ဒယ်ဒီက မင်းကို မလိုချင်တော့ဘူး
နောက်ဆုံး၌ သွမ်းသွမ်း၏ ကြွေထည်ပစ္စည်းလို အထိခိုက်လွယ်သော
သရုပ်ဆောင်မှုမှာ မအောင်မြင်ခဲ့ပေ။ အစကတည်းကပင် လင်းရှောင်ချီးသည် သူလေးကို အိမ်ခေါ်သွားဖို့
တွန့်ဆုတ်နေခဲ့တာ ဖြစ်သည်။ စုယန်ယန်ကလည်း ဒီ “သစ္စာဖောက်”ခွေးကို မလိုချင်တော့ဘူးဟု
ပြောလာခဲ့သည်။
အောင်ပွဲဆိုသာ မြင်သာနိုင်ပေမယ့် ဟွားဟွားက နောက်တစ်ကြိမ်
ထပ်မံ ပေါ်ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူမလေးက သွမ်းသွမ်းကို ထပ်မံ ရိုက်နှက်ခဲ့ပြန်ကာ
တစ်ဖက်ခွေး၏ ခေါင်းကို ပြောင်လုမတတ် ဖြစ်သွားစေသည်။
အဆုံး၌ လင်းရှောင်ချီးရဲ့ လက်မောင်းထဲမှ သူလေးကို နှင်ထုတ်ကာ
တင်ပါးလေးကို ခါယမ်းပြီး သွမ်းသွမ်း၏ ခွေးမွေေးများကို ဖယ်ရှားကာ သူမလေး၏ သခင်ဖြစ်သူထံ
ပြန်သွားခဲ့သည်။
သွမ်းသွမ်း ကြွေထည်ပစ္စည်းလို မူရာမာယာမများနိုင်ပဲ သူလေး၏
အနာဂတ် သတို့သမီးထံမှ အမွေးပြောင် ခွေးတစ်ကောင်အဖြစ် အရိုက်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။
ဟွားဟွား၏ နောက်ကျောကို ကြည့်ရင်း မြေပြင်ပေါ် လဲလျောင်းပြီး
မျက်ရည်ဝဲနေသည့် သွမ်းသွမ်း၏အသွင်ကို အကြောင်းမသိသူများက မြင်တွေ့ခဲ့ရလျှင် သနားစရာ
ကောင်းတယ်လို့ ထင်မြင်ကြပေမည်။
စုယန်ယန်သည် စိတ်ပျက်လက်ပျက် ရယ်မိပြန်သည်။ သူတို့ထွက်သွားသည်နှင့်
သူမသည် ချက်ချင်းပင် သွမ်းသွမ်းအာ စွန့်ပစ်ခံရသော ခွေးရုပ်ပုံအီမိုဂျီလေး ပြသခဲ့သည်။
“မျက်လုံးဖြူ ဝံပုလွေလေး၊ နင် အရမ်း မူရာမာယာများနေရင် ငါ
နင့်ကို မလိုချင်တော့ဘူး။ ဒီအတိုင်းပဲ ငါ နင့်ကို စွန့်ပစ်လိုက်မှာ”
သွမ်းသွမ်းသည် သူ့လိုမျိုး ဝတုတ်တုတ် ခွေးလေးကို ပိုင်ရှင်ဖြစ်သူက
မြစ်ထဲသို့ ပစ်ချလိုက်သော အီမိုဂျီလေးကို ကြည့်နေခဲ့သည်။ ထိုအီမိုဂျီရဲ့ အဓိပ္ပာယ်က
“ဒယ်ဒီက မင်းကို မလိုချင်တော့ဘူး” ဟု ဆိုလိုသည်။ ထိုအီမိုဂျီလေးကို မြင်လိုက်ရပြီးနောက်တွင်
သွမ်းသွမ်းသည် အေးစက်ပြီး လျစ်လျှူရှုသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ သူက
ခြိမ်းခြောက်မှုကို လုံးဝ မခံစားခဲ့ရပုံပင်။
စုယန်ယန်က စိုးရိမ်ကြောင့်ကြ နေခဲ့သော်လည်း ဟောက်ချန်ဟွမ်းက
အလွန် တည်ငြိမ်စွာ ပြုမူပြီး သူလေးကို သင်ကြားပြသခဲ့သည်။
“မင်း သူမကို သဘောကျရင် သူမကလည်း မင်းကို သဘောကျလာတဲ့အထိ
မင်း ဆက်လက် ပိုးပန်းရမယ်။ မင်း နံရံကို ထိရုံပဲ ရှိသေးတယ်၊ ဒီအခြေအနေကို ရောက်ရှိသွားခဲ့ပြီ။
မင်း အခု ဒီကိစ္စကို လက်လျှော့ လိုက်နိုင်တယ်”
“ဝုဖ်...” ဟောက်ချန်ဟွမ်းရဲ့ စကားများသည် သွမ်းသွမ်းကို လှုံ့ဆော်သွားပုံရသည်။
သူလေးဟာ ရုတ်တရတ် ခေါင်းမော့ပြီး ဟောက်ချန်ဟွမ်းကို ကြည့်ကာ အကြိမ် အနည်းငယ်ခန့် ဟောင်လိုက်သည်။
ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာဟာ မပြောင်းလဲသွားပဲ တည်ကြည်စွာ
ပြောသည်။
“မင်း ငါ့ကို ဟောင်နေလို့ ဘာအကျိုးထူးမှာလဲ။ ငါပြောတာ မှားနေလို့လား”
“ဝုဖ်...”
“မင်း လက်မလျှော့ချင်ဘူးဆိုရင် မင်းကို သူမ နှစ်သက် သဘောကျလာအောင်
လုပ်ဖို့ နည်းလမ်းကို ရှာဖွေလိုက်ရုံပဲ”
“ဝုဖ်...”
“ဒါကိုတောင် မင်း ငါ့ကို မေးနေစရာ လိုအပ်နေသေးလား။ မင်း ဘာဖြစ်လို့
မင်းဦးနှောက်ကို မင်း မသုံးရတာလဲ။ သူမကို ပိုးပန်းချင်တာ မင်းပဲ၊ ငါ မဟုတ်ဘူး”
“ဝုဖ်...”
“ငါက ဒါမျိုး မလိုအပ်ဘူး။ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးကြတယ်၊
တစ်ဖက်သတ် အချစ်မျိုးနဲ့ ရင်ဆိုင်နေရတဲ့ မင်းလို မဟုတ်ဘူး၊ ဟားဟား... ဟားဟား...”
စုယန်ယန် “...” ဟေး... ဟေး... ရှင်တို့နှစ်ယောက် မျိုးစိတ်နှစ်ခုအကြား
ဘယ်လိုမျိုး ဆက်သွယ်ခဲ့တာလဲ။ ရှင်တို့နှစ်ယောက် ကျွန်မ မရှိချိန်လေးမှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲ။
မည်သို့ပင်ဆိုစေ သွမ်းသွမ်းသည် ဟောက်ချန်ဟွမ်းနှင့် စကားစမြည်
ပြောဆိုပြီးနောက် သွမ်းသွမ်းဟာ သူ၏ တက်ကြွသွက်လက်မှုကို ပြန်လည် ရရှိခဲ့သည်။
သူလေးသည် ကားပြတင်းပေါက်ကိုတောင် လက်ထောက်ကာ သူ့ခေါင်းပေါ်မှ
အမွေေးပြောင် သွားသော အစိတ်အပိုင်းကို ဝမ်းနည်းပူဆွေးစွာ စူးစိုက်ကြည့်နေတာကို ကုရှောက်ယန်က
မြင်ပြီး သူ့မျက်ခွံများ လှုပ်ယမ်း သွားခဲ့သည်။
ဒီခွေးက တကယ့်ကို နတ်ဆိုးပဲ။
ဟောက်ချန်ဟွမ်းက သွမ်းသွမ်းနဲ့ စကားပြောပြီး သွားတာနဲ့ ဘေးနားက
သက်ပြင်းတစ်ချက် ချလိုက်သည့် အသံကို ကြားလိုက်မိသည်။
“ရှင်က တခြားသူတွေကို ပညာပေးတာကျ တော်တယ်၊ ဒါပေမယ့် ကိုယ်တိုင်
ရင်ဆိုင်တွေ့ကြုံလာတဲ့ အခါကျ ဘာဖြစ်လို့ တွန့်ဆုတ် နေရတာလဲ”
ဟောက်ချန်ဟွမ်းသည် သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားသလို
ခံစားလိုက်ရသည်။ ဟောက်ချန်ဟွမ်းသည် သူ့ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီမှာ ချထားသည့်
သူ့လက်တွေကို မသိစိတ်က တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက်မိပြီး “ကိုယ် နောက်ဆို မလုပ်တော့ပါဘူး”
လို့ တိုးတိုးလေး ပြောလိုက်သည်။
“ဘာကိုလဲ”
“ခုနက ရှင့်ကို ပြောခဲ့တဲ့စကားကို မတည်နိုင်တော့ဘူး”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်နဲ့ ခွဲခွာနေလိုခြင်း မရှိသောကြောင့်
သူမကို ပန်းနတ်သမီးလေးအဖြစ် ပြောင်းလဲပြီး သူမကို သူ့လက်ဖဝါးထဲမှာ ၂၄ နာရီ ကာလပတ်လုံး
ဆုပ်ကိုင် ထားချင်မိသည်။ အရင်တုန်းက သူချစ်ရတဲ့သူကို တခြားသူတွေ ဆောင်ယူသွားဖို့ လုပ်ခဲ့တာကို
သူ ဘယ်လိုလုပ်ပြီး ကြည့်နေခဲ့မိတာလဲ။
စုယန်ယန်သည် ဟောက်ချန်ဟွမ်း ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို နားလည်
သဘောပေါက်ရန် စက္ကန့်အနည်းငယ်မျှ ကြာမြင့်ခဲ့သည်။ သူမမျက်ဝန်းများ တောက်ပသွားကာ စိတ်ကျေနပ်စွာဖြင့်
“အင်း...” လို့ ပြန်တုံ့ပြန်ခဲ့သည်။
လင်းရှောင်ချီးကို သွားကြိုပြီးနောက် စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏
အိမ်သို့ ခဏလောက် လိုက်သွားရန် မူလက စီစဉ်ခဲ့သည်။
ကံမကောင်းစွာပင် သူတို့ရဲ့အစီအစဉ်သည် အပြောင်းအလဲများကို
အမီမလိုက်နိုင်ခဲ့ပါ။
ဟောက်ချန်ဟွမ်းနဲ့ အိမ်ပြန်ဖို့ အချိန်မရခင်မှာပဲ သူမအစ်ကိုကြီး
ဖြစ်သူက သူမကို ဖုန်းခေါ်ခဲ့သည်။
စုယုရွှမ်သည် သူမအား “သတင်းဆိုး”ကို ပြောခဲ့သည် - နောက်အပတ်မှ
လာမည်ဟု စီစဉ်ထားသည့် သူမ၏ အဖိုးဖြစ်သူနှင့် အန်တီလေးက စောစော ရောက်ရှိလာပြီး အခုအိမ်မှာ
သူမကို စောင့်နေသည်။
***