စုယန်ယန်သည် အန္တရာယ် ပေးလိုသည်ဟု ယူဆရသော သူမ အနားရှိ လက်ချောင်းအား
စိုက်ကြည့်နေသည်။ အေးစက်သော အကြည့်ဖြင့် သူမ လှောင်ရယ် ရယ်လိုက်သည်။
“ကျွန်မက သာမန်လူတွေပဲ လက်ညှိုးထိုးပြတာကို မုန်းတီးတယ်”
မည်သည့် တုံ့ပြန်မှုကိုမှ မစောင့်ဆိုင်းပဲ သူမသည် ဟောက်ရှောက်ဖုန်း၏
လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ပြီး သူ့ကို ကိုင်ပေါက်လိုက်သည်။
ဘမ်း—
ဒီအသံကို နားထောင်လိုက်ရရုံနဲ့ သဲအိတ်လို အတိုက်ခိုက် ခံလိုက်ရသူအတွက်
ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။
ဒေါသ အရမ်းထွက်နေသည့် စုယန်ယန်တွင် ကရုဏာတရား မရှိခဲ့ပေ။
သူ့ရဲ့အောက်ပိုင်း တစ်ခုလုံး နာကျင်ကိုက်ခဲ နေရုံသာမက ဟောက်ရှောက်ဖုန်းသည် ကြမ်းပြင်ပေါ်သို့
ကိုင်ပေါက် ခံလိုက်ရသဖြင့် မထနိုင်ပဲ သူ့ခန္ဓာကိုယ်ရှိ အရိုးတိုင်း ကျိုးကြေသွားသလို
ခံစားလိုက်ရသည်။
ထိုသို့ဆိုရင်တောင် သူသည် စုယန်ယန်အား ကြောက်ရွံ့ ထိတ်လန့်နေသော
အကြည့်များဖြင့် ငေးကြည့်နေဆဲပင်။
“မင်း... ဘယ်လို လုပ်ရဲတာလဲ... ဒုက္ခိတ တစ်ယောက်အတွက်နဲ့...
မင်း...”
စုယန်ယန်သည် ထွက်သွားတော့မလို ဟန်ပြန်နေချိန်တွင် သူ ပြောလိုက်သည့်
စကားများကို ကြားလိုက်ရသည်။ သူမ ချက်ချင်း ပြန်လှည့်လာပြီး သူ့ကို ထပ်ကန်လိုက်ပြန်သည်။
“အား...” ဟောက်ရှောက်ဖုန်း၏ မချိမဆန့် အော်ဟစ်သံကို ကြားရသူတိုင်းသည်
လူသားဆန်စွာ သနားမိသွားသော်လည်း ထိုအသံက သူ့အတွက် စုယန်ယန်၏ သနားကြင်နာလိုစိတ်ကို နှိုးဆွရန်
မလုံလောက်ပေ။ သူမရဲ့ ဒေါသတွေကိုသာ ပေါက်ကွဲသွားစေလိမ့်မည်။
“ချီးဒုက္ခိတ- ဒီအစ်မကြီးက နင့်ကို ဒုက္ခိတ တစ်ယောက်ဖြစ်ရတဲ့
အရသာကို ပေးစွမ်းရလိမ့်မယ်”
စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ထိုသို့ပြောနေရင်း သူမ ခြေထောက်တွေဖြင့်
ထပ်ကာထပ်ကာ ကန်ကျောက်နေခဲ့သည်၊ အထူးသဖြင့် သူမ ကန်ချက်တိုင်းတွင် သူ့ကို နာကျင်စေမည့်
နေရာများကို အဓိကထား၍ ကန်ကျောက်ပေးခဲ့သည်။
“ကျားတစ်ကောင်လို ငါ့ခွန်အားကို မပြရသေးလို့ နင်တို့က ငါ့ကို
ဖျားနာနေတဲ့ ကြောင်တစ်ကောင်လို တကယ် သဘောထားနေတာပဲ။ နင်ပြောခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့
စကားတွေကို ကြည့်လိုက်စမ်း။ ငါက နင်နဲ့ တစ်နည်းမဟုတ် တစ်နည်း နီးစပ်ချင်လို့ လက်ထပ်ဖို့
လုပ်ခဲ့တယ်လို့ နင် ထင်သေးလား။ နင်တို့ ချီးမိသားစုတစ်ခုလုံး ဦးနှောက် ပျက်နေတာလား
ဒါမှမဟုတ် မှတ်ဉာဏ်ချို့ယွင်း နေတာလား ဒါမှမဟုတ် တစ်ခုခု ဖြစ်နေတာလား”
“အစတုန်းကတော့ နင့်အမေနဲ့ ငါ့အမေက တက္ကသိုလ်တက်တုန်းက သူငယ်ချင်းကောင်းတွေမို့လို့
နင့်မိဘတွေက ငါ့ကို နင်နဲ့လက်ထပ်ပေးဖို့အတွက် အတင်းတောင်းဆိုခဲ့ကြတယ်။ အဲ့တာက ဘယ်လောက်ကြာသေးလို့လဲ။
ငါက နင့်လိုငရှုပ်ကောင်နဲ့ တစ်နည်းမဟုတ် တစ်နည်း နီးစပ်ရအောင် ဒီလက်ထပ်ပွဲကို လက်ခံလိုက်တယ်လို့
ပြောချင်တာလား။ အဖြူအမည်းကို ပြောင်းပြန်လှန်ပြီး နင့်ပါးစပ်က ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး
ပြောရဲရတာလဲ”
“မင်း ခွေးမ...” ဟောက်ရှောက်ဖုန်းရဲ့ စကား မဆုံးခင်မှာပင်
စုယန်ယန်က သူ့ကို နောက်ထပ် ကန်ချက်တစ်ချက် ပစ်ခွင်းလိုက်သည်။
“နင်နဲ့ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းလိုက်တာက နင်နဲ့ နင့်အမြှောင်မတို့ကြားက
အရှက်မရှိ အရမ်းကြီးမားလွန်းတဲ့ ချစ်ခြင်းကြောင့် ဖျက်သိမ်းလိုက်တာလေ။ နင်က ဒါအကုန်ပဲလို့
တကယ် ထင်နေတာလား။ နင့်လို ဖိနပ်စုတ်မျိုးအတွက် ငါ့ကို မြတ်နိုး တန်ဖိုးထားတဲ့ အဖိုးတန်
ရှားပါးကျောက်မျက်ရတနာကို စွန့်လွှတ်လိုက်လိမ့်မယ်လို့ နင် တကယ်ထင်နေတာလား”
ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာသည် နာကျင်မှုကြောင့် ချွေးအေးများ
ရွှဲနစ်နေခဲ့သည်။ စုယန်ယန်က သူ့အား “ဖိနပ်စုတ်” ဟု ပြောလိုက်တာကို ကြားလိုက်ရသည့်အချိန်တွင်
သူ အသက်ရှူ ခက်ပြီး ဒေါသတကြီး သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
“နင် နင့်ကိုယ်နင် အရမ်းမွှေးကြိုင်တဲ့ ပေါက်စီတစ်လုံးလို့
တကယ်ထင်နေတာလား* (TN: ဝယ်လိုအားများခြင်းကို ရည်ညွှန်းသည့် တရုတ်ဘန်းစကား) နင်က ဘယ်လောက်တောင်
ညစ်ပတ်နေလဲဆိုတာကို ဘာဖြစ်လို့ မသိရတာလဲ။ ဟောက်ရှောက်ဖုန်း၊ အမှိုက်က အမှိုက်လိုပဲ
နေစမ်းပါ၊ ပတ်ဝန်းကျင်ကို မညစ်ညမ်းစေနဲ့၊ ဟုတ်ပြီလား။ နင်က ငါ့ရဲ့ချန်ဟွမ်းနဲ့ ဘယ်လိုလုပ်ပြီး
နှိုင်းယှဉ်ရဲရတာလဲ။ နင် သူ့အကြောင်းကို ဘယ်လိုလုပ်ပြီး ပြောရဲရတာလဲ။ ဒီတစ်ချက်နဲ့
ဒီတစ်ချက်က သူ့အကြောင်းပြောရဲတဲ့ နင့်ရဲ့ ညစ်ပတ်နေတဲ့ ပါးစပ်အတွက်ပဲ”
စုယန်ယန်သည် ပြောရင်း ပြောရင်းနဲ့ ဒေါသထွက်လာပြန်၍ ဟောက်ရှောက်ဖုန်းကို
ကန်ချက်အချို့ ပေးလိုက်ပြန်သည်။
အဝေးကနေ တိတ်တဆိတ် စောင့်ရှောက် ပေးနေသည့် ယုကျစ်ယန်သည်
“...” သူမသည် အလှပန်းလေး ဖြစ်သည်ဟုသာ ထင်ခဲ့ပေမယ့် လူသားစားတဲ့ နတ်သမီး ထောင်ချောက်ပန်း
ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
သူက တစ်ကိုယ်တည်း ရေရွတ် ပြောဆိုပြီးနောက် ယုကျစ်ယန်သည် ခွေးသေတစ်ကောင်လို
သေလုမြောပါး ဖြစ်နေသော ကြမ်းပြင်ပေါ်ရှိ ဟောက်ရှောက်ဖုန်းအား ခိုးကြောင်ခိုးဝှက် ကြည့်ရှု
လိုက်သေးသည်။
သူ ဝမ်းသာအားရ သွားပေမယ့် သူ့နောက်ကျော အေးစက်သွားသလိုမျိုး
ခံစားလိုက်ရသည်။ သူတို့ရဲ့ ဒီအနာဂတ် သခင်မလေးမှာ သာမာန်မဟုတ်သည့် တိုက်ခိုက်ရေး ခွန်အားများ
ရှိသည်။
ယုကျစ်ယန်သည် အနာဂတ်တွင် လက်ထပ်ထိမ်းမြားပြီး ဝင်ရောက်လာမည့်
သခင်မလေးသည် တစ်နေ့တွင် အကြောင်းတစ်ခုခုကြောင့် သခင်လေးနှင့် စကားများ ရန်ဖြစ်ခဲ့မယ်ဆိုလျှင်၊
ဖြစ်နိုင်တာက...
သူ စိတ်ကူးမိသည့် ဇာတ်လမ်းက ယုကျစ်ယန်အား တုန်လှုပ်ချောက်ချား
သွားစေသည်။ ကောင်းပြီ၊ ဒါပေမယ့် သခင်လေးက သခင်မလေးကို အတိုင်းအတာ တစ်ခုအထိ အလျော့ပေး
အလိုလိုက်ပေးမှာ ဖြစ်သည့်အတွက် ဒီလိုမျိုး မဖြစ်လာနိုင်ပါဘူး။ အဟား... အဟား... အဟား...
ယုကျစ်ယန်သည် သူ့စိတ်ကူးယဉ် အိမ်မက်လေး ယိမ်းယိုင်သွားသဖြင့်
သူ့နှလုံးသားထဲမှာပဲ ရယ်မောဖို့ သိမ်းဆည်း ထားလိုက်သည်။
***