ငါ့ကို လာမထိနဲ့
စုယန်ယန် မီးစိမ်းပြလိုက်တော့ လင်းရှောင်ချီးသည် သူမ ကြိုက်နှစ်သက်သည့်
ဟင်းလျာ အနည်းငယ်ကို မှာယူလိုက်သည်။
သူတို့မှာယူသည့် ဟင်းလျာများ လာရောက် တည်ခင်းပြီး သောအခါတွင်
လင်းရှောင်ချီးက ဟွားဟွားကို ပွေ့ချီထားရာမှ အောက်သို့ ချပေးလိုက်သည်။
သိပ်မလှမ်းမကမ်းတွင် ရှိနေသည့် သွမ်းသွမ်းသည် ဟွားဟွားထံမှ
လင်းရှောင်ချီး၏ လက်များဟာ ဖယ်ခွာသွားတာကို မြင်လိုက်ရသည်။ သူလေး၏ မျက်လုံးတွေဟာ တောက်ပ
လာပြီးတော့ ဟွားဟွား အနားသို့ ကပ်သွားရန် သူလေး၏ ခြေဖဝါးလေးတွေကို အသင့်ပြင်လိုက်သည်။
ကုရှောက်ယန်သည် သူလေးကို လက်လွှတ်လုနီးပါး ဖြစ်သွားသည့်မို့
စုယန်ယန်ကို အကူအညီ တောင်းရန် လှမ်းကြည့် လိုက်သည်။
စုယန်ယန်၏ နှုတ်ခမ်းထောင့်စွန်းများဟာ ကွေးညွှတ် သွားပြီးတော့
ပြောလိုက်သည်။
“ထားလိုက်ပါ။ ဒီခွေးလေး နှစ်ကောင် နောက်ဆုံး တွေ့ခဲ့ကြတုန်းက
အရမ်းငယ်သေးတယ်။ သူတို့ တစ်ကောင်နဲ့တစ်ကောင် သိပ်မမှတ်မိကြဘူးလို့ ကျွန်မ ထင်တယ်။ သူတို့
အချင်းချင်း အရင်လို ပြန်ရင်းနှီး သွားအောင် လွှတ်ထားပေးလိုက်ပါ”
စုယန်ယန်က ဒီလို ပြောလိုက်ပြီးနောက် အနည်းငယ် အပြစ်ရှိသလို
ခံစားလိုက်ရသည်။ ဟွားဟွားက သွမ်းသွမ်းကို မှတ်မိနိုင်ပါ့မလား ဆိုတာကို သူမ မသိသော်လည်း
အရူးလေး သွမ်းသွမ်းသည် သူလေးရဲ့ နှလုံးသားထဲတွင် “သတို့သမီးလောင်း”ကို အမြဲ ထည့်ထားခဲ့သည်။
ကုရှောက်ယန်က သူလေးကို အောက်ချ ပေးလိုက်တာနဲ့ သွမ်းသွမ်းက
ဟွားဟွားထံသို့ အပြေးသွားရောက်ပြီး တယုတယ ပွတ်သပ်လိုက်သည်။ နောက်ဆုံး၌ ဟွားဟွားသည်
သူလေးရဲ့ အမွေးပွ ဖင်တုံးလေးကို ဆောင့်ကန် လိုက်သည်။
ကံကောင်း ထောက်မစွာဖြင့် သူတို့ နှစ်ကောင်လုံးဟာ ခွေးလေးများ
ဖြစ်ကြသည်။ မဟုတ်ရင် သွမ်းသွမ်းရဲ့ အပြုအမူတွေက မဖွယ်မရာ ပြုတယ်လို့ မှတ်ယူကြပေလိမ့်မည်။
သို့ရာတွင် ဤအပြုအမူများသည် လူလိမ်လူညစ် တစ်ယောက်၏ အပြုအမူများထက်
များစွာ ကွာခြားခြင်း မရှိပေ။
ဟွားဟွားက ကြီးကြီးမားမား တုံ့ပြန်တာမျိုး မရှိပေမယ့် သွမ်းသွမ်းကို
အစကနေ အဆုံးအထိ ဂရုမစိုက်ဟန် “ငါ့ကို လာမထိနဲ့” ဟု အဓိပ္ပါယ် သက်ရောက်သော အေးစက်ပြီး
စိတ်မရှည်တဲ့ အကြည့် တစ်ချက်ဖြင့် ပစ်သတ်လိုက်သည်။
ဟွားဟွားက သူလေးကို အချိန်အတော်ကြာ လျစ်လျှူရှုလိုက်တာကို
တွေ့မြင်လိုက်ရသည့် သွမ်းသွမ်းသည် နောက်ဆုံး၌ ဟွာဟွားကို အပြင်းအထန် တွန်းလှန်ဖို့
ကြီးမားတဲ့ လှုပ်ရှားမှု တစ်ခုကို စတင်လိုက်သည်။
ဟွားဟွားက ချက်ချင်း စိတ်ဆိုးသွားခဲ့သည်။ သူမလေးက ကြောက်လန့်တကြား
အော်ဟစ် လိုက်ပြီးနောက် သူမလေးရဲ့ ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်သည်။
သူမလေးက ချက်ချင်းပဲ သွမ်းသွမ်းကို ဘယ်ခြေ ညာခြေ ကန်ချက်များ
ပစ်ကျွေးလိုက်သည်။ ခဏအကြာတွင် သွမ်းသွမ်းသည် မရေမတွက်နိုင်သော အရိုးကိုးချောင်းဖြင့်
ဆုချခြင်း ခံလိုက်ရသည်။
အညိုရောင် ခွေးမွေေးများသည် ကောင်းကင်ဘုံမှ နတ်သမီးများကဲ့သို့
လေထုထဲသို့ လွင့်ပြန့်လာပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
သွမ်းသွမ်း၏ မျက်နှာပေါ်ရှိ အံ့သြဖွယ်ရာ အကြည့်များ မှေးမှိန်
သွားသည်အထိ ရိုက်နှက် ခံခဲ့ရသည်။ သူလေး ပြန်လည် မခုခံခင်မှာပင် သူလေးရဲ့ အနာဂတ် သတို့သမီးလေး၏
ရိုက်ချက်များကြောင့် ပြန်မလှည့်နိုင်ခဲ့ဘူး။
စုယန်ယန်နဲ့ တခြားသူများသည် ခွေးဗားရှင်း အိမ်တွင်း အကြမ်းဖက်မှုမျိုးကို
မျက်မြင်ကြုံတွေ့ရန် အသင့်ပြင်ဆင်ထားခြင်း မရှိခဲ့ပါ။
သွမ်းသွမ်းဟာ မြေပြင်ပေါ်သို့ လုံးလုံးလျားလျား လဲကျသွားသည့်အထိ
တစ်ဖက်သတ် ရိုက်နှက် ခံရပြီးနောက် ဒီတိုက်ပွဲကြီးဟာ ပြီးဆုံးသွားခဲ့သည်။ ဟွားဟွားသည်
သွမ်းသွမ်းရဲ့ မျက်နှာပေါ်သို့ ညာလက်ဖြင့် ဖိနင်းကာ အောင်နိုင်သူအသွင် မေးစေ့ကို ပင့်မြှောက်
ထားခဲ့သည်။
စုယန်ယန် “...”
လင်းရှောင်ချီး “...”
ဘေးနားက လူအနည်းငယ်ခန့် “...”
အရင်ဆုံး အသိဝင်လာသည့် လင်းရှောင်ချီးသည် သူမ ခွေးလေးကို
လက်ယပ် လှမ်းခေါ်လိုက်သည်။
“အဟမ်း... ဟွားဟွား သွမ်းသွမ်းကို မြန်မြန် လွှတ်ပေးပြီးတော့
ဒီကိုလာခဲ့”
ဟွားဟွားသည် သူမလေး၏ ခြေထောက် အောက်တွင် သွမ်းသွမ်းကို နင်းထားရခြင်းကြောင့်
ရရှိသည့် စိတ်လှုပ်ရှားမှုကို သဘောကျသော်လည်း သူမလေးရဲ့ သခင်ဖြစ်သူ ခေါ်သံကို ကြားလိုက်ရသော
အခါတွင် နာခံစွာဖြင့် လင်းရှောင်ချီးထံ ပြန်လာခဲ့သည်။
စုယန်ယန်က ဒါကို မြင်တော့ သက်ပြင်း တစ်ချက်ချကာ အလောင်းကောင်လို
မြေပြင်ပေါ်မှာ လဲလျောင်းနေဆဲ ဖြစ်သည် သွမ်းသွမ်းကို ပုတ်လိုက်သည်။ စုယန်ယန်သည် သွမ်းသွမ်းလေး
စိတ်ပျက် အားငယ်သွားခြင်း မရှိဖို့ မျှော်လင့်မိသည်။
‘မင်း ဘယ်လိုမျိုး လုပ်လိုက်လဲ ဆိုတာကို ကြည့်စမ်း။ မင်းရဲ့
အနာဂတ် သတို့သမီးလေး ရိုက်နှက်တာကို ခံလိုက်ရပြီး ပထမဆုံး တိုက်ပွဲမှာပဲ ရှုံးနိမ့်သွားခဲ့ပြီ။
ကံမကောင်းစွာပဲ မင်းအနာဂတ် မိသားစုမှာ မင်းရဲ့ပုံရိပ် အဆင့်အတန်းဟာ ဆုံးခန်းတိုင်သွားခဲ့ပြီ’
“တောင်းပန်ပါတယ်၊ ကျွန်မ ဟွားဟွားကို တော်တော်လေး အလိုလိုက်ထားခဲ့တာ။
ပုံမှန်အားဖြင့်ဆို... ဒီလောက် မပြင်းထန်ဘူး”
လင်းရှောင်ချီးသည် စုယန်ယန်နှင့် ကောင်းမွန်သော ဆက်ဆံရေး
ရှိလေသည်။ ဒီနေ့မှာ သူမတို့ နှစ်ယောက်တည်းသာ ရှိနေရင် ဒီကိစ္စကို ခွေးတွေကြားမှာ ဖြစ်လေ့
ဖြစ်ထရှိသည့် အသေးအဖွဲ ရန်ဖြစ်မှုအဖြစ် သဘောထားပြီး မှတ်ချက် အနည်းငယ်ပင် ပေးခဲ့နိုင်သည်။
သို့သော်လည်း ဒီနေရာတွင် အခြားသူများပါ ရှိနေပြီး စုယန်ယန်ရဲ့
ပြောပုံအရ သွမ်းသွမ်းကို ဟောက်ချန်ဟွမ်းမှ ပြုစုပျိုးထောင် နေပုံရသည်။
ဒီလိုမျိုး ဖြစ်ပျက်သွားသည့် အခါမှာ လင်းရှောင်ချီးဟာ အနည်းငယ်
ရှက်ရွံ့သွားမိသည်။
စုယန်ယန်က ဒါကို စိတ်ထဲမထားပါဘူး။ သူမသည် သွမ်းသွမ်းရဲ့ ခေါင်းလေးကို
ပုတ်ပေးပြီး ပြောသည်။
“ဒါက ဟွားဟွားနဲ့ မဆိုင်ဘူး။ ဒါက ဒီကောင်လေးရဲ့ ပြဿနာပဲ။
သူက သူမလေးကို ရန်စလိုက်တော့ သူမလေးက သူ့ကိုပြန်ရိုက်ခဲ့တာပဲ။ အကယ်၍ သူသာ ဒါကို မကိုင်တွယ်နိုင်ဘူး
ဆိုရင် အနာဂတ်မှာ ဘယ်သူကများ သူလေးရဲ့ ဇနီး ဖြစ်ချင်တော့မှာလဲ”
***