သတို့သမီးလောင်းကို တွေ့တာနဲ့ အမေကို စွန့်ပစ်လိုက်တယ်
ကျယ်ဝန်းပြီး တောက်ပနေသော ဆိုက်ရောက်ခန်းတွင် အရပ်ရှည်ပြီး
သွယ်လျသော ပုံရိပ်တစ်ခုဟာ အဝေးတစ်နေရာမှ ဖြည်းညင်းစွာ လမ်းလျှောက် လာခဲ့သည်။
သူမသည် ပေါ့ပေါ့ပါးပါး ဂျင်းဝတ်စုံပေါ်တွင် အဝါရောင် အင်္ကျီကို
ထပ်ဝတ်ဆင်ထားကာ နွေးထွေးမည့်ပုံ ပေါ်သည့်အပြင် ဖက်ရှင် ကျနေတာကိုလည်း တွေ့မြင်နိုင်သည်။
သူမသည် ကမ္ဘာမြေကြီးပေါ်တွင် ပေါ်ထွက် လာသော်လည်း သူမရဲ့ အေးစက်နေသည့် အမူအရာက သူမကို
ချဉ်းကပ် လွယ်မယ့်ဟန် မပေါ်စေပေ။
ဒီအမျိုးသမီးရဲ့ အထူးခြားဆုံး အရာကတော့ သူမလက်ထဲမှာ ပွေ့ဖက်ထားသည့်
အညိုရောင် ကော်ဂီခွေးငယ်လေးပင် ဖြစ်သည်။
ဒီကော်ဂီခွေးငယ်လေးဟာ ရွှေပလ္လင်ပေါ်တွင် ထိုင်နေသည့် မင်းသမီးလေး
တစ်ပါးလိုပါပဲ။ သူလေးဟာ ပိုင်ရှင်၏ လက်မောင်းပေါ်တွင် သူလေးရဲ့ မေးစေ့ကို အသာတင်ထားကာ
ပတ်ဝန်းကျင် တစ်ဝိုက်ကို အေးအေးဆေးဆေး စူးစမ်းနေခဲ့သည်။
“ရှောင်ချီ ငါ ဒီမှာ” စုယန်ယန်သည် အဝေးမှ ရင်းနှီးနေသော ပုံရိပ်လေးကို
မြင်လိုက်ရပြီး သူမ၏အာရုံကို ဖမ်းစားနိုင်ရန် လက်တွေကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။
လင်းရှောင်ချီသည် စုယန်ယန်၏ အသံကို ကြားလိုက်ရသော အခါတွင်
သူမ၏ နေကာမျက်မှန်ကို အမြန်ချွတ်လိုက်သည်။ နွေးထွေးသော အပြုံးလေး တစ်ပွင့်က သူမမျက်နှာပေါ်ရှိ
အေးစက်သော အငွေ့အသက်များအား ပျောက်ကွယ် သွားစေသည်။
“နင် အကြာကြီး စောင့်လိုက်ရလား။
နင် ဘယ်လိုဖြစ်လို့ ဒီလောက် စောစောလာရတာလဲ။ ငါ နင့်ကို ခဏလောက် စောင့်ရဦးမယ် ထင်နေတာ”
“ငါ နင်နဲ့ ငါတို့ ဟွားဟွားကိုတွေ့ဖို့ မစောင့်နိုင်တော့လို့လေ”
စုယန်ယန်သည် အတိတ်ဘဝတုန်းက
သူမအပေါ် အနစ်နာခံ ပေးဆပ်ခဲ့ရသော်လည်း ပျော်ရွှင်ဖွယ် အဆုံးသတ်လေးကို မရရှိခဲ့သော သူမရဲ့
အချစ်ဆုံး သူငယ်ချင်းကို အနားရောက်ရောက်ချင်း မပွေ့ဖက်ပဲ မနေနိုင်ခဲ့ပါ။
လင်းရှောင်ချီးသည် သူမ၏ ကြင်နာသော ပွေ့ဖက်မှုကြောင့် ကြက်သေ
သေသွားကာ မျက်တောင် ခတ်လိုက်မိသည်။ သူမက ပြုံးကာရယ်ကာ ပြောလိုက်သည်။ နင် ဘာလို့ ရုတ်တရက်ကြီး
ဒီလောက် တွယ်ကပ်နေတာလဲ။ ကောင်းပြီ၊ ကောင်းပြီ၊ မြန်မြန် ဖယ်ပေးပါဦး။ ငါတို့ဟွားဟွားလေးကို
မွန်းကျပ်အောင် မလုပ်ပါနဲ့”
စုယန်ယန်သည် သူမကို အချိန်အတော်ကြာ ပွေ့ဖက် ထားပြီးနောက်
မလွှတ်ချင် လွှတ်ချင်ဖြင့် ပြန်လွှတ်ပေးကာ သူမ လက်မောင်းထဲတွင် ပွေ့ဖက်ထားသော ကော်ဂီခွေးငယ်လေးထံ
အာရုံပြောင်း လိုက်သည်။
“အိုး... ဟွားဟွားရေ မင်းရဲ့အန်တီယန်ယန်ကို မှတ်မိသေးလား။
လာပါဦး၊ အန်တီ မင်းကို ပွေ့ဖက်ပါရစေဦး”
ဟွားဟွားသည် ခေါင်းငုံ့ကာ စုယန်ယန်ကို အချိန်ခဏတာမျှ ကြည့်နေမိပေမယ့်
သူလေးဟာ နာခံစွာဖြင့် သူ့လက်များကို စုယန်ယန်ထံ ကမ်းပေးလိုက်ပြီး ရှက်ရွံ့နေမှုမှ ကယ်တင်
ပေးလိုက်သည်။
စုယန်ယန်သည် အလွန် ဝမ်းသာရွှင်မြူးသွားပြီး လင်းရှောင်ချီးရဲ့
လက်ထဲမှ ဟွားဟွားကို ဂရုတစိုက် ပွေ့ချီလိုက်သည်။ စုယန်ယန်သည် သူမလေး၏ နူးညံ့သော လက်လေးများကို
ဖွဖွလေး ဆုပ်ကိုင်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဟွားဟွားလေးက အရင်လို ချစ်ဖို့ကောင်းပြီး လိမ္မာယဉ်ကျေးနေတုန်းပဲ၊
နေ့တိုင်း အကြီးအကျယ် ဒေါသထွက် ဖျက်ဆီးတတ်ပြီး ရံဖန်ရံခါမှာ စွပ်ဖားခွေးတစ်ကောင်လို
တော်တော် သောင်းကျန်းတဲ့ အိမ်ကတစ်ကောင်လို မဟုတ်ဘူး။ ဒါက တကယ့်ကို စိုးရိမ်စရာပဲ”
စုယန်ယန်ပြောတာကို ကြားပြီးနောက် ဟွားဟွားသည် ချက်ချင်းပင်
သူမလေးရဲ့ မေးစေ့ကို ပင့်မော့လိုက်သည်။ သူမလေးသည် စုယန်ယန်ရဲ့ ချီးကျူးမှုကို အလွန်သဘောကျ
လက်ခံပုံပါပဲ။
လင်းရှောင်ချီးသည် သူမခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်ပြီး
ဘေးနားပတ်လည်ကို ကြည့်လိုက်သည်။
“ဒါနဲ့ စကားမစပ်
သွမ်းသွမ်းရော ဘယ်မှာလဲ။ ဘာဖြစ်လို့ သူက နင်နဲ့အတူ မပါလာရတာလဲ”
“သွမ်းသွမ်းက ငါ့သတို့သားလောင်းနဲ့ အတူနေတာ”
“အိုး... နင့် သတို့သားလောင်းနဲ့လား”
လင်းရှောင်ချီးသည်
အံ့အားသင့် သွားသည်။ စုယန်ယန်သည် သူမ ဟွားဟွားကို အလွန်တရာ ဂရုတစိုက် ပေးသကဲ့သို့ သွမ်းသွမ်းကို
အလွန်ဂရုစိုက်ခဲ့သည်။
သူမသည် စုယန်ယန်ရဲ့ သတို့သားလောင်းကို တစ်ခါမှ မတွေ့ဖူးပေမယ့်
စုယန်ယန်သည် သူမရဲ့ အဖိုးတန်လေး သွမ်းသွမ်းကို သူ့ထံမှာ အပ်ထားတဲ့အတွက် ကြည့်ရတာ ဒီတစ်ယောက်သည်
သူမရဲ့ အချစ်စစ် ဖြစ်ရပေမည်။
“နင်နဲ့ နင့်ရဲ့ အခုလောလောဆယ် သတို့သားလောင်း အကြောင်းလေးကို
ပြောပြပါလား။ ငါကြားတာတော့ ဟောက်ရှောက်ဖုန်းနဲ့ နင့် ဇာတ်လမ်းက ပြီးသွားပြီဆို...”
“ဒါက ဇာတ်လမ်း အရှည်ကြီးပဲ။ နင်နဲ့ ဟွားဟွားက မနက်အစောကြီး
ပြန်လာရတော့ အခုဆို ဗိုက်ဆာ နေလောက်ပြီ။ ငါတို့ ဒီအနီးအနားက အဆင့်မြင့် စားသောက်ဆိုင်တစ်ခုမှာ
သီးသန့်ခန်း တစ်ခုကို ကြိုတင် မှာယူထားပြီးပြီ။ ငါတို့ အဲ့ဒီကိုသွားပြီး နေ့လယ်စာ စားကြရအောင်”
လင်းရှောင်ချီးသည် ခဏတာမျှ စဉ်းစားခဲ့သော်လည်း သူမရဲ့ ဖိတ်ကြားချက်ကို
မငြင်းဆန်ခဲ့ပေ။
ဟောက်ချန်ဟွမ်း ကြိုတင် မှာယူထားသည့် စားသောက်ဆိုင်သည် သိပ်မဝေ့သဖြင့်
မိနစ် အနည်းငယ်ခန့် သွားလိုက်တာနဲ့ သူတို့ ရောက်ရှိသွားခဲ့သည်။
စားသောက်ဆိုင် တံခါးဝသို့ သူတို့ ခြေချလိုက်သည်နှင့် လေဆာလို
မျက်လုံးများ ပိုင်ဆိုင်ထားသည့် သွမ်းသွမ်းသည် သူတို့ကို သီးသန့်အခန်းထဲမှပင် တွေ့ရှိခဲ့ပြီး
ဟောက်ချန်ဟွမ်းရဲ့ ပေါင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းကာ စိတ်အားထက်သန်စွာ ပြေးထွက်လာခဲ့သည်။
စုယန်ယန်သည် ပြေးလွှားလာသံကို ကြားလိုက်ရသည်နှင့် သူမခွေးလေး
ရောက်ရှိလာတာကို သိရှိသွားပြီး သူမမျက်နှာပေါ်တွင် ကူကယ်ရာမဲ့တဲ့ အသွင်ဖြစ်သွားကာ သူမ၏
ထိုအမွေးပွလုံးလေးကို ပွေ့ဖက်လိုက်ဖို့ အသင့်ဖြစ်သွားခဲ့သည်။
အံ့သြစရာ ကောင်းတာက ဒီခွေးသည် သူမထံသို့ နောက်ထပ် အကြည့်တစ်ချက်ကိုမျှ
မပေးအပ်ခဲ့ဘူး။ သူလေးသည် သူမကို မမြင်သလို ကျော်ဖြတ် သွားပြီးတော့ သူမရဲ့ ပေါင်သို့
တွယ်တက် လာခဲ့သည်။ သူလေးသည် လင်းရှောင်ချီး လက်ထဲမှ ပွေ့ဖက်ထားသော ဟွားဟွားကိုသာ စိုက်ကြည့်ကာ
စိတ်အား ထက်သန်သော အကြည့်အချို့ကို ပေးအပ်ခဲ့သည်။
စုယန်ယန် “...” ဒီခွေးမိုက်က သူ့ သတို့သမီးလောင်းကို မြင်လိုက်ရတာနဲ့
အမေကို စွန့်ပစ်လိုက်တယ်။ မင်းကို ပြုစုပျိုးထောင်ခဲ့ရတာတွေက အချည်းနှီးပဲ။
***