ဒါက ထိပ်ပြောင်သွားတာပဲ
ကုရှောက်ယန်က ဟွားဟွားကို စာနာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟွားဟွားသည် ကိုယ်ထိလက်ရောက် စော်ကားခံရသော မိန်းမကောင်း တစ်ယောက်နှင့် တူပြီး သွမ်းသွမ်းသည့်
ဖောက်ပြန် လွဲမှားသူ ဖြစ်သည်။
သွမ်း-ဆန့်ကျင်ဖက်လိင် ဝတ်စုံ ဝတ်ဆင်သူ-ကြေးစား-သွမ်း
“ဝုဖ်... ဝုဖ်...”
သွမ်းသွမ်းသည် လင်းရှောင်ချီးကို
ဝမ်းနည်းစွာဖြင့် ထိတွေ့ကာ သူ့လက်ဖဝါးလေးများကို ဟွားဟွားအား ထိတွေ့ရန် ဆန့်ထုတ်လိုက်သည်။
ရလဒ်အနေဖြင့် သူလေးဟာ ဟွားဟွားထံမှ နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်ကာ
အညိုရောင် ခွေးမွေေးလေးများက နှင်းပွင့်များလို ကောင်းကင်မှာ လွင့်ပြန့်သွားခဲ့သည်။
ပို၍ လေးနက် သွားသည်မှာ ဒီတစ်ကြိမ်တွင် ဟွားဟွား၏ လက်ဖဝါးအောက်တွင်
သွမ်းသွမ်း၏ ခေါင်းပေါ်မှာ စည်းထားသော ဆံပင်စည်းလေးဟာ ကျွတ်ထွက်သွားပြီး ဆံပင်အနည်းငယ်
ကျွတ်ကျသွားခြင်းပင် ဖြစ်သည်။ အမွေးများ အောက်မှ နူးညံ့သော အသားအရေလေးကိုပင် ရှင်းလင်းစွာ
မြင်နိုင်သည်။ ဒါက - ခေါင်းပြောင်သွားတာပဲ။
“ဖူး... ဟားဟား ဟားဟား...”
စုယန်ယန်သည် ဒီမြင်ကွင်းကို
တွေ့လိုက်ရသော အခါတွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
ဟောက်ချန်ဟွမ်းသည် အပြုံးတစ်ပွင့်ဖြင့် သူမ ထိုင်ခုံပေါ်မှ
ပြုတ်ကျမှာကို တားဆီးရန်အတွက် သူမပခုံးလေးကို ဖက်ထားလိုက်သည်။
ထိုအခိုက်အတန့်မှာပင် သူ့မျက်လုံးတွေဟာ စုယန်ယန်နှင့်တူသည့်
သူ့ကလေးလေး၏ နစ်နာသွားသလို ဟန်ပန်ကြောင့် ရွှင်မြူးစွာ တောက်ပသွားခဲ့သည်။
သွမ်းသွမ်းသည် သခင်ဖြစ်သူ၏ ဟက်ဟက်ပက်ပက် ရယ်မောသံကို နားထောင်ပြီး
သူလေး၏ ခွေးမျက်လုံးများဟာ ဝိုင်းစက်သွားကာ အံ့သြသွားသည်။
အဆုံး၌ သူလေး၏ ခေါင်းပေါ်တွင် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရပြီး
သီးသန့်ခန်းရှိ မှန်တံခါးကို လှည့်ကြည့် လိုက်မိသည်။ ရင်းနှီးပေမယ့် မရင်းနှီးသလို
ဖြစ်နေသည့် ထိပ်ပြောင် ခွေးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
သွမ်းသွမ်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို စောင်းလိုက်တော့
ထိပ်ပြောင်ခွေးကလည်း သူလေးအတိုင်း ခေါင်းကို စောင်းလိုက်သည်။ သွမ်းသွမ်းသည် သူလေး၏
လက်ဖဝါးတွေကို ဆန့်ထုတ် လိုက်ပြန်တော့ ထိပ်ပြောင်ခွေးကလည်း သူလေး၏ လက်ဖဝါးတွေကို ဆန့်ထုတ်လိုက်သည်။
ဤကဲ့သို့ အကြိမ်ပေါင်း များစွာ လုပ်ကြည့်ပြီးနောက် သွမ်းသွမ်းသည်
နောက်ဆုံး၌ တစ်ခုခု မှားနေမှန်း နားလည် သဘောပေါက် သွားခဲ့သည်။
နေပါဦး၊ ဒီခွေးက ငါလေးကိုယ်တိုင်လား။ ငါလေး ထိပ်ပြောင် သွားတာလား။
သွမ်းသွမ်းသည် ထိတ်လန့် တုန်လှုပ်သွားပြီး ဒယီးဒယိုင်ဖြင့်
ခြေလှမ်းများစွာ နောက်ပြန် ဆုတ်သွားကာ နောက်ဆုံး၌ စားပွဲဝိုင်းတွင် ပြန်ထိုင်လိုက်သည်။
သူလေး၏ ခေါင်းကြောင့် ထိတ်လန့် တုန်လှုပ်နေဆဲ ဖြစ်တာကြောင့် လူတိုင်း ပါးစပ်ပိတ် ထားကြသည်။
စုယန်ယန်သည် သူမ၏ ဒရာမာကင်းခွေးလေးကို ကြည့်ပြီး နောက်တစ်ဖန်
ရယ်မောလုနီးပါး ဖြစ်သွားခဲ့ပြန်သည်။
ကံကောင်း ထောက်မစွာဖြင့် သူတို့ မှာယူထားခဲ့သော ဟင်းလျာများ
တစ်ခုပြီးတစ်ခု လာရောက် တည်ခင်းခဲ့သဖြင့် သူမ ကလေးလေး၏ အလွန် ရယ်စရာကောင်းသော ပေါကြောင်ကြောင်
အပြုအမူများကြောင့် ဟက်ဟက်ပက်ပက် ထပ်မံ ရယ်မောမိတော့မည့် အဖြစ်အပျက်မှ အောင်မြင်စွာ
ကယ်တင်နိုင်ခဲ့သည်။
ဟောက်ချန်ဟွမ်း ရွေးချယ်ထားသော စားသောက်ဆိုင်သည် လူသိများ
ထင်ရှားသည့် အဆင့်မြင့် စားသောက်ဆိုင် ဖြစ်သည်။ ဒီစားသောက်ဆိုင်တွင် စားသောက်နိုင်သူများသည်
ချမ်းသာကြွယ်ဝသူများ ဒါမှမဟုတ် အထက်တန်းလွှာများ ဖြစ်ကြသည်။ ထို့ကြောင့် ဒီစားသောက်ဆိုင်ရဲ့
ဟင်းလျာတိုင်း၏ ကုန်ကျစရိတ်မှာ မသေးငယ်လှပါ။
သို့ရာတွင် စုယန်ယန် ချက်ပြုတ် ကျွေးမွေးခဲ့သော ငါးဟင်း၊
ကျောက်ပုစွန်နှင့် အခြား ဟင်းလျာများကို စားသောက်ပြီးနောက် ဟောက်ချန်ဟွမ်းသည် အရင်က
သူ စားနိုင်လောက်သည်ဟု ထင်ခဲ့သော ဟင်းလျာများသည် ယခုအခါတွင် စားချင်ဖွယ် မကောင်းတော့ဘူးဟု
ခံစားလိုက်ရသည်။ ရလဒ်အနေဖြင့် ဒီထမင်းစားချိန်အတွင်းမှာ သူ့ ထမင်းစားတူတွေက သိပ်အများကြီး
မရွေ့လျားခဲ့ဘူး။
စုယန်ယန်သည် လင်းရှောင်ချီးနှင့် စကားပြော နေသော်လည်း ဟောက်ချန်ဟွမ်းအပေါ်
သူမရဲ့ အာရုံတစ်စိတ်တစ်ပိုင်းကို အာရုံစိုက်ထားခဲ့သည်။ သူ သိပ်မစားတာကို မြင်လိုက်တော့
သူမ မနေနိုင်ပဲ မေးလိုက်မိသည်။
“ရှင် ဘာလို့ စားတာ
အရမ်း နည်းနေရတာလဲ။ ရှင် စားချင်စိတ် မရှိဘူးလား။ ဒါမှမဟုတ် ဒီဟင်းလျာတွေက ရှင့်ခံတွင်း
အရသာနဲ့ မကိုက်ညီလို့လား”
ဟောက်ချန်ဟွမ်းက ဒါကို မဖုံးကွယ်ထားပဲ အမှန်အတိုင်း ပြောလိုက်သည်။
“ဒီဟင်းလျာတွေက မင်းချက်ကျွေးတာလောက် မကောင်းဘူး”
စုယန်ယန်သည် ဟောက်ချန်ဟွမ်း သဘောကျသည်က အရသာပြင်းပြင်း ဟင်းလျာများ
ဖြစ်ကြောင်း အမှတ်မရမီ ကြက်သေ သေသွားခဲ့သည်။ စျေးကွက်ထဲတွင် ငရုတ်သီးကဲ့သို့ အရသာပြင်းသည့်
ပါဝင်ပစ္စည်းများ မရရှိသေးသောကြောင့် စားသောက်ဆိုင်ရှိ ဟင်းလျာများ၏ အရသာမှာ သဘာဝအားဖြင့်
ဆိုးရွားပါသည်။
“ဒါဆို ကျွန်မ အချိန်ရရင် ရှင့်အတွက် ထပ်ချက်ပေးမယ်။ အရင်က
ချက်ကျွေးတဲ့ ဟင်းတွေကိုပဲ စားချင်လား ဒါမှမဟုတ် အခြားဟင်းလျာတွေကို စမ်းကြည့်ချင်လား။
အစပ်ဟင်းလျာတွေ အတွက် ရွေးချယ်စရာ အများကြီး ရှိတယ်”
“ဘာမဆို ရပါတယ်။ မင်းချက်ကျွေးတာ ဖြစ်နေသရွေ့ ကိုယ် အဲ့ဟင်းလျာတွေကို
သဘောကျတယ်”
နှစ်ယောက်သား တိတ်တဆိတ် တီးတိုး ပြောဆိုနေကြပြီး သူတို့ပြောနေတာကို
ဘယ်သူမှ မကြားနိုင်ဘူးလို့ ထင်နေကြတယ်။
သူတို့ နှစ်ယောက်သား တီးတိုးလေး ပြောဆိုနေပြီး သူတို့ ပတ်ဝန်းကျင်မှာ
ပန်းရောင် ပူဖောင်းလေးများ ဝန်းရံနေတော့ လူတွေက သူတို့နှစ်ယောက်ကို လျစ်လျှူရှုထားဖို့
ခက်ခဲနေမှန်းကို သူတို့ မသိခဲ့ကြဘူး။
ကုရှောက်ယန်သည် သူ့မျက်လုံးတွေကို ကန်းချင်နေသလိုမျိုး မွန်းကျပ်နေသော
အသွင်ဖြင့် သူ့မျက်လုံးတွေကို ခါးသီးစွာ ဖုံးထားခဲ့သည်။
အခြားတစ်ဖက်မှ လင်းရှောင်ချီးကမူ သူတို့နှစ်ဦးကြား စကားဝိုင်း၏
အကြောင်းအရာကို ပိုစိတ်ဝင်စားခဲ့သည်။ သူမက စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်ကာ သံသယရှိသော
အမူအရာဖြင့် မေးလိုက်သည်။
“နင် အချက်အပြုတ်ကို ဘယ်တုန်းက သင်လိုက်တာလဲ။ နင်ချက်ပြုတ်တတ်တာကို
ငါ ဘာဖြစ်လို့ မသိရတာလဲ”
***