ဟောက်ရှောက်ဖုန်းအား ကျေနပ်စရာ ကောင်းအောင် ရိုက်နှက်ပြီးနောက်
စုယန်ယန်သည် သူမ ဘဝနှစ်ခုလုံး စုပြုံနေသော နာကြည်းမှု အချို့ကို ပြေလျော့သွားအောင်
စွမ်းဆောင်နိုင်သဖြင့် စိတ်အခြေအနေ ပိုကောင်းလာသည်။
သူမသည် သက်ပြင်းမောလေး ချကာ အနည်းငယ် ကြေမွသွားသော သူမ အဝတ်အစားများကို
သပ်ရပ်အောင် ပြုပြင်လိုက်ပြီး ချက်ချင်းပင် ကြမ်းတမ်းသော ကျားမတစ်ကောင် အသွင်မှ ချစ်စရာကောင်းသည့်
အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဒီလိုချစ်စရာ ကောင်းသည့် ကောင်မလေးရဲ့ နှုတ်ကနေ ထွက်လာတဲ့
စကားလုံးတွေထဲမှာတော့ ဒေါသအငွေ့အသက် ယှက်သန်းနေတုန်းပါပဲ။ “နင် နောင်အနာဂတ်မှာ ချန်ဟွမ်းနဲ့
ငါ့ကို တွေ့တဲ့အခါ ဦးလေးနဲ့ အန်တီလေးအဖြစ် ရိုရိုသေသေ ဆက်ဆံဖို့ မမေ့လိုက်နဲ့၊ ဒါမှမဟုတ်ရင်
ငါလည်း နင်နဲ့ တွေ့တဲ့အချိန်တိုင်း ဒုက္ခိတဖြစ်ရတဲ့ ဝေဒနာမျိုးကို ခံစားခိုင်းရလိမ့်မယ်”
ထိုသို့ပြောပြီးနောက် စုယန်ယန်သည် ဟောက်ရှောက်ဖုန်းကို အကြည့်တစ်ချက်မှ
မစွန့်ကြဲတော့ပဲ ဒေါက်ဖိနပ်သံ တညံညံပေးကာ ထွက်သွားခဲ့သည်။
သူမထွက်သွားပြီးနောက် ခဏအကြာတွင် ယုကျစ်ယန်သည် သူ ရပ်နေသည့်
ထောင့်ကနေ ထွက်လာခဲ့သည်။
သူက အသက်ရှင်ရုံမျှသာ ဖြစ်နေသာ ဟောက်ရှောက်ဖုန်းကို ကြည့်ကာ
“အဲ့တာ မင်းနဲ့ ထိုက်တန်တာပဲ” လို့ ကျိန်ဆဲလိုက်သည်။
စုယန်ယန်သည် အခြားနေရာသို့ လှည့်ပတ် မသွားတော့ပဲ အိမ်မွေးတိရစ္ဆာန်ဆိုင်သို့
တန်းသွားခဲ့သည်။
ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည်နှင့် စုယန်ယန်၏ မငြိမ်မသက်
ဖြစ်နေသော နှလုံးသားသည် နောက်ဆုံး၌ လုံးဝ ငြိမ်သက်သွားကာ သူမ မျက်နှာပေါ်ရှိ အပြုံးဟာ
ပိုမို သဘာဝကျလာသည်။
“ရှင် စောင့်ရတာ ကြာသွားလား။ ကျွန်မဗိုက်က ရုတ်တရက် နေလို့ထိုင်လို့
အဆင်မပြေ ဖြစ်သွားတော့ အဲ့ဒီမှာ အချိန်နည်းနည်း ကြာသွားတယ်”
“မင်း ကိုယ့်ကို အားနာစရာ မလိုပါဘူး၊ မင်း အခု သက်သာသွားပြီလား”
ဟောက်ချန်ဟွမ်း၏ သူမဗိုက်မသက်မသာ ဖြစ်နေသေးလား အဆင်မပြေသေးဘူးလားလို့
မေးနေမှန်းကို အာရုံမရခင် စုယန်ယန်သည် သူ့ကို ဗလာသက်သက် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။
သူမမျက်ဝန်းများက မထင်မှတ်ပဲ စိုစွတ်လာသည်။ ကောင်းကင်ဘုံက
မတရားဘူး။ ဒီလိုလူကောင်းက သူ မတော်တဆ ဖြစ်သောကြောင့် ရရှိခဲ့သော ဒဏ်ရာ အနာတရများကြောင့်
သူတစ်ပါး၏ မထီမဲ့မြင်ပြု ဆဲရေးခြင်းကို ဘာ့ကြောင့် ခံရတာလဲ။
ဒီအတွေးတွေက သူမခေါင်းထဲမှာ ပြည့်နှက်လာတော့ သူမ ထိုအရူးကောင်အား
နောက်ထပ် ကန်ချက် အနည်းငယ်ခန့် ပေးချင်သွားသည်။
ထိုအရှုပ်အထွေးကို ရှင်းရန် အလုပ်ရှုနေသော ယုကျစ်ယန်သည် စုယန်ယန်၏
အတွေးများကိုသာ ကြားသိရလျှင် နှုတ်ထွက်စာ တင်သွားပေလိမ့်မည်။ ‘သခင်မလေး မင်း နောက်ထပ်
အကြိမ်အနည်းငယ်ခန့် ထပ်ကန်လိုက်မယ်ဆိုရင် သူ့ဘဝတစ်ခုလုံးကို တကယ်ပဲ သတ်မိသွားလိမ့်မယ်’
“ကျွန်မ အခု အဆင်ပြေသွားပါပြီ၊ အဲ့တာက ကျွန်မကို စိတ်အနှောင့်အယှက်
မပေးတော့ဘူး။ ရှင် သဘောကျတာ တွေ့လား”
“ဟင့်အင်း၊ ကိုယ် ဒီအရာတွေနဲ့ မကျွမ်းဝင်ဘူး”
“ဒါဆို မေ့ထားလိုက်၊ အခုဝယ်ထားတာတွေက သူတို့ကစားဖို့ လုံလောက်နေပြီ။
ကျွန်မတို့ ပြန်ကြရအောင်၊ သွမ်းသွမ်းက အခု အိမ်မှာ စိတ်ပျက်လက်ပျက် စောင့်နေလောက်ပြီ”
ဟောက်ချန်ဟွမ်းက ချက်ချင်း မတုံ့ပြန်ခဲ့ပါ။ စုယန်ယန်နဲ့ အတူတူ
ပြန်ရောက်လာတဲ့ ယုကျစ်ယန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။
ယုကျစ်ယန်က ခေါင်းညိတ်ပြသည့် အခါမှ ဟောက်ချန်ဟွမ်းက စုယန်ယန်အား
အပြုံးခပ်ဖျော့ဖျော့ဖြင့် “ကောင်းပြီ” လို့ ပြန်ပြောသည်။
စုယန်ယန်တို့ နှစ်ယောက်သား လက်ဆောင် ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်ဖြင့်
ပျော်ရွှင်စွာ ပြန်လာခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ အဝတ်အစားများ ဝယ်ယူရန် ဟောက်ရှောက်ဖုန်း
နှင့်အတူ ထွက်လာသော ဝမ်ကျင့်ဖျင်သည် ထိုကဲ့သို့ ကံကောင်းခြင်း မရှိခဲ့ပေ။
သူမသည် ဟောက်ရှောက်ဖုန်း ပြန်လာဖို့ အထည်ဆိုင်တွင် နေ့တစ်ဝက်နီးပါး
စောင့်ဆိုင်းခဲ့ပေမယ့် သူက ပြန်မလာခဲ့ပါဘူး။ သူမ သူ့ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့သော်လည်း
တစ်ဖက်မှ ပြန်လည် ဖြေဆိုခြင်း မရှိပေ။
အဆုံး၌ ဝန်ထမ်းရဲ့ အဓိပ္ပါယ်အပြည့် ပါဝင်သော အကြည့်အောက်တွင်
သူမ ရွေးချယ်ထားသော အဝတ်အစားများကို ပြန်ချကာ ရှက်ရွံ့စွာဖြင့် ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။
ဝမ်ကျင့်ဖျင်သည် အထည်ဆိုင်ထဲမှ ထွက်ခွာလာပြီးနောက် သူမ၏ မျက်နှာအမူအရာသည်
အရှက်ရမှုကြောင့် မည်းမှောင်နေခဲ့သည်။ သူမ ဒေါသတွေကို မျိုချကာ ဟောက်ရှောက်ဖုန်းကို
နောက်တစ်ကြိမ် ဖုန်းခေါ်ဖို့ ထပ်မံ ကြိုးစားခဲ့သည်။
အံ့သြစရာ ကောင်းတာက သူမရဲ့ဖုန်းခေါ်ဆိုမှုကို လက်ခံဖြေကြားခြင်း
မရှိခဲ့ပါ။ ဝမ်ကျင့်ဖျင်သည် အံတင်းတင်းကြိတ်ကာ ဟောက်ရှောက်ဖုန်း၏ ဖုန်းနံပါတ်အား ပိတ်ပင်လိုက်သည်။
သူမကို လာကြိုဖို့ သူငယ်ချင်းတစ်ဦးအား ဖုန်းခေါ်ဆိုရန် သူမ၏
ဖုန်းအဆက်အသွယ်စာရင်းကို ဖွင့်လိုက်သောအခါတွင် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းသို့
ပေးပို့ထားသည့် သီးသန့်မက်ဆေ့ချ် တစ်ခုကို ဖန်သားပြင်ပေါ်တွင် တွေ့မြင်လိုက်ရသည်။
သူမသည် ထိုသီးသန့်မက်ဆေ့ချ်၏ အကြောင်းအရာများနှင့် သိပ်စိမ်းသက်ခြင်း
မရှိပါ။ အစားအသောက် ကဏ္ဍတွင် အခြားတစ်ယောက်မှ သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကူးယူထားကြောင်းနှင့်
ခိုးကူးသူက ဘယ်လိုမျိုး လုပ်ထားကြောင်းနှင့် ပတ်သက်၍ အကြမ်းဖျင်း ပေးပို့ထားသည်။
အစပိုင်းမှာတော့ ဝမ်ကျင့်ဖျင်သည် သူမကို အတုခိုးဖို့ ကြိုးစားနေတာ
ဖြစ်သောကြောင့် သူမကို ခြိမ်းခြောက်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ မှတ်ယူထားခဲ့ပြီး...
... စာသားမက်ဆေ့ချ်ရဲ့ အဆုံးမှာ ပူးတွဲပေးပို့ထားသည့် ငါးဟင်းလျာပုံကို
မတွေ့မချင်း သူမ တည်ငြိမ်နေခဲ့သည်။ ဝမ်ကျင်ဖျင့်ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး
ဖုန်းကို ကိုင်ထားသည့် သူမလက်တွေဟာ တုန်ခါလာခဲ့သည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီလူက ဘယ်လို ဖြစ်နိုင်မှာလဲ...”
***