အဖေတူသား
ကုရှောက်ယန်သည် ကျိုးယန်ပိုင်၏ ရှော့ရမှုကို အပြည့်အဝ နားလည်နိုင်သည်။
“ဟုတ်တယ်၊ မင်းကြားလိုက်တာ မှန်တယ်။ သခင်လေးက ဒီနေ့ မစ်စုနဲ့အတူ
စျေးဝယ် ထွက်ခဲ့ကြတယ်။ မစ်စုက သခင်လေးအတွက် ဦးထုပ်တွေနဲ့ လည်စည်းတွေ အများကြီး ဝယ်ပေးခဲ့ပြီး
သူတို့ကို သခင်လေး ကိုယ်တိုင် ဗီဒိုထဲ ထည့်သိမ်းထားတယ်”
ကျိုးယန်ပိုင် အံ့အားသင့် သွားပေမယ့် မစ်စုကြောင့်ဟု တွေးလိုက်သော
အခါတွင် အရာအားလုံးကို ရှင်းပြစရာ မလိုပဲ သူ နားလည် သွားခဲ့သည်။
ဒီကမ္ဘာပေါ်တွင် မစ်စု တစ်ဦးတည်းကသာ သခင်လေးကို သူမအတွက်
သူ့အလေ့အကျင့်တွေကို လိုလိုလားလား ပြောင်းလဲ သွားစေနိုင်သည်။
“မင်း စျေးဝယ် ထွက်တာကို လိုက်ပါသွားရုံနဲ့တင် သခင်လေးက မင်းကို
အပြစ်ပေးမှာ မဟုတ်ဘူး။ မင်း သခင်လေး ဒေါသထွက်အောင် ဘာလုပ်မိလို့လဲ”
ယုကျစ်ယန် ရှက်ရွံ့သွားမိသည်။ ကုရှောက်ယန်က အဟမ်းလို့ လည်ချောင်း
ရှင်းကာ “ငါပြောပြရမယ်ဆိုရင် အဓိကတရားခံ... ဟောက်ရှောက်ဖုန်းကြောင့်ပဲ” လို့ မနှစ်မြို့စွာ
ပြောလိုက်သည်။
“ဒါက ဟောက်ရှောက်ဖုန်းနဲ့ ဘာဆိုင်လို့လဲ”
ယုကျစ်ယန်၏ မျက်နှာဟာ အနည်းငယ် မည်းမှောင်သွားပြီး ဟောက်ရှောက်ဖုန်းက
အိမ်မွေး တိရစ္ဆာန်ဆိုင်ရှိ ဖောက်သည် တစ်ဦးအား လာဘ်ထိုး၍ စုယန်ယန်ကို ရေစိုအောင် လုပ်လိုက်သောကြောင့်
စုယန်ယန်သည် သန့်စင်ခန်းသို့ သွား၍ သန့်ရှင်းရေး လုပ်ရန် မှတစ်ပါး ရွေးချယ်စရာ မရှိပေ။
ယုကျစ်ယန်သည် သန့်စင်ခန်း အပေါက်ဝတွင် ဟောက်ရှောက်ဖုန်းမှ
စုယန်ယန်ကို ပြောခဲ့သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော စကားလုံးများအား သူတို့ကို ပြန်လည်
ဖောက်သည်ချပြီး သူတို့၏ အနာဂတ် သခင်မလေးမှ ပြန်လည် တိုက်ခိုက်ခဲ့တာကို အသေးစိတ် ပြောပြခဲ့သည်။
ဟောက်ရှောက်ဖုန်းက သူတို့၏ သခင်လေးအား နှုတ်ဖြင့် ဆဲရေးခဲ့သည့် အကြောင်းအား ထပ်ခါတလဲလဲ
လေးနက်စွာ ပြောပြခဲ့သည်။
“မင်းတို့ ဒါကိုမသိလို့၊ မစ်စုက ဟောက်ရှောက်ဖုန်း သူ့ကိုယ်သူ
ကိုယ်ရည်သွေး ပြောဆိုနေတာကို ကြားပေမယ့် သူ့ကို ဂရုစိုက်ခဲ့ဘူး။ သူက သခင်လေး အကြောင်း
ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တာနဲ့ မစ်စုရဲ့မျက်နှာ ချက်ချင်း ပျက်သွားခဲ့တယ်။
သူမ ဟောက်ရှောက်ဖုန်းကို ကြည့်လိုက်တဲ့ မျက်နှာ အမူအရာက သူမ သူ့တစ်ကိုယ်လုံး အရှင်လတ်လတ်
မျိုချချင်နေသလိုပဲ”
“ပြီးတော့... ဟောက်ရှောက်ဖုန်း ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားတယ်။
သူ့ရဲ့ခွေးလို အသွင်အပြင်ကို မင်း မမြင်လိုက်ရတာ နာတယ်။ မစ်စုက သူ့ကို မြေပေါ် ကိုင်ပေါက်လိုက်ပြီး
ငါးဖယ်တစ်ကောင်လို ရိုက်ပေးလိုက်တယ်။ အဲ့တာကို ပြန်တွေးကြည့်ရုံနဲ့ ငါ့ကို တုန်လှုပ်ချောက်ချား
သွားစေတယ်”
ယုကျစ်ယန်သည် တစ်နေ့တာ ကုန်ဆုံး သွားသောအခါ သူ မရယ်နိုင်တော့ပေ။
အမှန်မှာ အစတုန်းက ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ ပြောရေးဆိုရေး ရှိသူအဖြစ် တာဝန်ယူရန်
အမိန့်ပေးခဲ့သည်။ သူသည် အပေါ်ယံတွင်တော့ ထိုအမိန့်ကို မကန့်ကွက်ဝံ့ပေမယ့် သူ့စိတ်ထဲမှာတော့
သိပ်မပျော်ခဲ့ဘူး။
ဒီအဖြစ်အပျက်ပြီးနောက် ယုကျစ်ယန်သည် စုယန်ယန်အပေါ် ထားရှိသော
သူ့အမြင်တွေ လုံးဝ ပြောင်းလဲသွားခဲ့ပြီး ဟောက်ချန်ဟွမ်းရဲ့ အရင်အစီအစဉ်များကို မကျေမနပ်
မဖြစ်တော့ပေ။
ယခုအချိန်မှစ၍ သူ ပြင်းပြင်းထန်ထန် ကြိုးပမ်း အားထုတ်ပြီး
သူ့ရဲ့ အနာဂတ်သခင်မ၏ ပေါင်ကို ဖက်တွယ် ထားရမည်။ ဒါက ဘဝရဲ့ အထွတ်အထိပ်သို့ ရောက်ရန်
သေချာတဲ့ လတ်မှတ်တစ်ခုပဲ။
ကျိုးယန်ပိုင်က သူပြောတာကို ကြားလိုက်သော်လည်း သူ့စိတ်ထဲမှာ
အခြားအရာ တစ်ခုကို တွေးနေမိသည်။
“မစ်စုက ငယ်ငယ်တုန်းက အရမ်း အားနည်းတဲ့ ကလေးတစ်ယောက်ပဲ။ သူမက
အရမ်း အားနည်းလွန်းတော့ ကျောင်းမှာ ရွယ်တူတွေရဲ့ အနိုင်ကျင့်မှုကို ခံရမှာ စိုးရိမ်တာကြောင့်
စုမိသားစုက သူမကို ကိုယ်ခံပညာ သင်ကြားပေးဖို့ အထင်ကြီးစရာ ကောင်းတဲ့ ဆရာများကို ငှားရမ်းခဲ့ကြတယ်။
ဟောက်ရှောက်ဖုန်းလို လူမျိုးက သူမအတွက် သာမာန်ပဲ။ ဒီတစ်ခါတော့ သူက မစ်စုရဲ့ နောက်ဆုံးစည်းကို
သေချာပေါက် သွားထိမိတာပဲ”
“သူ ဒီလိုခံရတာ ထိုက်တန်တယ်။ အဲဒီ အချိန်တုန်းက မင်း အဲဒီနေရာမှာ
ရှိမနေလို့ ဒါပေမယ့် ငါကတော့ သူပြောတဲ့ စကားတိုင်းကို လူကိုယ်တိုင် ကြားခဲ့ရတာ။ ဟောက်ရှောက်ဖုန်းရဲ့
မိဘတွေက မစ်စုရဲ့ မိဘတွေကို ကလေးတွေကို လက်ထပ် ထိမ်းမြားပေးဖို့ သူတို့က အရင်ဆုံး စတင်
တောင်းဆိုခဲ့ကြတာ နောက်ဆုံးကြတော့ မစ်စုက သူ့အပေါ် ခံစားချက် ရှိနေသေးတယ်လို့ စွပ်စွဲပြောဆိုတဲ့
အပြင် မစ်စုကို စိုးရိမ်နေသလို ဟန်ဆောင်ပြီး သခင်လေးနဲ့ လက်ထပ် ထိမ်းမြားခြင်း မပြုလုပ်ဖို့
တားမြစ်ခဲ့တယ်”
“သူတို့ မိသားစုရဲ့ အတွေးတွေကို သူများတွေ မသိကြဘူးလို့ ထင်နေကြတာလား။
ငါတို့သခင်လေး လက်ထပ်ပြီးရင် စုမိသားစုနဲ့ ပေါင်းစည်း သွားမှာကို ဟောက်ချီဟန်က အလွန်
ကြောက်လန့်ပြီး ညဆို ကောင်းကောင်း မအိပ်နိုင်ဘူးလေ။ ဟောက်ရှောက်ဖုန်းက သူနဲ့ အဲဒီ အမြှောင်မတို့
တစ်ယောက်ကိုတစ်ယောက် သက်ဆုံးတိုင် ပေါင်းဖက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့တဲ့အပြင်
သူနဲ့ မစ်စုတို့က လင်မယား မဖြစ်နိုင်ရင်တောင် သူငယ်ချင်းတွေ ဖြစ်နိုင်ပါသေးတယ်လို့
ထပ်ဆိုခဲ့တယ်။ အဲဒီဒရမ်မာရဲ့ အဓိကဗဟိုမှာ ရှိနေတဲ့ မစ်စု မပြောနဲ့ အဲ့တာကို ကြားလိုက်ရတဲ့
ငါတောင် တွန်းထုတ်ပစ်ချင်စိတ် ပေါ်မိတယ်။ သူက မစ်စု ပြင်းပြင်းထန်ထန် ရိုက်နှက်တာကို
ခံသင့်တယ်”
ကူရှောက်ယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ဆက်လက်
အပုတ်ချသည်။
“ဒီအဖေက မွေးထားတော့ ဒီလိုသားမျိုးပဲ ထွက်လာတာပေါ့။ သူတို့မိသားစုက
ရွံရှာဖွယ် ကောင်းတဲ့ အရာတွေကို အချင်းချင်း ဝေငှပြီး လုပ်နေကြတာပဲ”
ကျိုးယန်ပိုင်က သူ ပြောဆိုပြခဲ့သည့် ဇာတ်လမ်းထဲက အဓိကပြဿနာကို
ဖမ်းဆုပ်မိသည့်အတွက် တခစ်ခစ် ရယ်မောလိုက်မိသည်။
“ဒါဆို မင်းကို အပြစ်ပေးတဲ့အတွက် သခင်လေးကို အပြစ်တင်မနေနဲ့။
သခင်လေးက မင်းကို သူမကို မစ်စုအနောက်ကို လိုက်သွားခိုင်းတာက ကာကွယ်ပေးဖို့ပဲ။ ဒါပေမယ့်
မင်း ဒီပြပွဲကို ရှေ့ဆုံးတန်းကနေ ထိုင်ကြည့်ခဲ့တာပဲ... သခင်လေးက မင်းကို အပြစ်မပေးဘူးဆိုရင်
နားမလည်နိုင်ဖြစ်မိလိမ့်မယ်”
***