ဆန့်ကျင်ဖက်လိင် ဝတ်စုံကို ဝတ်ဆင်ခဲ့ရသည့် ခွေးလေး
သွမ်းသွမ်းသည် သူလေးရဲ့ သခင်ဖြစ်သူ ပြောလိုက်သည့် စကားကို
ကြားလိုက် ရသောအခါတွင် ကျယ်ကျယ်လောင်လောင် ဟောင်လိုက်သည်။
သူလေး၏ သတို့သမီးလောင်းနဲ့ ကိုက်ညီမှု မရှိဘူးဆိုတဲ့ စကားက
မမှန်ကန်ပါဘူး။ သူလေးသည် သတို့သမီးလောင်းလို ချစ်မြတ်နိုးပြီး သူမကို နာကျင်သွားမှာ
စိုးရိမ်မိသောကြောင့် မရိုက်ဝံ့ပေ။ သခင်ဖြစ်သူက အားပေးစကား မပြောခဲ့တဲ့အပြင် ဒဏ်ရာထဲကို
ဆားလောင်း ထည့်လိုက်တာက အံ့သြစရာပါပဲ။
သွမ်းသွမ်းက တကယ့်ကို မတရား ခံလိုက်ရတာပင်။
ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်း၏ ခံစားချက်များကို နားလည်နိုင်သော်လည်း
သူ့ဇနီး ဖြစ်သူကိုသာ ပထမနေရာမှာ အမြဲတမ်း ထားရှိခဲ့သည့် အတွက် စုယန်ယန်၏ ပြောစကားကို
ခြွင်းချက်မရှိ သဘောတူပေးနိုင်သည်။
“ဟုတ်တယ်၊ ဒါက သွမ်းသွမ်းရဲ့ ပြဿနာပဲ။ ဟွားဟွားနဲ့ မသက်ဆိုင်ဘူး”
သွမ်းသွမ်း “...” သွမ်းသွမ်းသည် သူလေးရဲ့ ပထွေးနဲ့ မိထွေးကို
ထပ်မံ သည်းမခံနိုင်တော့ဘူး။ သူလေးက ဟွားဟွားနှင့်အတူ ထွက်ပြေးပြီး အိမ်ပြန်ဖို့ ဆုံးဖြတ်ချက်
ချလိုက်သည်။
ကုရှောက်ယန်က အနားတွင် မတ်တပ်ရပ်ကာ စိတ်အား ထက်သန်စွာဖြင့်
ပွဲကြည့်နေခဲ့သည်။ နှစ်ယောက်သား ပြောဆိုတာကို ကြားလိုက်သောအခါတွင် ခေါင်းညိတ် ထောက်ခံလိုက်သည်။
သူတို့ပြောတာ မမှန်တာတော့ မဟုတ်ဘူး။ ခွေးမလေးကို အနိုင်မယူနိုင်တော့ရင်
နောင်အခါမှာ သတို့သမီး ဖြစ်သူကို ဘယ်လိုလုပ်ပြီး ရှာဖွေနိုင်မလဲ။ အားနည်းလွန်းတဲ့ သူ့ကိုယ်သူ
အပြစ်တင်သင့်တယ်။
ကုရှောက်ယန် ဒါကိုတွေးပြီးနောက် ရုတ်တရက် တောင့်တင်း သွားခဲ့သည်။
သူက စုယန်ယန် လက်မောင်းထဲက ရှက်ရွံ့နေသည့် ခွေးလေးကို ကြည့်ရင်း မယုံကြည်နိုင်စွာ
“ဒီခွေးက ခွေးထီးလား” လို့ အော်ပြောလိုက်သည်။
ကုရှောက်ယန်၏ အော်သံသည် စီခနဲ အော်ဟစ်သံ တစ်ခုအဖြစ်သို့
ပြောင်းလဲလုနီးပါး ဖြစ်သွားခဲ့သည့်အတွက် အခန်းထဲရှိ လူတိုင်းရဲ့ အာရုံကို သူ့ထံသို့
အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
စုယန်ယန်သည် သွမ်းသွမ်း၏ လက်ဖဝါးလေးများအား ထိတွေ့နေရာမှ
ရပ်တန့်သွားသည်။ စုယန်ယန်သည် မရေရာ ဖြစ်နေသော သူ့ကို ကြည့်ရန် ခေါင်းကိုချာခနဲလှည့်လိုက်သည်။
“နင် မသိဘူးလား”
ကုရှောက်ယန်က သူ့ပါးစပ်ကို အသာလှုပ်ရင်း သူ့စိတ်ထဲတွင် ပြောလိုက်သည်။
‘ငါ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဒီခွေး ဟောက်မိသားစုအိမ်ကို စရောက်ကတည်းက ဧကရာဇ်တစ်ပါးလို
ပြုစုခံခဲ့ရတယ်။ သူလေးအတွက် စျေးဝယ်ပေးရတာက လွဲလို့ ကျန်တဲ့ အရာအားလုံးကို သခင်လေးကိုယ်တိုင်
ဂရုစိုက်ပေးခဲ့တာလေ’
သူတို့ သူလေးရဲ့ အနားကို မကပ်နိုင်သလို မထိလည်း မထိနိုင်ကြဘူး၊
အဲ့တော့ ဒီခွေးက အထီးလား အမလား ဆိုတာကို သူတို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဖန်စီကျတဲ့
နောက်ဆုံးပေါ် ဝတ်စုံဒီဇိုင်းတွေကို ဝတ်လေ့ရှိတဲ့ အကြောင်းတွေကိုတော့ မပြောတော့ပါဘူး...
ကုရှောက်ယန်က ညည်းတွားချင်သော်လည်း သခင်လေး၏ လူသတ်ချင်နေသည့်
အကြည့်ကို အချိန်မီ မြင်တွေ့လိုက်ရသည်။ သူ ပြောဆိုချင်သည့် စကားများကို လည်ချောင်းထဲ
မျိုချကာ ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူ ဒါကို ပါးစပ်ထဲ မျိုသိပ်လိုက်သည့် အကျိုးဆက်ကြောင့်
သူ့မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။
သူ့ရဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်နေတာကို မြင်လိုက်ရတော့
လင်းရှောင်ချီးက အဆင်မပြေ ဖြစ်နေတာကို ကူညီဖြေလျှော့ ပေးလိုက်သည်။
“တကယ်တော့ နားလည်မှု လွဲသွားတဲ့အတွက် သူ့ကို အပြစ်မတင်သင့်ဘူး။
ကျွန်မ သွမ်းသွမ်းကို ပထမဆုံး စမြင်တုန်းက ကျွန်မလည်း အဲ့လို ထင်ခဲ့တာ... ပြီးတော့
ကျွန်မတို့ဟွားဟွားကလည်း ညီမတစ်ယောက်လို ဆက်ဆံပေးခဲ့တာ”
ဟွားဟွားသည် သူမလေး၏ သခင်ပြောစကားများကို ကြားလိုက်ရပြီးနောက်
သွမ်းသွမ်းကို စိုက်ကြည့်ကာ ရုတ်တရက် ထဟောင်လိုက်သည်။
စုယန်ယန်သည် သူမပါးပြင်ကို အပြစ်ရှိစွာ ကုတ်ပြီး အနည်းငယ်
စိတ်ရှုပ်သွားသည်။
ဟောက်ချန်ဟွမ်း၏ မျက်လုံးတွေက ကျဉ်းမြောင်း သွားပြီးတော့
အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ သွမ်းသွမ်းက...”
“ဘာမှတော့ မဟုတ်ပါဘူး။ သွမ်းသွမ်းကို ကျွန်မ အိမ်ကို စခေါ်သွားချိန်တုန်းက
ရက်သားလောက်ပဲ ရှိသေးတယ်။ သူက အရမ်းသေးငယ်ပြီး သူ့ကြည့်ရတာ အရမ်း အားနည်းပြီး အားကိုးရာမဲ့ပုံ
ပေါ်တယ်။ ကျွန်မအမေက ကျွန်မလိုပဲ စိတ်အား ထက်သန်ပြီး သူ့အတွက် အဝတ်အစား၊ အစားအစာနဲ့
အမိုးအကာတွေနဲ့ ဆော့ကစားဖို့ ပြင်ဆင်ပေးခဲ့တယ်။ ပြီးတော့ သူမနဲ့ အန်တီလေးက သွမ်းသွမ်းအတွက်
ဝတ်စုံလေးတွေ ပြုလုပ်ဖို့ အိမ်မှာ အဝတ်ဟောင်း အချို့ကို ရှာဖွေပြင်ဆင်ခဲ့တယ်။ ရလဒ်အနေနဲ့
သွမ်းသွမ်းက တခြား အဝတ်အစားတွေ ဝတ်ရတာကို မကြိုက်ပဲ ဇာလေးတွေနဲ့ ပန်းရောင်တွေကို ဝတ်ဆင်ရတာကို
သဘောကျလာခဲ့တယ်...”
ကုရှောက်ယန်နှင့် တခြားသူများက ချက်ချင်း နားလည် သဘောပေါက်
သွားသည်။ ဆန့်ကျင်ဖက်လိင် ဝတ်စုံကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သော ခွေးလေးတစ်ကောင် ဖြစ်ပေမည်။
“ကျွန်မအမေကို ဒါကို စကားစပ်မိတိုင်း စကား အနည်းငယ်ခန့် ပြောနေတုန်းပဲ။
ဒါပေမယ့် သွမ်းသွမ်း အဲ့လိုဝတ်တာက အရမ်း ချစ်ဖို့ကောင်းတယ်လို့ ထင်တာကြောင့် သူမက အမြဲတမ်း
အဲ့လိုမျိုး ဝတ်ဆင်ပေးတယ်။ ဟွားဟွားကို ရှောင်ချီး မွေးစားပြီး တစ်လခွဲ အကြာမှာ သူတို့က
မျိုးစိတ်တူလို့ သူတို့အတူတူ ကစားဖို့ မကြာခဏ ခေါ်သွားလေ့ရှိတယ်။ ခွေးလေး နှစ်ကောင်က
တစ်ကောင်နဲ့တစ်ကောင် သိပ်မကြာခင်မှာ ရင်းနှီးလာခဲ့ကြတယ်”
ဒါကို ကြားလိုက်ရတော့ လင်းရှောင်ချီးက သက်ပြင်းချကာ ကြားဖြတ်
ပြောလိုက်သည်။
“ငါလည်း သူလေး အဲ့လို ဝတ်ထားတာကို မြင်တော့ ခွေးမလေးလို့ပဲ
ထင်ခဲ့တာ။ ဟွားဟွားကလည်း သူ့ကို အစကတည်းက ညီမလေး တစ်ယောက်လို့ပဲ ထင်ခဲ့တာ...”
သီးသန့်အခန်းထဲရှိ လူတိုင်းက ဟွားဟွားကို စာနာစိတ်ဖြင့် ကြည့်လိုက်မိသည်။
ဒါက “ငါက နင့်ကို ညီမလေး တစ်ယောက်လို့ ဆက်ဆံခဲ့ပေမယ့် နင်ကတော့ ငါနဲ့အိပ်ချင်တယ်” ရဲ့
တကယ့် လက်တွေ့ဗားရှင်းပဲ။
သွမ်းသွမ်း ခုနတုန်းက လုပ်လိုက်သည့် အပြုအမူအတွက် ဟွားဟွား
အဲ့လိုကြီးကြီးမားမား တုံ့ပြန်လိုက်တာကို အပြစ်တင်လို့ မရဘူး။
***