သူတို့က သူ ကံဆိုးမိုးမှောင်ကြတာကို
သဘောကျနေကြတယ်
ယုကျစ်ယန်က သူ့နှာခေါင်းကို မလုံမလဲကုတ်ကာ ခြောက်ကပ်ကပ် အပြုံးဖြင့်
ပြောသည်။
“ငါက စပ်စုချင်ရုံပါပဲ။ မစ်စုက ဟောက်ရှောက်ဖုန်းနဲ့ ငါတို့
သခင်လေးတို့ကြား ဘယ်သူ့ကို ပိုသဘောကျလဲ ဆိုတာကို မင်းတို့ရော မသိချင်ကြဘူးလား”
နှစ်ယောက်သား ချောင်းအသာဟန့်ကာ ပြန်လည် ချေပနိုင်စွမ်း မရှိချေ။
သူတို့တွေကလည်း စုယန်ယန်က ဟောက်ချန်ဟွမ်းအပေါ် ဘယ်လို သဘောထားလဲ
ဆိုတာကို သိချင်နေကြတာ အမှန်ပင် ဖြစ်ကြသည်။ ဟောက်ရှောက်ဖုန်းနှင့် စေ့စပ်ပွဲ ဖျက်သိမ်း
ပြီးတာနဲ့ စုယန်ယန်က ဟောက်ချန်ဟွမ်းကို သူမနှင့် လက်ထပ်ဖို့ ရုတ်တရက် တောင်းဆိုခဲ့သည်။
ဟောက်ရှောက်ဖုန်းက သူ့ကိုယ်သူ အထင်ကြီး ဘဝင်မြင့်တာ ဖြစ်သော်လည်း
သူတို့လည်း အရင်က ဒီလိုသံသယမျိုး ရှိခဲ့ကြသည်။
ဟောက်မိသားစုနှင့် ဟောက်ရှောက်ဖုန်းကို လက်တုံ့ပြန်ချင်သောကြောင့်
စုယန်ယန်က ဒီလက်ထပ်ပွဲကို စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်နေမှာကို သူတို့
စိုးရိမ်ပူပန်ခဲ့ကြသည်။
ဒီအကြောင်းဟာ ယုကျစ်ယန်က စုယန်ယန်ကို ကူညီပေးရမည့် အစား အစပိုင်းတွင်
ဘေးကနေ ရပ်ကြည့်နေရခြင်း အကြောင်းရင်းလည်း ဖြစ်လေသည်။
စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ဘယ်လို တုံ့ပြန်မလဲ နဲ့ သူ
ပြောတဲ့ စကားများအပေါ် သူမ ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာကို ယုကျစ်ယန်က မြင်ချင်ခဲ့သည်။
ယုကျစ်ယန်သည် ဟောက်ရှောက်ဖုန်းက ဟောက်ချန်ဟွမ်းကို ရိုင်းရိုင်းစိုင်းစိုင်း
ပြောဆိုလာသည့် အချိန်တွင် စုယန်ယန်က နှုတ်ဆိတ်နေမှာလား ဒါမှမဟုတ် ဟောက်ချန်ဟွမ်းဘက်မှ
ကာကွယ် ပြောဆိုပေးမှာလား ဆိုတာကို သူ အရမ်း စိတ်ဝင်စားခဲ့သည်။
ရလဒ်က စိတ်ကျေနပ်စရာ ကောင်းသော်လည်း ထို့အတွက် ပေးဆပ် လိုက်ရသည့်
“တန်ဖိုး”ကလည်း ကြီးမားပေသည်။
“နောက်တော့ မစ်စု အဆင်မပြေခဲ့ဘူးလား”
ယုကျစ်ယန်သည် စုယန်ယန်က ဟောက်ချန်ဟွမ်းဘက်မှ မားမားမတ်မတ်
ရပ်တည် ပြလိုက်သည့် အခါတွင် သူမ၏ မျက်လုံးများထဲတွင် ဟောက်ရှောက်ဖုန်းအား ချစ်မြတ်နိုး
နေသေးသည့် အရိပ်အယောင် တစ်စွန်းတစ်စကိုမျှ မမြင်တွေ့ခဲ့ရပါ။
ဟောက်ချန်ဟွမ်း၏ ဘေးတွင် ဆယ်နှစ်ကျော် ရှိလာခဲ့သည့် လူတစ်ယောက်
အနေဖြင့် ယုကျစ်ယန်သည် သခင်လေး၏ အမူအရာ ကင်းမဲ့နေသော မျက်နှာထက်ဝယ် လျှို့ဝှက်စွာ ကြည်နူး
နေမှုမျိုးတွေကို အဘယ်မှာ မရိမ်မိပဲ နေပါ့မည်နည်း။
တစ်နည်းဆိုရသော် သခင်လေးတို့ စုံတွဲသည် တစ်ယောက်ကို တစ်ယောက်
အရမ်း ချစ်ပြနေကြသဖြင့် ဒီတစ်ကိုယ်ရေ ခွေးလေးမှာတော့ ကိုယ့်ဒဏ်ရာကို တိတ်တဆိတ် လျှက်နေခဲ့ရတယ်။
ဒါက ကြေကွဲဝမ်းနည်းစရာ ကောင်းတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။
“တကယ်လို့ မစ်စုသာ အဆင်မပြေဘူးဆိုရင် သခင်လေးက ငါ့ကို အပင်တွေ
စိုက်ခိုင်းရုံတင် အပြစ်ပေးပါ့မလား။ မင်းကို နယ်စပ်ပို့ပြီး မင်း ကိုယ့်ကိုယ်ကိုယ်
ကာကွယ်နေရလိမ့်မယ်”
ယုကျစ်ယန်က ထိုအကြောင်းနှင့် ပတ်သက်၍ စောဒက တက်ခဲ့သော်လည်း
ပြစ်ဒဏ်ကိုမူ ငြင်းပယ်လိုသည့် အမူအရာ လုံးဝမရှိခဲ့ပေ။ သူပိုပြီးဂရုစိုက်တာက...
“အာ... ဒါတွေ အကုန်လုံးက မစ်စု ကြိုက်နှစ်သက်တာတွေ ဖြစ်နိုင်တယ်၊
အထူးသဖြင့် အဲဒီ နှင်းဆီပန်း အပြာရောင်တွေကလေ။ ဒါ့ကြောင့်နေမယ်၊ သခင်လေးက ငါ့ကိုတောင်
နှင်းဆီ အပြာရောင်ကို ခြံဝန်းအပြည့် စိုက်ပျိုးခိုင်း ထားပြီးတော့ သူတို့အကုန်လုံး
ရှင်သန်လှပနေရမယ်လို့ ငါ့ကို ပြောခဲ့တယ်။ နွားတွေ အိမ်မပြန်မချင်း ငါ အနားယူဖို့ မဖြစ်နိုင်ဘူး”
“သခင်လေးက မင်းကို အိမ်မှာ အပြာရောင် နှင်းဆီပန်းလေးပဲ စိုက်ခိုင်းတာကို
ကျေနပ်နေသင့်တယ်”
ဒီစကားကို ကြားပြီးနောက် ယုကျစ်ယန်သည် ထိုအဖြစ်အပျက်ကို တွေးပြီး
ကြောက်ရွံ့ ထိတ်လန့် သွားသည်။ ရုတ်တရက် သူ့မျက်စိရှေ့ရှိ “သေးငယ်သော” ဥယျာဉ်လေးကို
ကြည့်ကာ မျက်စိဘဝင် ကျမိသည်။
ကျိုးယန်ပိုင်သည် သူ့မျက်လုံးများတွင် ကြောက်ရွံ့ ထိတ်လန့်နေသော
မျက်လုံးများကို စိုက်ကြည့်ကာ အားတင်းပြုံးကာ ပြောလိုက်သည်။
“ဒါနဲ့ စကားမစပ်၊ ဟောက်ရှောက်ဖုန်း စေခိုင်းထားတဲ့ အိမ်မွေးတိရစ္ဆာန်ဆိုင်မှာ
မစ်စုကို ရေစိုအောင် လုပ်တဲ့ တစ်ယောက်ကရော ဘာဖြစ်သွားလဲ”
“သူမအတွက် တခြား ဘာဖြစ်နိုင်မလဲ။ လူစိမ်း တစ်ယောက်ဆီကနေ ပိုက်ဆံယူပြီး
သခင်မလေးကို အိမ်မွေးတိရစ္ဆာန်ဆိုင်ထဲမှ အပြင်ကို ခဏထွက်နိုင်အောင် ကူညီပေးဖို့ ဆန္ဒရှိနေတာပဲ။
သူမက ပင်ကို သဘောထားကပင် မစာနာတတ်သူ (သို့) လောဘကြီးတတ်သူ ဖြစ်မယ်။ ငါက ဒီလိုလူမျိုးကို
ကိုင်တွယ်နေတဲ့ နေရာမှာ အတော်ဆုံးပဲ”
ကုရှောက်ယန်က ဒီလို ပြောလိုက် ကတည်းက သူတို့နှစ်ယောက်ဟာ ထိုအမျိုးသမီးရဲ့
ကံကြမ္မာကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ သူတို့က ပညာရှိစွာဖြင့် ဒီအကြောင်းအရာအား
ထပ်မံ ပြောဆိုခြင်း မရှိတော့ပေ။
“ဟောက်ရှောက်ဖုန်းကတော့...” ယုကျစ်ယန် တခစ်ခစ် ရယ်မောလိုက်သည်။
“ငါ အဲ့တာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာ။ သခင်မလေးက သူ့ကို
ကရုဏာ ကင်းမဲ့စွာ သုံးလေးကြိမ်လောက် ကန်ကျောက် ပစ်လိုက်တယ်။ သူ့ကို ကန်လိုက်တဲ့ သခင်မလေးရဲ့
ကန်ချက်က သူ့ကို အချိန်အတော်ကြာ ကလေးမရနိုင်ဖို့ ငါမျှော်လင့်မိတယ်။ နောင်အနာဂတ်မှာ
သခင်လေးရဲ့ မစွမ်းသန်တဲ့ အကြောင်းကို သူ ရဲရဲဝံ့ဝံ့ ပြောရဲသေးတာကို ငါတို့တွေ့ရင် သူ့ကိုတွေ့တဲ့
အချိန်တိုင်း ငါ သူ့ကို တစ်ခါတည်း ရိုက်နှက်ပစ်မယ်။ ဟမ့်...”
“…”
ကုရှောက်ယန်နဲ့ ကျိုးယန်ပိုင်တို့သည် အချိန်တစ်ခဏမျှ အေးခဲသွားပြီး
သူ့အလိုလို တုန်လှုပ်သွားမိသည်။ ဒီအဖြစ်အပျက်ပြီးနောက် မစ်စုအပေါ် ယုကျစ်ယန်ရဲ့ အမြင်
လုံးဝ ပြောင်းလဲ သွားတာကို သူတို့ နားလည်နိုင်ခဲ့သည်။
မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ အရက်စက်ဆုံး ဆိုတာ အမှန်ပါပဲ။
သို့သော် မစ်စုသည် ဟောက်ရှောက်ဖုန်းကို ကန်ခဲ့သည့် အကြောင်းကို ပြန်တွေးကြည့် သောအခါတွင်
သူ့ကံဆိုးမိုးမှောင် ကျမှုကို သူတို့ မနေနိုင်ပဲ စိတ်ကျေနပ်နေမိသည်မှာ အဘယ်ကြောင့်နည်း။
***