သမီး သူ့ကို ကာကွယ်ပေးနိုင်တယ်
“ငါ့မြေးက အဘိုးကို သူက ငါ့မြေးနဲ့ သင့်တော်လား မသင့်တော်ဘူးလား
ဆိုတာကို လေ့လာဖို့ မတွေ့ခိုင်းရင် အဘိုးက ဘယ်သိနိုင်ပါ့မလဲ”
စုယန်ယန်သည် အဘိုးချိန်နဲ့
အကြည့်ချင်း ဆုံတွေ့ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကျန်းမာသန်စွမ်းပြီး
သမီးကို မချစ်တဲ့သူနဲ့ ယှဉ်ရင် သမီးကို ချစ်မြတ်နိုးပြီး လေးစားပေးတဲ့အပြင် အကြောင်းကိစ္စတိုင်းမှာ
သမီးကို ဦးစားပေးတဲ့ ဘဝလက်တွဲဖော်ကိုပဲ သမီး လိုချင်တယ်”
အဘိုးချိန်ဟာ သူမ ပြောတာ အဓိပ္ပါယ် ရှိတယ်လို့ ခံစားရပြီးနောက်
သူက ဒီလို တုံ့ပြန်ခဲ့သည်။
“သူတို့ကြားထဲက တစ်ယောက်ကိုပဲ ဘာဖြစ်လို့ ငါ့မြေးက ရွေးချယ်ရတာလဲ။
ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိပါတယ်။ ငါ့မြေးမလေးက အရမ်း ကောင်းမွန်တယ်။
ငါ့မြေးရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်း ပေးနိုင်တဲ့ ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းမျိုး
ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိဘူးဆိုတာကို အဘိုး မယုံနိုင်ဘူး”
“ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိပေမယ့် သူ့ထက်
ဘယ်သူကမှ သမီးအပေါ် မကောင်းနိုင်ဘူး။ သမီး သူ့ကိုပဲ လိုချင်တယ်၊ သူ့အပြင် တခြားဘယ်သူ့ကိုမှ
မလိုချင်ဘူး”
အဘိုးချိန်ဟာ ဒီစကားကြောင့် ဒေါကန်သွားခဲ့သည်။ သူက ဒေါသ ထွက်ချင်သော်လည်း
သေဆုံးသွားသော ဇနီးသည်နှင့် တူညီလုနီးပါး ဖြစ်နေသော မျက်ဝန်းတစ်စုံကို ကြည့်ပြီး ရေအေး
တစ်ဇလုံဖြင့် သူ့ဒေါသများကို လောင်းချခံလိုက်သလို ခံစားရကာ သူ့ဒေါသတွေကို လုံးဝ ငြိမ်းသက်
သွားစေခဲ့သည်။
သူ့ဒေါသတွေကို ‘ရှုး” ဟု မှုတ်ထုတ် ပစ်လိုက်သည်။
“ငါ့မြေး တကယ်ပြောနေတာလား”
“ဟုတ်ကဲ့”
စုယန်ယန်သည် နောက်သို့ မတွန့်ဆုတ်သွားခဲ့ပေ။
“သမီး အတည်ပြောနေတာ။ သမီး ဒီထက်ပိုပြီး လေးနက်မနေနိုင်ဘူး”
အဘိုးချိန်ဟာ သူမကို မရိုက်နှက်နိုင်သလို သူမကို ဆူပူကြိမ်းမောင်းတာမျိုး
ကိုလည်း မလုပ်နိုင်ဘူး။ “ဟမ့်” ဟူသော အသံဖြင့် မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် လှည့်မထွက်မီ
အချိန်အတော်ကြာအောင် ချုပ်တည်း ထားလိုက်သည်။
စုယန်ယန်က သူ့ရဲ့ တုံ့ပြန်မှုကို မြင်ပြီး သူ့ရဲ့ စမ်းသပ်ချက်
ထက်ဝက်ကို ဖြတ်ကျော် လိုက်နိုင်ပြီ ဆိုတာကို ချက်ချင်း သိလိုက်ရသည်။ စုယန်ယန်က အဘိုးဖြစ်သူရဲ့
လက်မောင်းကို ပွေ့ဖက်ကာ ချွဲနွဲ့ပြောဆို လိုက်သည်။
“ဒါ့အပြင် အဘိုးချိန်
အဘိုး ဒီလိုမျိုး တွေးကြည့်လိုက်ရင် ဒါက မဆိုးပါဘူး။ အနည်းဆုံးတော့ ရန်ဖြစ်ရင် သူက
သမီးကို မရိုက်နိုင်ဘူး။ သူ သမီးကို ဒေါသထွက်ရင်တောင် သမီးက သူ့ကို ပျော့ဖတ်သွားအောင်
ရိုက်ပစ်လိုက်နိုင်တယ်။ သမီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အဘိုးချိန်ကိုတောင် မလိုအပ်နိုင်ဘူး။
သမီးပြောတာ မှန်တယ်မလား၊”
“ဟမ့်... သူက မင်းကို မရိုက်နိုင်ဘူး၊ ဒါ့ကြောင့် သူက အခြားသူတွေကိုလည်း
သဘာဝအတိုင်း အနိုင်မယူနိုင်ဘူးလေ။ ငါ့မြေးကို မကာကွယ်နိုင်ဘူးဆိုရင် သူက ဘာအသုံးကျပါ့မလဲ”
“သူက သမီးကို မကာကွယ်နိုင်ပေမယ့် သမီး သူ့ကို ကာကွယ် ပေးနိုင်တယ်။
သူက သမီးကို မကာကွယ်နိုင်ဘူး ဆိုပေမယ့် သမီးက သူ့ကို ကာကွယ်ပေးနိုင်တယ် ဆိုတာကတင် လုံလုံလောက်လောက်
ကောင်းနေပြီ မဟုတ်လား။ သမီးရဲ့ လက်ရှိအင်အား အရဆို သမီးကို အနိုင်ယူတဲ့သူ အများကြီး
မရှိနိုင်ဘူး၊ ဟုတ်တယ် မဟုတ်လား”
အဘိုးချိန် “...” သူမရဲ့ လေသံဟာ အတော်လေးကို ကျိုးကြောင်း
ဆီလျော်သည့်အသံ ဖြစ်နေပြီး သူမကို ပြန်လည်ချေပဖို့ သူ့မှာ အကြောင်းပြချက် ရှာမတွေ့ခဲ့ဘူး။
ပြောစရာစကား ပျောက်ရှသွားသော အဘိုးချိန်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး
လမ်းလျှောက်တုတ်ကို ကိုင်ကာ မတ်တပ် ထရပ်လိုက်သည်။ သူက စုယုရွှမ်ကို သူ့အခန်းထဲသို့
လိုက်ပို့ခိုင်းကာ စုယန်ယန်အား လျစ်လျှူရှုထားခဲ့သည်။
အဘိုးအိုထွက်သွားသည်နှင့် တစ်ပြိုင်နက် ဧည့်ခန်းအတွင်းရှိ
ပြင်းထန်နေသော လေထုဟာ နောက်ဆုံးတော့ ပြေလျော့သွားခဲ့သည်။
စုယန်ယန်ရဲ့ အန်တီလေးဖြစ်တဲ့ ချင်ရွှယ်ရူဟာ သက်ပြင်းချပြီး
စုယန်ယန်အား ပထမစာကြောင်းကိုသာ ပြောနိုင်ခဲ့သည်။
“နင်က လူအိုကြီးနဲ့ ဒီလိုစကားမျိုး ပြောဝံ့တဲ့ တစ်ဦးတည်းသောသူပဲ”
စုယန်ယန်သည် ထိုစကားကို ကြားလိုက်ရသောအခါ မပြုံးပဲ မနေနိုင်ခဲ့ပေ။
“အဘိုးချိန်က ကြမ်းတမ်းတယ်လို့
ထင်ရပေမယ့် သူ့နှလုံးသားက နူးညံ့တယ်လေ”
ချင်ရွှယ်ရူဟာ မယုတ်မလွန် ပြုံးလိုက်မိသည်။
လူအိုကြီးသည် သူ့မျိုးဆက် သို့မဟုတ် မျိုးဆက်သစ်များ အပေါ်
ဆက်ဆံရာတွင် သူ့ရဲ့ ပြင်းထန်သော သဘောထားကြောင့် ကျော်ကြားသည်။ စုယန်ယန် ရှေ့မှာသာ သူ့ရဲ့
တင်းမာမှုတွေကို ခေတ္တဖယ်ထားပြီး သူ့အတွင်းစိတ်ရဲ့ နူးညံ့မှုကို ထုတ်ဖော်ပြသ ပါလိမ့်မည်။
ဟိုအရင် အချိန်ကဆို ချိန်ရှုချင်သည် မျက်နှာသာ အပေးခံရဆုံး
ဖြစ်သည်။ သို့သော် သူ့မြေးမလေး မွေးဖွားလာသော အခါတွင် သူမဟာ ထိုင်ခုံကို ဖယ်ပေး လိုက်ရတော့သည်။
စုယန်ယန်၏ စိတ်နေစိတ်ထားသည် ငယ်ရွယ်စဉ်က လူအိုကြီးရဲ့ စိတ်နေစိတ်ထားနှင့်
အလွန်ဆင်တူ သောကြောင့် ဖြစ်သည့်အပြင် ငယ်ငယ်တုန်းက သေဆုံးသွားခဲ့သော သူမအဘွားဖြစ်သူနှင့်
ထူးထူးခြားခြား အလွန်တူသောကြောင့်ပါ ဖြစ်လေသည်။
ချင်ရွှယ်ရူက ဒါကို မကျေမနပ် မဖြစ်ပေ။ သူမနဲ့ သူမရဲ့ခင်ပွန်းဟာ
နှစ်ပေါင်းများစွာ ပေါင်းသင်း နေထိုင်ခဲ့တာတောင် ကလေး မရရှိခဲ့ပေမယ့် စုမိသားစုတွင်
ကလေးနှစ်ယောက် ရှိသောကြောင့် အထူးသဖြင့် အငယ်ဆုံးဖြစ်သည့် စုယန်ယန်ကို သူတို့ကိုယ်ပိုင်ကလေးအဖြစ်
မှတ်ယူထားခဲ့ကြသည်။
ကလေးတွေက အသက်ကြီးသူတွေရဲ့ နှလုံးသားကို အနိုင်ယူနိုင်ရင်
သူတို့လည်း ပျော်ရွှင်ကြရလိမ့်မည်။
ဒါကိုတွေးရင်း ချင်ရွှယ်ရူရဲ့ မျက်ဝန်းများတွင် စိတ်မချမ်းသာသည့်
အရိပ်အငွေ့များ ယှက်သန်းလာခဲ့သည်။
စုယန်ယန်သည် သူမရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို သတိပြုမိလိုက်ပြီး
သူမရဲ့ မျက်ဝန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။ စုယန်ယန်ဟာ စကားဝိုင်း၏ အကြောင်းအရာကို
တက်ကြွစွာ ပြောင်းလဲခဲ့သည်။
“ဒါနဲ့ စကားမစပ် ဦးငယ်လေးရော ဘယ်လိုနေလဲ။ သူ ဘာဖြစ်လို့ အန်တီလေးနဲ့
အတူမလိုက်လာ ရတာလဲ”
***