အပိုင်း ၈၉
Viewers 1k

အခန်း (၈၉)

လုံးဝ အရှက်ကွဲခြင်း

 

ဒီအဖြစ်အပျက်ပြီးနောက် ဟောက်ရှောက်ဖုန်း အမြဲတမ်းအတွက် မသန်မစွမ်း ဖြစ်သွားနိုင်ဖို့ကို လူအနည်းစုက တိတ်တဆိတ် မျှော်လင့်ခဲ့မိကြသည်။ မည်သို့ပင် ဆိုစေကာမူ ဟောက်‌ရှောက်ဖုန်းသည် မူလကပင် ကံကြမ္မာသားတော် အမျိုးသားဇာတ်လိုက် ဖြစ်လေသည်။ စုယန်ယန်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်သည့် ကန်ချက်များဖြင့် အကန်ခံလိုက်ရပြီး နောက်တွင်ပင် သူက ကံကောင်း ထောက်မစွာဖြင့် အသက်ရှင် ကျန်ရစ်နိုင်ခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် အနာဂတ်တွင် အချို့သော ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် အနည်းငယ် အခက်တွေ့နိုင်မည် ဖြစ်သည်။ ထို့အပြင် နောင်နှစ်နှစ်အတွင်း ဒါကို အမှန်တကယ် အသုံးပြုနိုင်ဖို့ သူ့အတွက် ပိုမိုခက်ခဲသည်။

 

ဟောက်ရှောက်ဖုန်းသည် သတိရလာပြီးနောက် ရောဂါရှာဖွေမှု ရလဒ်ကို သိရှိခဲ့သည်။ သူ အရမ်း ဒေါသထွက်ပြီး အခုချက်ချင်း သေချင်စိတ် ပေါက်သွားမိသည်။ ကုတင်ပေါ်တွင် ခြေလက်များကို လှုပ်ယမ်း အော်ဟစ်ပြီးနောက် ကုတင်ဘေးရှိ စားပွဲကို မှောက်ပစ်လိုက်သည်။

 

ဖရဲသီး အပိုင်းအစများနှင့် သစ်သီးများ နေရာအနှံ့တွင် ပြန့်ကျဲသွားပြီး အလွန် ရှုပ်ပွသွားခဲ့သည်။

 

“အဲဒီခွေးမကို ငါ သတ်ပစ်မယ်...”

 

မစ်ဟောက်၏ မျက်လုံးများဟာ နီရဲနေပြီး သူမ စိတ်နှလုံး နာကျင်စွာ ပြောလိုက်သည်။ “ရှောက်ဖုန်း စိတ်အေးအေး ထားပါဦး။ မင်း ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေနဲ့”

 

“ကျွန်တော် ဒီလိုဖြစ်သွားပြီ။ ဘယ်လိုလုပ်ပြီး စိတ်အေးအေး ထားနိုင်ဦးမှာလဲ။ အဖေ သားကို ကူညီပေးရမယ်။ အဲဒီခွေးမ တော်တော် လွန်သွားပြီ။ သူမက ကျွန်တော်တို့ မျိုးဆက်ကို ဖြတ်တောက် ပစ်ချင်နေတာပဲ”

 

ဟောက်ရှောက်ဖုန်းက စကားမပြောလိုက်တာက ပိုကောင်းပါလိမ့်မည်၊ သူ ထိုသို့ ပြောလိုက်သည်နှင့် ဟောက်ချီဟန်ရဲ့ မျက်နှာဟာ မည်းမှောင် သွားခဲ့သည်။ ဟောက်ချီဟန်က သူ့ဘေးနားမှာရှိသည့် ဖန်ခွက်ကို ကောက်ကိုင်ကာ ဟောက်ရှောက်ဖုန်းကို ထိုဖန်ခွက်ဖြင့် ပစ်ပေါက် လိုက်သည်။

 

ဟောက်ရှောက်ဖုန်းသည် လှုပ်ရှားနိုင်စွမ်း မရှိသလို ရှောင်တိမ်း နိုင်စွမ်းလည်း မရှိပေ။ ဖခင်ဖြစ်သူ၏ မထင်မှတ်ထားသော ပစ်ပေါက်ချက်နှင့် ရင်ဆိုင်ရချိန်တွင် သူ့မျက်နှာဟာ ဖြူဖျော့သွားခဲ့သည်။

 

မစ်ဟောက်သည် နေရာ၌ပင် စူးစူးဝါးဝါး အော်ဟစ်ကာ မေ့လဲကျလုနီးပါး ဖြစ်သွားခဲ့လေသည်။

 

ကံကောင်း ထောက်မစွာဖြင့် ဟောက်ချီဟန်သည် သူ၏ တစ်ဦးတည်းသော သားဖြစ်သူကို သတ်ဖို့ မရည်ရွယ် ထားခဲ့သောကြောင့် နောက်ဆုံး၌ ထိုဖန်ခွက်သည် ခုတင်စွန်းကိုသာ ထိမှန်သွားခဲ့သည်။

 

 

ထိုဖန်ခွက်သည် ဘန်းခနဲမြည်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ အပိုင်းပိုင်း အစစ ကွဲကြေ ထွက်ကျသွားခဲ့သည်။

 

အခန်းထဲတွင် ခဏတာ တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည်။ မစ်ဟောက်သည် သူမ၏ဒူးများ အားနည်းသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

 

“ချီဟန် ရှင် ဘယ်လို လုပ်လိုက်တာလဲ။ ရှောက်ဖုန်းက ရှင့်သားပါ။ ပြီးတော့ ဒီလိုမျိုး ဆိုးဆိုးရွားရွား ရိုက်နှက်ခံရတာကို ကြံ့ကြံ့ခံခဲ့ရတယ်။ ရှင် ဘယ်လိုလုပ်ပြီး...”

 

“ဘာဖြစ်လို့ ငါက မလုပ်နိုင်ရမှာလဲ။ ငါ ဖြစ်နိုင်ရင် ဒီအမှိုက်ကောင်ကို မင်းဗိုက်ထဲ ပြန်ထည့်ပြီးတော့  ငါ့မှာ ဒီလိုသားမျိုး မရှိဘူးလို့ ယူဆချင်တယ်”

 

“ရှင် ဒီလိုစကားမျိုးကို ဘယ်လို ပြောထွက်ရက်တာလဲ”

 

“ငါ ဘာလို့ ဒီလိုစကားမျိုး မပြောနိုင်ရမှာလဲ။ မင်းရဲ့ သားလိမ္မာလေးကို သူ ဘာလုပ်ခဲ့လဲ ဆိုတာကို မင်း မေးကြည့်သင့်တယ်”

 

“ကျွန်မ...” မစ်ဟောက် ဆို့နင့်သွားသည်။

 

“အဲ့လိုဆိုရင်တောင်... သူ အမှားတစ်ခုခု လုပ်မိရင်တောင် အဲ့ခွေးမလေးက သူ့ကို ဒီလိုမျိုး မရိုက်နှက်သင့်ဘူး”

 

“သူမ သူ့ကို သာသာယာယာပဲ ရိုက်နှက်ခဲ့တာ”

 

ဟောက်ချီဟန်သည် မျက်နှာမည်းဖြင့် ရေရွတ်ကာ သူ့ဇနီးသည် ရှေ့မှောက်သို့ တိုက်ရိုက် ဖွင့်ထားသည့် ဟိုလိုဂရပ်ဖစ် ဗီဒီယိုကို ပြသခဲ့သည်။

 

ဖန်သားပြင်ပေါ်တွင် ထိုဗီဒီယို၏ အဓိက ဇာတ်လိုက်နှစ်ဦး၏ အနီးကပ် မြင်ကွင်းကို ပြသနေပြီး ဟောက်ရှောက်ဖုန်းသည် စုယန်ယန်အား လမ်းပိတ်ကာ အရိုက်ခံစေရမည့် စကားများကို စိတ်အား ထက်သန်စွာ ပြောဆိုခဲ့ပြီး စုယန်ယန်ထံမှ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်းကို သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာ ဖြစ်သည်။

  

 

ထိုဗီဒီယို၏ အဆုံးတွင် စုယန်ယန်မှ သူ့အား မေးမြန်းလိုက်သော မေးခွန်းများကို သူမ ကြားလိုက်ရသောကြောင့် မစ်ဟောက်၏ မျက်နှာဟာ နီမြန်းလာခဲ့သည်။

 

ဒီအကြောင်းက အမှန်ပင် မဟုတ်ပါလား။ အစပိုင်းတွင် သူတို့ဟာ ချိန်ရှုချင်၏ မိသားစု နောက်ခံကို သဘောတွေ့ကာ စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းတို့အား သူငယ်ချင်းကောင်းများ အဖြစ် ဟန်ဆောင်စေသည့် အကြံကို အသုံးပြုခဲ့ကြသည်။

 

အချိန်တချို့ကြာ စဉ်းစားပြီးမှ စုမိသားစုသည် သူတို့ရဲ့ ကမ်းလှမ်းမှုကို သဘောတူ လက်ခံခဲ့တာ ဖြစ်သည်။ ဟောက်မိသားစုသည် စုယန်ယန်က သူတို့သားကို သေချာပေါက် စိတ်ဝင်စား လိမ့်မယ်လို့ တွေးထားသောကြောင့် ဒီလက်ထပ်ပွဲကို ကမ်းလှမ်းခဲ့တာ ဖြစ်သည်။

 

အချိန်ကြာ လာသည် နှင့်အမျှ သူတို့သည် ဒီလက်ထပ်ပွဲဟာ သူတို့ရဲ့ အကြံဉာဏ်ကြောင့် လက်ခံပေးလိုက်ကြောင်းကို အမှန်တကယ် မေ့လျော့ သွားခဲ့ကြသည်။

 

မစ်‌ဟောက်က ဒီအကြောင်းအား ပြတ်ပြတ်သားသား ထောက်ပြတာကို ကြားလိုက်ရတော့ သူမမျက်နှာဟာ တင်းမာသွားခဲ့သည်။

 

ဟောက်ချီဟန်သည် ဒီဗီဒီယိုကို ပြန်ကြည့် လိုက်သောအခါတွင် ပိုပြီး ဒေါသထွက်လာသလို ခံစားလိုက်ရသည်။

 

“ဒီဗီဒီယိုကို ငါ့ဆီ ဘယ်သူ ပို့လိုက်တာလဲ ဆိုတာ မင်းသိလား”

 

 

“ဘယ်သူက ဒါကို ပို့ပေးတာလဲ”

 

“ဟောက်ချန်ဟွမ်းရဲ့ လက်အောက်ငယ်သားက ငါ့ကို ဒီဗီဒီယို ပို့ပေးလိုက်တာပဲ။ ငါ အသက်ရှင် နေထိုင်ခဲ့သမျှ နှစ်လေးဆယ်လုံးမှာ ဒီနေ့လောက် အရှက်ရတာမျိုး မကြုံခဲ့ရဖူးဘူး”

 

အခု ဟောက်ရှောက်ဖုန်းရဲ့ သေလုမြောပါး ဖြစ်နေသည့် အသွင်ကြောင့် မဟုတ်လျှင် ဟောက်ချီဟန်သည် သူ၏ မွေးရကျိုးမနပ်သည့် သားကို သေတဲ့အထိ ကန်ပစ်ချင်မိလိမ့်မည်။

 

ဟောက်ချန်ဟွမ်းနှင့် သူသည် ဟောက်မိသားစုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဆယ်နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ဆုံး၌ သူသည် သူ့ပြိုင်ဖက်၏ လက်၌ မသေခဲ့ရပဲ သူ့သားဖြစ်သူကြောင့် သူ့ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။ သူ ဘယ်လိုလုပ်ပြီး စိတ်မဆိုးပဲ နေနိုင်မှာလဲ။

***