သူက နင့်ကို ဘယ်လို လှည့်စားဝံ့တာလဲ
“နင် နိုင်ငံခြားကို သွားတုန်းက အချက်အပြုတ်ကို လေ့လာခဲ့ပြီး
အန်တီလီဆီကနေ တချို့ အတတ်ပညာတွေကို သင်ယူခဲ့တယ်။ နင် ငါ့ရဲ့ အချက်အပြုတ်လက်ရာကို စားချင်တယ်
ဆိုရင်တော့ ငါ အားတဲ့အချိန်ကျရင် နင့်အတွက် ဟင်းပွဲအချို့ ချက်ကျွေးပါ့မယ်”
လင်းရှောင်ချီး၏ မျက်နှာအမူအရာဟာ အနည်းငယ် တောင့်တင်းသွားကာ
ရဲရဲတင်းတင်း ပြောဆိုလိုက်သည်။
“နင် ငါ့ကို အဆိပ်မဖြစ်စေတဲ့ ဟင်းလျာတွေ ချက်ပြုတ်ကျွေးမွေးမယ်ဆိုတာ
သေချာရဲ့လား”
ဒီအပြောကြောင့် လင်းရှောင်ချီးကို အပြစ်တင်လို့ မရပါဘူး။
ဒီနေ့ခေတ်တွင် စားဖိုမှူးတွေက အလွန်ရှားပါးပြီး ကျွမ်းကျင်သည့် စားဖိုမှူးတွေ နေနေသာသာ
သာမန် အရည်အချင်းရှိသည့် စားဖိုမှူးတွေပင် လိုချင်သူ အရမ်းများပြားကြတယ် ဆိုတာကို လူတိုင်း
သိကြသည်။
စားဖိုမှူးတွေကို စိတ်ပူစေသည့် အရာတွေကတော့ အချက်အပြုတ် စွမ်းရည်တွေနဲ့
ဟင်းချက်နည်းတွေဟာ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ကြပြီးတော့ သူတို့၏ အလုပ်ရှင်များကပင်
ထိုအရာများကို လွှဲပြောင်းပေးရန် အတင်းအကြပ် မလုပ်ဆောင်နိုင်ပေ။
အန်တီလီသည် စုမိသားစု၏ စားဖိုမှူး ဖြစ်သော်လည်း သူမက စုယန်ယန်ကို
အချက်အပြုတ် သင်ကြားပေးဖို့ ဆန္ဒရှိလိမ့်မည်ဟု လင်းရှောင်ချီးက မယုံကြည်နိုင်ပေ။
စုယန်ယန်သည် သူမ၏ တုံ့ပြန်မှုကို မြင်လိုက်သည်နှင့် သူမ တွေးနေသည့်
အရာကို သိလိုက်ပြီး သူမ သူငယ်ချင်းဖြစ်သူကို နှာခေါင်းရှုံ့ လိုက်သည်။ “ယုံချင်ယုံ
မယုံချင်နေ၊ အခုခေတ် လူတော်တော်များများက ငါချက်ပြုတ်တဲ့ ဟင်းလျာတွေကို စားချင်ကြတယ်”
လင်းရှောင်ချီးသည် ရယ်မော လိုက်သော်လည်း ဆက်မမေးတော့ပါ။ သူမသည်
အဲ့တာက သူတို့နှစ်ဦးကြား အနည်းငယ် စနောက် ကျီစယ်မှု တစ်ခုအဖြစ် မှတ်ယူထားလိုက်သည်။
နေ့လယ်စာ စားပြီးနောက် ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်းကို ခေါ်သွားခဲ့ပြီး
စုယန်ယန်သည် လင်းရှောင်ချီး နှင့်အတူ နောက်မှ လိုက်လာခဲ့သည်။
လင်းရှောင်ချီးသည် သွမ်းသွမ်းနှင့် အဆင်ပြေနေသော ဟောက်ချန်ဟွမ်းထံ
အကြည့်တစ်ချက် ကျရောက်သွားပြီး ရုတ်တရက် ပြောလိုက်သည်။
“ယန်ယန် ငါ ဒီတစ်ခေါက် ပြန်ရောက်လာတဲ့ အခါမှာ နင် နည်းနည်း
ပြောင်းလဲသွားတယ်လို့ ငါ ခံစားရတယ်”
စုယန်ယန်သည် နှလုံးခုန်သံ မြန်ဆန်သွားသလို ခံစားလိုက်ရသည်။
“ငါ ဘယ်လို ပြောင်းလဲသွားခဲ့လို့လဲ”
“ငါ အဲ့တာကို တိတိကျကျ ထောက်မပြနိုင်ပေမယ့် အရင်ကနဲ့ အနည်းငယ်
ကွဲပြားသွားသလို ခံစားရတယ်”
စုယန်ယန်သည် အတော်လေး ရှုပ်ထွေးနေသလို ခံစားလိုက်ရသည်။ သူမ
ရုတ်တရက် ပြန်လည် မွေးဖွားလာခဲ့ပြီး သူမရဲ့ စိတ်နေသဘောထားတွင် သိသာထင်ရှားသော ပြောင်းလဲမှုများကို
မခံစားခဲ့ရသော်လည်း အချို့သော လူများအပေါ်တွင် သူမရဲ့ သဘောထားက အရင်ကနဲ့ တော်တော်လေး
ကွဲပြားခြားနား သွားခဲ့သည်။
သူမသည် အရင်ကနှင့် မတူကြောင်း အရင်ဆုံး သတိထားမိသူမှာ သူမ၏
ဆွေမျိုးများ မဟုတ်သည့်အပြင် ဟောက်ချန်ဟွမ်းလည်း မဟုတ်သလို သူမနှင့် လအတော်ကြာ မတွေ့ခဲ့ရသည့်
သူမ၏အချစ်ဆုံး သူငယ်ချင်း ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ဘေးမှကြည့်နေသူများ ဖြစ်တာကြောင့်လား ဒါမှမဟုတ် သူမ အနီးအနားရှိ
လူများက သူမ အရင်ကနှင့် သိပ်မတူသော ကွဲပြားခြားနားချက်ကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်သော်လည်း
လင်းရှောင်ချီးကဲ့သို့ ထုတ်ပြောတာမျိုး မလုပ်တာလား။
“ဒါပေမယ့် နင်က ငါနဲ့ ရင်းနီးကျွမ်းဝင်နေတဲ့ လူပဲလို့ ငါခံစားရတယ်”
စုယန်ယန်သည် သက်ပြင်း တစ်ချက်ချကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ဟုတ်တယ်၊ ငါက နင်နဲ့ အမြဲတမ်း ရင်းနှီးကျွမ်းဝင်တဲ့ စုယန်ယန်ပဲ
ဖြစ်ပြီး အဲ့တာက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ နင် ပြောသလို ပြောင်းလဲသွားတယ်
ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် နင် တစ်ယောက်ယောက်နဲ့ လက်ထပ်ချင်လောက်တဲ့အထိ ရင်းနှီးကျွမ်းဝင်သွားတဲ့
အခါကျရင် နင် နားလည် သဘောပေါက် သွားလိမ့်မယ်။ ငါ အရင်ကထက်စာရင် ကြီးပြင်း အရွယ်ရောက်
လာခဲ့ပြီလေ”
လင်းရှောင်ချီးသည် ဒီရှင်းပြချက်ကို လက်ခံ သဘောတူခဲ့သည်။
“နည်းနည်း ပြောင်းလဲ သွားတာက နင့်အတွက် မဆိုးပါဘူး။ အနည်းဆုံးတော့
နင် လူတွေရဲ့ အကျင့်စရိုက်ကို အရင်ကထက်စာရင် နည်းနည်းလေး ပိုသိလာတယ်”
စုယန်ယန်သည် ကြက်သေ သေသွားခဲ့ပြီး သူမ ဘာကို ရည်ရွယ်၍ ပြောတာလဲ
ဆိုတာကို အမြန်ရှာဖွေတွေ့ရှိ သွားခဲ့သည်။ သူမက ရယ်ကာမောကာ မေးလိုက်သည်။
“တကယ် နည်းနည်းလေးပဲလား”
“ကောင်းပြီ၊ အများကြီး ပိုကောင်းလာတယ် ဟုတ်ပြီလား။ ဒါပေမယ့်
နင် ငါ့ကို မပြောပြရသေးဘူး၊ နင် ဟောက်ရှောက်ဖုန်းနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ရုတ်တရက်
ဖျက်သိမ်းပြီးတော့ ဟောက်ရှောက်ဖုန်းရဲ့ အငယ်ဆုံးဦးလေးနဲ့ ရုတ်တရက် စေ့စပ်ကြောင်းလမ်း
လိုက်ရတာလဲ။ ငါ မသိသေးတာ တစ်ခုခုများ ရှိနေသေးလား”
စုယန်ယန်သည် ဒီအကြောင်းကို တွေးလိုက်သည်။ လင်းရှောင်ချီး
အရင်က နိုင်ငံခြားတွင် ရှိနေသောကြောင့် သူမအား ဒီအကြောင်းတွေကို သေသေချာချာ မပြောပြခဲ့ပေ။
ဟောက်ရှောက်ဖုန်းနှင့် သူမတို့ နှစ်ယောက်သား အချင်းချင်း
စိတ်ကုန်သွားသည့် အကြောင်းကိုသာ သူမကို ပြောပြခဲ့ပြီး အခုအခါတွင် သူမ ချစ်မြတ်နိုးသည့်
အခြားသော အမျိုးသား တစ်ဦးနှင့် စေ့စပ်ခဲ့ပြီးပြီ ဖြစ်သည်။ သူမ၏ လက်ထပ်ပွဲ ကျင်းပမည့်ရက်ဟာ
မပြောင်းလဲ သွားကြောင်းကို သူမအား သတိပေးခဲ့ပြီး သူမ၏ သတို့သမီးအရံ လုပ်ပေးရန် စောစောပြန်လာဖို့
အမှတ်ရဖို့ကို သတိပေး ပြောဆိုခဲ့သည်။
ဒီအခြင်းအရာကြောင့် မင်္ဂလာမဆောင်မီ ရက်အနည်းငယ်မှ ပြန်လာမည်ဟု
စီစဉ်ထားခဲ့သော လင်းရှောင်ချီးသည် ဒီအကြောင်းကို အဖြေရှာရန် မင်္ဂလာမဆောင်မီ တစ်လကြိုတင်ပြီး
ရုတ်တရက် ပြန်လာခဲ့သည်။
“ငါ ရုတ်တရက် နားလည် သဘောပေါက် သွားပြီးတော့ သူနဲ့ စေ့စပ်ကြောင်းလမ်းခြင်း
ဖျက်သိမ်းခဲ့တာမျိုး မဟုတ်ဘူး၊ ဒါပေမယ့် သူက အခြား မိန်းကလေး တစ်ဦးနဲ့ ချစ်ကြိုက်သွားခဲ့ပြီး
လူတော်တော်များများ ရှေ့မှာ ငါ့ကို သူတို့ကို ကောင်းချီးပေးဖို့ တောင်းဆိုခဲ့တယ်။ ငါက
ကြင်နာတတ်တဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ထားတယ်လေ၊ ဒါပေါ့၊ သူတို့က ငါ့ကို တောင်းဆိုလာတော့
ငါ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးသင့်တယ်လေ”
“ဘာ” လင်းရှောင်ချီးသည် ခဏလောက် ဆွံ့အသွားခဲ့ပြီး ရုတ်တရက်
ထအော်လိုက်သည်။ “သူ့မှာ နင် ရှိနေရဲ့သားနဲ့ သူက အခြားမိန်းကလေးတွေကို လိုက်လံ ပိုးပန်းနေတုန်းပဲလား။
ဒီခွေးကောင်က နင့်ကို ဘယ်လို လှည့်စားဝံ့တာလဲ”
***