ဟန်ဆောင်လိမ်ညာခြင်း
လင်းရှောင်ချီးရဲ့ ရုတ်တရက် ထအော်သည့် အသံသည် နားအူသွားစေသည်။
အရှေ့မှာ လျှောက်နေသည့် လူများက ရုတ်တရက် ရပ်သွားပြီး သူတို့ဆီ လှမ်းကြည့်ကြသည်။
ဟောက်ချန်ဟွမ်းက အဆင်ပြေပေမယ့် ကုရှောက်ယန်ကတော့ စိတ်ပျက်လက်ပျက်
ဖြစ်သွားတဲ့ပုံပါပဲ။
သူမသည် သခင်မလေးရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်တယ် ဆိုတာကို
သူ သံသယ ဝင်နေတယ်လို့ ပြောသင့်လား။ သူမရဲ့ အသွင်အပြင်က ဘယ်လောက်ပင် ချစ်စရာကောင်းပြီး
အားနွဲ့ဟန်ပေါ်ပါစေ သူမမှာ သန်မာပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ နှလုံးသား တစ်စုံကို
ပိုင်ဆိုင်ထားဆဲပင်။ သူမ ပါးစပ်ကို ဖွင့်လိုက်သောအခါတွင် သူမရဲ့ နူးညံ့သိမ်မွေ့သော
အသွင်အပြင်ဟာ လုံးဝ ပျက်စီးသွားခဲ့သည်။
စုယန်ယန်သည် ကုရှောက်ယန်၏ မျက်နှာကို လှမ်းမြင်ပြီး ချက်ချင်း
နားလည် သဘောပေါက် သွားခဲ့သည်။ သူမက အပြုံးလေးဖြင့် လင်းရှောင်ချီး၏ လက်မောင်းကို လှမ်းဆွဲကာ
သူမကို သတိပေးလိုက်သည်။
“နင့်လို မိန်းမကောင်းလေးက
ဒီလိုဆဲဆိုပြီး စိတ်ဖြေစရာ လိုအပ်လို့လား။ နင့်ကို တခြားသူတွေ အထင်လွဲသွားမှာမျိုးကို
မစိုးရိမ်ဘူးလား”
လင်းရှောင်ချီးသည် သူမ ပါးစပ်ထောင့်စွန်းများကို ကွေးညွှတ်ကာ
အသံကို တိုးလိုက်ပြီး ပြောသည်။
“အဲ့တာ နင့်ကြောင့်ပဲ မဟုတ်လား။ စကားလမ်းကြောင်း မပြောင်းလိုက်နဲ့။
ဟောက်ရှောက်ဖုန်းနဲ့ ဘာဖြစ်သွားတာလဲ ဆိုတာကို ငါ့ကို ပြောပြ။ အဲဒီခွေးကောင်က နင့်ကို
လှည့်စားဖို့ သတ္တိကောင်းတယ်ပေါ့လေ။ သူ့ကို ငါနဲ့ မတွေ့စေတာ ပိုကောင်းတယ်။ မဟုတ်ရင်
ငါ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မိလိမ့်မယ်”
“နင် အဲဒီအတွက် စိတ်ပူစရာ မလိုတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က
ငါ သူ့ကို ရိုက်နှက်ပြီးတော့ ငါ့အတွက် လက်စားပြန်ချေခဲ့တယ်”
ထို့နောက် စုယန်ယန် ဟောက်ရှောက်ဖုန်း၏ မိသားစုကို စေ့စပ်ကြောင်းလမ်းခြင်း
ဖျက်သိမ်းပေးဖို့ တောင်းဆိုကာ သူမ၏ သတို့သားလောင်းအား ဟောက်ချန်ဟွမ်းသို့ ပြောင်းလဲ
လိုက်ခြင်းဖြင့် သူတို့မိသားစု မျက်နှာကို ဖြတ်ရိုက်ခဲ့သည့် အကြောင်းအား ရှင်းပြခဲ့သည်။
ထို့အပြင် ဟောက်ရှောက်ဖုန်းသည် လွန်ခဲ့သည့် နှစ်ရက်က သူမကို
သန့်စင်ခန်းမှ အထွက်တွင် ကြားဖြတ် ဟန့်တားကာ အလွန် ရယ်စရာကောင်းပြီး မုန်းတီးစက်ဆုပ်ဖွယ်
ကောင်းသည့် စကားများစွာကို ပြောခဲ့သည်။ စုယန်ယန်သည် လင်းရှောင်ချီးကို ဟောက်ရှောက်ဖုန်းက
သူမကို ပြောခဲ့သည့် စကားလုံးတိုင်းကို ပြောပြခဲ့ကာ ဆေးရုံပေါ်တွင် သူ ဘယ်လိုမျိုး အဆုံးသတ်
သွားမလဲ ဆိုတာ အထိ အသေးစိတ် ဖြည့်စွက် ပြောပြခဲ့သည်။
လင်းရှောင်ချီးသည် အရမ်း ဒေါသထွက်သွားပြီးတော့ ဟောက်ရှောက်ဖုန်းအား
စုယန်ယန်က သူ့အမေပင် မမှတ်မိနိုင်လောက်သည့် အထိ ရိုက်နှက်ခဲ့သည့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကို
ပြန်သွားဖို့ ဆန္ဒရှိခဲ့သည်။
“သူ အရမ်းလွန်သွားပြီ။ အရမ်း လွန်လွန်းတယ်။ သူ့မှာ စေ့စပ်ထားတဲ့သူ
ရှိမှန်း သူ မသိဘူးလား။ သူ့မှာ ကြိုက်တဲ့သူ ရှိရင်လည်း နင်နဲ့ စေ့စပ်ကြောင်းလမ်းတာကို
စောစောစီးစီး ဘာလို့ မဖျက်သိမ်းခဲ့ရတာလဲ။ လူအများကြီး ရှေ့မှာ သူနဲ့ သူ့အချစ်စစ်လေးကို
ကောင်းချီးပေးဖို့ အတင်းအကြပ် တိုက်တွန်း ပြောဆိုခဲ့တာလဲ။ သူက ဘယ်လောက်တောင် အရေထူလိုက်လဲ။
သူက သူ့ကိုယ်သူ အရှက်မရှိဘူးလို့ မထင်တဲ့အပြင် သူ့ကို နင်က ဆွဲထားချင်သေးတယ်လို့ ထင်နေသေးတာလား”
“သူနဲ့ အဲ့အမြှောင်မတို့က အချစ်စစ်တွေလို့ ပြောရဲတဲ့အပြင်
လင်မယားတွေ မဖြစ်နိုင်တော့ရင်တောင် သူငယ်ချင်းတွေ ဖြစ်နိုင်ပါသေးတယ်လို့ သူက ပြောရဲသေးတယ်။
သူငယ်ချင်းလား၊ ငါ့ခြေထောက်ပဲ ယူလိုက်၊ ဒီကမ္ဘာပေါ်မှာ ဒီလို အရှက်မဲ့တဲ့ လူတွေ ရှိနေတာ
မယုံနိုင်စရာပဲ။ အိုး... ငါ ဘာဖြစ်လို့ စောစော မပြန်မိရတာလဲ။ ငါသာ အဲဒီနေရာမှ ရှိနေရင်
သူ့ခွေးခေါင်းကို ပေါက်ကွဲသွားတဲ့အထိ ထုရိုက်ပစ်မိလိမ့်မယ်”
လင်းရှောင်ချီး၏ ရင်ခွင်ထဲတွင် မှီတွယ်နေသော ဟွားဟွားသည်
သူမ၏ အော်ဟစ်သံကို ကြားပြီး သူမ သခင်ဖြစ်သူက စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း
ကင်းမဲ့သွားကာ ဒီခွေးလေး၏ ခေါင်းကို ပေါက်ကွဲအောင် ရိုက်နှက်လိုက်မှာကို စိုးရိမ်သောကြောင့်
သူမခေါင်းကို လက်လေးဖြင့် ဖုံးကွယ်ရန် လှည့်လိုက်သည်။
လင်းရှောင်ချီး “...”
လင်းရှောင်ချီးက ဒီလိုကိစ္စမျိုးနှင့် ပတ်သက်ရင် အထိခိုက်မခံနိုင်ဆုံး
ဖြစ်ကြောင်းကို သိသဖြင့် စုယန်ယန်သည် သူမကို အမြန် နှစ်သိမ့်လိုက်သည်။
“ကောင်းပြီ၊ နင် ဒေါသထွက်တာကို ငါနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ်
နင် အခု ပြန်ရောက်နေပြီပဲ၊ ပြီးတော့ ငါက သူ့ရဲ့ အမည်ခံ ဒေါ်လေးပဲလေ။ အနာဂတ်မှာ အဲ့ဒီခွေးကောင်နဲ့
ခွေးမကို ပြန်တုံ့ပြန်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာလိမ့်မယ်”
လင်းရှောင်ချီး၏ မျက်လုံးတွေဟာ အနည်းငယ် တောက်ပလာပြီး သူမ
စိတ်အခြေအနေဟာ တိုးတက် ကောင်းမွန် လာသော်လည်း သူမ အနည်းငယ် စိုးရိမ်နေသေးသည်။
“ဒါဆို နင်နဲ့ ဟောက်ရှောက်ဖုန်းရဲ့ အငယ်ဆုံးဦးလေးနဲ့က...”
“နင် ဘာတွေးနေတာလဲ ဆိုတာကို ငါသိတယ်။ ငါက ဒေါသစိတ်ကြောင့်
ကိုယ့်ပျော်ရွှင်မှုကို စတေးလိုက်မယ့် လူတစ်ယောက်လို့ နင်ထင်လား”
“အဲ့လိုမျိုး မထင်ပါဘူး”
လင်းရှောင်ချီးသည် ရုတ်တရက် နားလည်သွားကာ ခေါင်းညိတ် လိုက်သည်။
တခြားဘာကိုမှ မပြောလိုပါဘူး၊ သူမတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက
တစ်ချက် ကြည့်လိုက်ရုံနဲ့တင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ချစ်ခင်ကြောင်း သိသာထင်ရှားပါသည်။
လင်းရှောင်ချီး အတွေးများနေဖို့ အချိန်မယူလိုက်ရပဲ ဟောက်ချန်ဟွမ်း၏
ရှေ့မှ လျှောက်နေသည့် သွမ်းသွမ်းသည် ရုတ်တရက် နောက်သို့ ပြန်လှည့်လာကာ လင်းရှောင်ချီးကာ
လှည့်ပတ်ပြီး ဟောင်လိုက်သည်။
မိနစ်ဝက်ခန့် ဟောင်ပြီးနောက် သူလေးသည် မြေပြင်ပေါ်သို့ မလှုပ်မယှက်
လဲကျသွားသည်။
လင်းရှောင်ချီးဟာ အံ့သြတုန်လှုပ် သွားခဲ့သည်။
“သွမ်းသွမ်း... သွမ်းသွမ်း
ဘာဖြစ်သွားတာလဲ”
စုယန်ယန်၏ မျက်ခုံးတွေက တွန့်ကွေးသွားပြီးတော့ သူမ ဒါကို
သည်းမခံနိုင်တော့ပေ။ “သူလေးက ကြွေထည်ပစ္စည်းလို ကျိုးပဲ့လွယ်ဟန် ဆောင်ပြီးတော့ နင့်အိမ်ကို
လိုက်ချင်နေတာ”
“???”
သိပ်မလှမ်းမကမ်းမှာ ရှိနေသော ကုရှောက်ယန်ဟာ သဘောကျ သွားသည်။
ဒီနေ့ခေတ်တွင် ခွေးတွေတောင်မှ ကြွေထည်ပစ္စည်းလို ဟန်ဆောင်ဖို့ သင်ယူနိုင်လာကြသည်။
ဒီခွေးက တကယ့်နတ်ဆိုးပဲ။
***