုက်ခိုက် ခံလိုက်ရပြီးနောက်
ဟောက်ရှောက်ဖုန်းသည် စုယန်ယန်အား အမှန်တကယ် သတ်ပစ်ချင်ခဲ့သည်။ မီးဝင်းဝင်းတောက် မျက်လုံးများဖြင့်
စုယန်ယန်အား နောက်တစ်ကြိမ် ဖမ်းဆုပ်ရန် တုန်ယင်နေသော သူ့လက်များကို ဆန့်ထုတ်လိုက်သည်။
***