ရွှင်မြူးတက်ကြွသော ရင်ခွင်ပိုက်ခွေးလေး
“ဒါလေးက သွမ်းသွမ်းလား” လင်းရှောင်ချီးသည် သူမပေါင်ကို တွယ်ဖက်ထားသည့်
ခွေးလေးဟာ အခုနတုန်းက သူတို့ပြောနေကြသည့် စုယန်ယန်ရဲ့ အမွေးပွလုံးလေး ဖြစ်သည်ကို မမှတ်မိခင်
ခဏတာအတွင်း အံ့အားသင့် သွားခဲ့သည်။
“ငါ သွမ်းသွမ်းကို မမြင်ရတာ လအနည်းငယ်ပဲ ရှိသေးတာ၊ သူက အရမ်း
သန်မာလာတာပဲ”
သွမ်းသွမ်းသည် အနာဂတ် “ယောက္ခမ”၏ ချီးကျူးပြောဆိုသံကို ကြားလိုက်ရသောအခါ
ရွှင်မြူးစွာ ဟောင်လိုက်သည်။ သွမ်းသွမ်းသည် သူလေးရဲ့ အနာဂတ် သတို့သမီးလေးကို ဆွဲဆောင်ရန်
ပို၍ပင် ဝမ်းသာအားရ ထအော်ခဲ့လေသည်။
ပိုင်ရှင်ရဲ့ ရင်ခွင်မှာ ထွေးပွေ့ခံထားရတဲ့ ဟွားဟွားသည် ပိုင်ရှင်ဖြစ်သူက
တခြား ခွေးတစ်ကောင်ကို ချီးကျူးတာကို ကြားလိုက်ရတော့ သွမ်းသွမ်းကို အေးစက်ပြီး မထီမဲ့မြင်ပြုသော
အကြည့်တစ်ချက် ပို့လွှတ်ပြီးနောက် စိတ်ကျေနပ်စွာ လှည့်ထွက်သွားပြီး လုံးဝ လျစ်လှျူရှုလိုက်သည်။
သွမ်းသွမ်းက ဒါကို လုံးဝ စိတ်ထဲ မထည့်ထားခဲ့ပေ။ သူလေးက ဟွားဟွားကို
ရွှင်လန်း တက်ကြွသော အမူအရာ အပြည့်ဖြင့် စိုက်ကြည့်နေသေးသည်။
စုယန်ယန်၏ နှုတ်ခမ်း တွန့်ကွေးသွားတာကို မြင်လိုက်ရပေမယ့်
ဟောက်ချန်ဟွမ်းသည် နောက်ဆုံး၌ ဒါကို မကူညီနိုင်တော့ပေ။ ဟောက်ချန်ဟွမ်းသည် ရှေ့တိုးကာ
သူ၏ရိုးသားတဲ့ ခွေးသားကို ကောက်ယူ ပွေ့ချီလိုက်သည်။ သူက ချောင်းဟန့် လိုက်ပြီးတော့
“အထဲကျမှ စကားပြော ကြရအောင်လေ” ဟု ပြောသည်။
“ဝုဖ်...” သွမ်းသွမ်းသည် ဝမ်းနည်းစွာ ဟောင်လိုက်ပြီး သူ့ကို
ကောက်ယူ ပွေ့ချီမသွားရန် ဆန္ဒရှိနေသည်မှာ သိသာထင်ရှားသည်။
စုယန်ယန်သည် အလွန် ဒေါသထွက်ကာ သူလေးရဲ့ အသားပြည့်နေသည့် တင်ပါးလေးကို
အကြိမ် အနည်းငယ်ခန့် ရိုက်ပုတ်လိုက်သည်။ ဒီခွေးက အလှလေးကို မြင်လိုက်ရချိန် ကတည်းက
သူ့အကြည့်တွေကို သူမလေးဆီမှ အဝေးသို့ အကြည့် မလွဲနိုင်တော့ဘူး။ မျက်လုံးဖြူ ဝံပုလွေလေး
တစ်ကောင်လား။
ကံကောင်း ထောက်မစွာဖြင့် စုယန်ယန်ရဲ့ သတို့သားလောင်းက သူမကို
ညင်သာစွာ တီးတိုးဆိုကာ အနုတ်လက္ခဏာ ဆောင်နေသည့် ချဉ်နေသော အခြေအနေကနေ အမြန်ဆွဲထုတ်
လိုက်သည်။
စုယန်ယန်သည် သူမ၏ မသိတတ်တဲ့ ခွေးသားလေးကို ဘေးဖယ်ကာ ဟောက်ချန်ဟွမ်း
အနားသို့ ကပ်သွားခဲ့သည်။
ဝမ်းနည်းဖွယ် ကောင်းစွာ စွန့်ပစ်ခံလိုက်ရသည့် သွမ်းသွမ်း
“...”
ရုတ်တရက် ခွေးထိန်းအသစ်အဖြစ် သတ်မှတ်ခံထားရသည့် ကုရှောက်ယန်
“???”
“ငါ နင့်ကို ငါ့သတို့သားလောင်း ဟောက်ချန်ဟွမ်းနဲ့ မိတ်ဆက်ပေးမယ်။
ချန်ဟွမ်း၊ ဒါက ကျွန်မသူငယ်ချင်း ကျွန်မ ရှင့်ကို အရင်ကပြောပြဖူးတဲ့ လင်းရှောင်ချီးဆိုသူပေါ့”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ လက်ကို ဆုပ်ကိုင်ထားကာ လင်းရှောင်ချီးအား
ယဉ်ကျေးစွာ ခေါင်းညိတ် ပြလိုက်သည်။
“မင်္ဂလာပါ မစ်လင်း”
“မင်္ဂလာပါ” လင်းရှောင်ချီးသည် ဟောက်ချန်ဟွမ်းကို အံ့သြ စူးစမ်းလိုစိတ်ဖြင့်
ကြည့်လိုက်သည်။
သူမ နိုင်ငံခြားမှာ ရှိစဉ်တုန်းက စုယန်ယန်ထံမှ သူမ၏ သတို့သားလောင်းမှာ
ဟောက်ရှောက်ဖုန်း၏ ဦးလေးဟောက် ဖြစ်တယ်လို့ ကြားသိခဲ့ရပြီး အသက်သုံးဆယ်လောက် ဖြစ်မယ်လို့
သူမ ခန့်မှန်းခဲ့မိသည်။
သို့ရာတွင် အခု သူမ သူ့ကို လူကိုယ်တိုင် မြင်တွေ့လိုက်ရတော့
ဒီလူဟာ အသက်သုံးဆယ်လောက်လို့ မထင်ရရုံသာမက စုယန်ယန်နှင့် သက်တူရွယ်တူလို့ ပြောလျှင်ပင်
အကြွင်းမဲ့ ယုံကြည်နိုင်ဖွယ် ရှိသည်။
လင်းရှောင်ချီးသည် အရင်ကလည်း ဟောက်ရှောက်ဖုန်းနှင့် တွေ့ခဲ့ဖူးပြီး
သူ့အပေါ် သူမအမြင်ဟာ သိပ်မကောင်းခဲ့ပါ။
အခု ဟောက်ချန်ဟွမ်းကို မြင်လိုက်ရချိန်တွင် သူမ သူ့ကို ဟောက်ရှောက်ဖုန်းနှင့်
မလွဲမသွေ နှိုင်းယှဉ် ကြည့်မိသည်။
သူမ သူတို့ကို စိတ်ထဲတွင် နှိုင်းယှဉ် ကြည့်လိုက်ပြီးနောက်
စုယန်ယန်သည် သူမ၏ သတို့သားလောင်းကို ဘာကြောင့် ပြောင်းချင်တာလဲ ဆိုတာကို ချက်ချင်း
နားလည် သဘောပေါက် သွားသည်။
သူ့ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကိုပင် မဆိုနဲ့ဦး၊ စုယန်ယန်ကို
သူကြည့်သည့် အကြည့်နှင့် ပြုမူပြောဆိုပုံကို မြင်လိုက်ရရုံဖြင့်ပင် သူက သူမကို အရမ်းချစ်ပြီး
ဂရုစိုက်တယ်ဆိုတာ သိသာ ထင်ရှားလေသည်။ သူမ ဒီနေရာမှာ ရှိနေသရွေ့ တခြားသူတွေကို သူ လုံးဝ
သတိမထားမိဘူး။
အတ္တကြီးပြီး မိမိကိုယ်မိမိ အရမ်းချစ်သည့် ဟောက်ရှောက်ဖုန်းထက်
အဆပေါင်း ရာနှင့်ချီ သာလွန်သည်။ တစ်ခုတည်းသော အားနည်းချက်ကတော့...
လင်းရှောင်ချီးသည် ဟောက်ချန်ဟွမ်း၏ အောက်ဘက်ရှိ ဘီးတပ်ကုလားထိုင်ကို
နောင်တရစွာ ကြည့်လိုက်မိသည်။
ဟောက်ချန်ဟွမ်းသည် လင်းရှောင်ချီး၏ စေ့စေ့စပ်စပ် စစ်ဆေးနေမှုကို
သတိပြုမိပေမယ့် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပါ။ ဒီနှစ်များ တစ်လျှောက် သူဟာ အကြည့်ပေါင်း
များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ အချို့က မလိုမုန်းထားသော ရည်ရွယ်ချက်ဖြင့် ရန်လိုကြသည်၊
ဒါ့ကြောင့် လင်းရှောင်ချီး၏ နှမြောတသနေသော အကြည့်ဖြင့် နှိုင်းယှဉ်ကြည့်လျှင် ဒါက အတော်လေး
ကောင်းမွန်တယ်လို့ ယူဆရပေမည်။
စုယန်ယန်သည် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ရန်လိုခြင်း
အလျှင်းမရှိသည်ကို မြင်လိုက်ရတော့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမက ပေါ့ပေါ့ပါးပါး
အပြုံးလေးဖြင့် “အရင်ဆုံး ထိုင်ကြတာပေါ့။ ရှင် အစားအသောက်တချို့ ကြိုမှာထားသေးလား”
လို့ မေးလိုက်သည်။
“ကိုယ် ဟင်းလျာတချို့ကိုတော့ ကြိုမှာထားပေမယ့် ကျန်တာကိုတော့
မင်းတို့စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်”
စုယန်ယန်က ခေါင်းညိတ်ကာ မီနူးစာအုပ်ကို လင်းရှောင်ချီးထံသို့
ကမ်းပေးလိုက်သည်။
“ဒီနေ့ မင်းကို ကျွေးမွေးပြုစုဖို့ သူ အခန်းကိုပါ ကြိုတင်
မှာယူထားတာ။ နင့်စိတ်ကြိုက် ကြိုက်ရာကို မှာလိုက်။ နင် သူ့ကို ယဉ်ကျေးနေစရာ မလိုဘူး”
ဟောက်ချန်ဟွမ်းသည် ကူကယ်ရာမဲ့ဟန် ပြုံးနေပေမယ့် သူ့အပြုံးတွေကတော့
အတော်လေး သဘောကျနေသည့် ဟန်ပင်။
ဟောက်ချန်ဟွမ်းအပေါ် လင်းရှောင်ချီး၏ အမြင်ဟာ ပိုမိုတိုးတက်လာခဲ့သည်။
သူမသည် စုယန်ယန်၏ သူငယ်ချင်း တစ်ယောက်သာ ဖြစ်သော်လည်း ဟောက်ချန်ဟွမ်းသည် သူမကို ဧည့်ခံကျွေးမွေးဖို့
ဂရုစိုက် စီစဉ်ပေးရန် ဆန္ဒရှိသည်။ ဤအရာကို ကြည့်လျှင် သူ စုယန်ယန်ကို ဘယ်လောက် ချစ်ကြောင်းကို
မြင်ရသည်။
ဒါကလည်း ဟောက်ချန်ဟွမ်း စုယန်ယန်ကို ဘယ်လောက် ဂရုစိုက်မှန်းကိုပါ
သွယ်ဝိုက် ပြသနေတာ ဖြစ်သည်။ ဟောက်ရှောက်ဖုန်းကို စွန့်လွှတ်လိုက်တာဟာ သူမ အချစ်ဆုံး
သူငယ်ချင်းအတွက် ဆိုးရွားတဲ့ကိစ္စ မဟုတ်ဘူး။ သူမက ဟောက်ချန်ဟွမ်းနဲ့ လက်ထပ်လိုက်မယ်ဆိုရင်
ပိုပျော်ရွှင်လိမ့်မည်။
***