ညနက်သန်းခေါင် စိုက်ပျိုးမယ်
စုယန်ယန်သည် ငါးဟင်းလျာကို ဖမ်းယူထားသော ဓာတ်ပုံကို အသုံးပြုရုံဖြင့်
ဝမ်ကျင့်ဖျင်၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့ပြီး တစ်ဖက်သားအား ထိတ်လန့်စေခဲ့သည်ကို
မသိခဲ့ပေ။
သွမ်းသွမ်းသည် စုယန်ယန်တို့ နှစ်ယောက်သား ပြန်သယ်လာသော လက်ဆောင်လေးများကို
နှစ်သက် သဘောကျလေသည်။ သူတို့က သွမ်းသွမ်း၏ လက်ထဲသို့ လက်ဆောင်များ ပေးအပ် လိုက်ချိန်တွင်
သူလေးက လက်ဆောင်ပစ္စည်းများကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့သည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းအား ခွေးလေး၏ လက်ဆောင်ပစ္စည်းများကို
အိမ်သို့ ပြန်သယ် သွားစေသည်။
သနားစရာကောင်းသော သွမ်းသွမ်းသည် အိမ်သို့ ပြန်ရောက်ပြီး နာရီအနည်းငယ်ခန့်
အကြာတွင် ဟောက်ချန်ဟွမ်း အိမ်သို့ ပြန်ပို့ခြင်း ခံခဲ့ရသည်။ သူလေးက မပြန်သွားခင်မှာ
ဝမ်းနည်းပက်လက် ငိုကြွေးမြည်တမ်းပြီး ဆူညံပွက်လောရိုက်ကာ နောက်ဆုံး၌ သူလေးပိုင်ရှင်၏
အင်္ကျီလက်ကို မလွှတ်ပဲ ချစ်စရာကောင်းသည့် အမူအရာများ အသုံးပြု၍ သူလေးကို ပြန်မပို့ရန်
ကြိုးစားခဲ့သည်။
ပထွေးတစ်ယောက်ကို ရရှိသွားကတည်းက သူလေးမှာ လုံးဝ ကူကယ်ရာမဲ့
သွားခဲ့သည်။ သူလေး၏ မိခင်သည်လည်း မိခင်အဖြစ်မှ မိထွေးအဖြစ်သို့ အသွင်ပြောင်း သွားခဲ့သည်။
သူလေး ဘယ်လောက်ပဲ သရုပ်ဆောင်ဖို့ ကြိုးစားပါစေ၊ ပထွေး၏ တီးတိုးပြောသံကို မနှိုင်းယှဉ်သာပါဘူး။
“မနက်ဖြန် မနက်ခင်းလောက်မှာ ချီချီ စီးလာတဲ့ လေယာဉ် ဆိုက်လိမ့်မယ်။
ကျွန်မ သူမကို သွားကြိုရမယ်။ ပြီးရင် ကျွန်မတို့ နေ့လယ်စာ အတူစားကြမလား”
“ကောင်းပြီလေ”
ဟောက်ချန်ဟွမ်းသည် သူစိမ်းများနှင့် တွေ့ဆုံရမှာကို မနှစ်သက်သော်လည်း
ရှောင်လွဲ၍ မရနိုင်သော စီးပွားရေးလုပ်ငန်း အဆက်အသွယ်များကတော့ ခြွင်းချက် တစ်ခုပင်
ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ စုယန်ယန်က သူ့ကို သူမ သူငယ်ချင်းများနှင့်
မိတ်ဆက် ပေးလိုသည့် ရည်ရွယ်ချက် ရှိသောကြောင့် စုယန်ယန်သည် သူ့ကို သူမဘဝထဲသို့ ဆွဲခေါ်ပြီး
သူက သူမဘဝရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာစေချင်ကြောင်း သူ အသိအမှတ်ပြုမိသည်။
ထိုည သန်းခေါင်ယံတွင် ဟောက်မိသားစု၏ အိမ်တော်ဟောင်းသည် အမှောင်ထုထဲ၌
ထီးတည်း တည်ရှိနေလေသည်။ ခြံဝန်းသည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။
ခြံထောင့် တစ်နေရာတွင်သာ သက်ဝင် လှုပ်ရှားနေသည်။ လူတစ်ဦးသည်
စိတ်ပျက် လက်ပျက်ဖြင့် ဂေါ်ပြားတစ်ခုကို ကိုင်ကာ တွင်းတူးနေခဲ့သည်။
နောက်ကျောမှ နီးကပ်လာသည့် ခြေသံများကို ကြားလိုက်ရပြီး တွင်းတူးနေရာမှ
ရုတ်တရက် အေးခဲသွားပြီး သံချေးတက်နေသည့် စက်ရုပ် တစ်ရုပ်ကဲ့သို့ သူ့ခေါင်းကို ဖြည်းဖြည်းချင်း
လှည့်ကြည့် လိုက်သည်။
သူ့နောက်ကျောမှာ ဘာတစ်ခုမှ ရှိမနေဘူးဆိုတာကို အတည်ပြုပြီး
နောက်၌ သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူ့ပခုံးပေါ်မှ
လက်တစ်ဖက်၏ အထိအတွေ့ကို ခံစားလိုက်ရသည်။
ညသန်းခေါင်ယံတွင် စိုက်ပျိုးနေသော ဥယျာဉ်မှူး “...”
“အား... မလာနဲ့၊ မလာပါနဲ့။ မင်း နောက်တစ်ခါ ထပ်ရောက်လာရင်
ငါ မင်းကို တိုက်ခိုက်ရလိမ့်မယ်။ ငါတကယ်ပြောတာနော်”
“ရှုး... ညနက်သန်းခေါင်မှာ မင်း ဘာလို့ ဒီလောက် အော်ဟစ် နေရတာလဲ။
မင်း သခင်လေး နိုးသွားမှာကို မကြောက်ဘူးလား”
သူ့အား ပြစ်တင် ရှုတ်ချနေသည့် ရင်းနှီးသော အသံက ယုကျစ်ယန်အား
မိန်းမော တွေဝေနေရာမှ အသိပြန်ဝင်လာစေပြီး သူ့မျက်လုံးတွေကို မရဲတရဲ ဖွင့်ကြည့်လိုက်မိသည်။
မနီးမဝေးမှ လူနှစ်ယောက်ကို မြင်လိုက်ရပြီးနောက် ကြောင်တက်တက်ဖြင့် “ရှောက်ယန်... ယန်ပိုင်...”
လို့ ခေါ်ကြည့်လိုက်သည်။
ကုရှောက်ယန်က သူ့မျက်လုံးတွေကို လှိမ့်လိုက်သည်။
“ငါတို့အပြင် ဘယ်သူများ ဖြစ်နိုင်လို့လဲ”
ယုကျစ်ယန်သည် သူ့ဒူးခေါင်းများ အားနည်းသွားခဲ့ပြီး ဒေါသတကြီး
ပြောဆိုလိုက်သည်။ “မင်းတို့နှစ်ယောက် အရမ်းလွန်တာပဲ။ မင်းတို့ ငါ့နောက်ကို တိတ်တိတ်လေး
ချဉ်းကပ်လာပြီး ငါ့ပခုံးကို ပုတ်တယ်။ ဒီလို ခြောက်လှန့်တာမျိုးက တချို့လူတွေကို သေစေနိုင်တယ်ဆိုတာ
မင်းတို့ မသိကြဘူးလား”
“ကျွတ်... ကျွတ်... ငါတို့ နှစ်ယောက်က မင်းကို စိုးရိမ်လို့
လိုက်လာခဲ့ပေယ့် ငါတို့ရဲ့ ဂရုစိုက်မှုတွေက အချည်းနှီး ဖြစ်သွားပုံပဲ။ ယန်ပိုင် ငါတို့
သွားကြရအောင်။ ငါတို့ ဒီမျက်လုံးဖြူ ဝံပုလွေကို ဂရုစိုက်နေစရာ မလိုဘူး”
“မင်း ငါ့ကို စိတ်ပူလို့ ဒီနေရာကို ရောက်လာတာ ဟုတ်လို့လား။
မင်း ငါ့ကို ဟာသလုပ်ချင်လို့ လာကြည့်တာမှန်း သိသာလွန်းတယ်”
“ဖူး...” ယုကျစ်ယန် ဘာမှ မပြောလိုက်တာက ပိုကောင်း ပေလိမ့်မည်။
ကုရှောက်ယန်သည် သူ့ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။
“ဟားဟား... ဟားဟား... မင်း ဒါကို ပြောနေသေးတယ်။ မင်း သခင်မလေးနဲ့
အပြင်ထွက်ပြီး မင်းကိုမင်း ဒီလို အခြေအနေမျိုး ရောက်အောင် ဘယ်လိုများ လုပ်လိုက်တာလဲ။
ငါ အရမ်း ရယ်ချင်နေတယ်”
ယုကျစ်ယန်က သူ့ကို ဟက်ဟက်ပက်ပက် အော်ရယ်နေတာကို တွေ့လိုက်ရပြီး
ဒေါသထွက်သွားသည်။ သူ့စိတ် အလိုမကျမှုအတွက် ထွက်ပေါက် ရှာဖွေလိုပြီး သူ့သူငယ်ချင်းတွေကို
ရိုက်ဖို့ ဂေါ်ပြားကို ကိုင်မြှောက် ထားလိုက်သည်။
“မင်း နောက်ထပ် ရယ်ရဲ ရယ်ကြည့်။ မင်းတို့က ငါ့ကို မကူညီပဲ
ရယ်နေကြတာ ဘယ်လို ညီအစ်ကိုမျိုးတွေလဲ”
“ကောင်းပြီ၊ မင်းတို့ နှစ်ယောက်စလုံး တော်ကြတော့” ကျိုးယန်ပိုင်က
ယုကျစ်ယန်၏ လက်ကို ထိန်းကာ သူတို့နှစ်ယောက်ကြား ဝင်ရပ် လိုက်သည်။ သူက စိတ်ပျက်လက်ပျက်ဖြင့်
“ဘာဖြစ်တာလဲ။ မင်း ဒီနေ့ သခင်လေး နဲ့အတူ မစ်စုရဲ့အိမ်ကို လိုက်သွားတာမလား။ ဘာဖြစ်ခဲ့လို့လဲ။
ကျစ်ယန် မင်းပြန်လာတာနဲ့ ဘာလို့ စိုက်ပျိုးဖို့ လုပ်နေရတာလဲ”
ယုကျစ်ယန်သည် “စိုက်ပျိုးခြင်း” ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ
အကျပ်ရိုက် သွားသည်။ ကုရှောက်ယန်သည် ယုကျစ်ယန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသော အခါတွင်
နောက်တစ်ခါ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။
“အဲ့တာက ဒီလိုကွာ၊
မစ်စုရဲ့ သူငယ်ချင်းကောင်းက မနက်ဖြန်ကျရင် ပြန်လာမှာမို့လို့ ဒီနေ့ နေ့လည်စာ စားပြီးချိန်မှာ
သခင်လေးနဲ့ မစ်စုတို့ သူမ သူငယ်ချင်းအတွက် လက်ဆောင်ဝယ်ဖို့ အတူတူ စျေးဝယ် ထွက်ခဲ့ကြတယ်...”
ကုရှောက်ယန် ပြောနေတဲ့ စကားမဆုံးခင်မှာပင် ကျိုးယန်ပိုင်
အံ့အားတကြီး ကြားဖြတ် ပြောလိုက်သည်။
“သခင်လေးက စျေးဝယ်ထွက်ခဲ့တာလား”
***