အပိုင်း ၁၀၉
Viewers 1k

 

အခန်း (၁၀၉) –

အသက်ရှုကျပ်စေသော အလွန်အကျူး ချီးကျူးမြေှာက်ပင့်သည့် စကားများ

 

 

စကားဝိုင်းရဲ့ တစ်ဖက်မှ ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့စာကို ဖတ်ရှုပြီးနောက် မျက်မှောင်ကြုတ် သွားသည်။ သူမရဲ့ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်မှုမှစ၍ ‘သက်ကြီးရွယ်အို’ ဟူသော အသုံးအနှုန်းသည် သူ့ရဲ့စိုးရိမ်ပူပန်မှုအား သတိရ သွားစေသည်။

 

 

တောင်တန်းပေါ်မှပိုးစာပင်: [ဒီစွပ်ပြုတ်က သက်ကြီးရွယ်အိုတွေပဲ စားလို့ရတာလား။ လူငယ်တွေရော ဒါကို စားလို့မရဘူးလား။]

 

 

စုယန်ယန်သည် ဖုန်းမျက်နှာပြင် ထက်ကနေ တစ်စုံတစ်ဦးထံမှ ထွက်ပေါ်လာသော ဝမ်းနည်း ပူဆွေးမှုကို ခံစားမိနိုင်ခဲ့သည်။ သူမ တခစ်ခစ် ရယ်မောလိုက်မိသည်။

 

 

ယန်: [သူတို့ကို စားနိုင်ပါတယ်။ မင်းက ဒီစွပ်ပြုတ်ရဲ့ ကံထူးရှင်ပဲ။ မင်း ဆန္ဒရှိတဲ့အတိုင်း သူတို့ကို စားသုံးနိုင်ပါတယ်။ (respectful.jpg)]

 

 

ဟောက်ချန်ဟွမ်းရဲ့ တင်းမာနေသော မျက်နှာ အမူအရာဟာ ပျော့ပျောင်း သွားခဲ့ပြီး သူ့ရဲ့ ‘ဆုလက်ဆောင်’လေးကို စောင့်မျှော်နေခဲ့သည်။

 

 

ဒီလို ဆက်သွယ် ပြောဆိုမှု တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရသည့် ဘေးနားက ကုရှောက်ယန်ဟာ သူ့မျက်ခုံးတွေကို ပင့်ကာ ချောင်းဖွဖွ ဆိုးပြီး ထိုးနှက်လိုက်သည်။

 

 

“သခင်လေး မစ်စုနဲ့ စကားပြောတဲ့ အချိန်တိုင်း ဒီလို အရမ်း ထုံထိုင်းနေတာလား”

 

 

“ထုံထိုင်းတာလား”

 

 

ဟောက်ချန်ဟွမ်းသည် သူ့မျက်ဝန်းတွေကို မှေးကျဉ်းကာ ကုရှောက်ယန်အား စိုက်ကြည့်လိုက်သည်။

 

 

သူ ရှင်းပြ ပြောဆိုနေစဉ် ကြီးမားသော ဖိအားအောက်မှ ကျရောက်နေ၍ ကုရှောက်ယန်သည် သူ့နဖူးမှ ချွေးများ စီးကျလာခဲ့သည်။

 

 

“ဟုတ်ပါတယ်။ အခု သခင်လေးက မစ်စုကို နှစ်သက် သဘောကျတဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ကြည့်ရှုသူ ပရိသတ် တစ်ယောက်ပဲလေ။ သခင်လေး သူမနဲ့ စကားပြောတဲ့ အခါမှာ လက်ရှိပုံစံ အတိုင်း ပြုမူပြောဆိုမယ်ဆိုရင် နည်းနည်းတော့ ခံစားချက် ကင်းမဲ့နေသလို ဖြစ်နေမယ် မဟုတ်ဘူးလား။ အဲဒီလိုဆိုရင် မစ်စုက သခင်လေးကို ရင်းနှီးဖို့ သိပ်မလွယ်ဘူးလို့ ထင်ပြီး သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ သခင်လေးနဲ့ စကားပြောဆိုဖို့ အစပျိုးမှု လုပ်တော့မှာ မဟုတ်ဘူး”

 

 

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာဟာ ‌တောင့်တင်းသွားသည်။ သူက မျက်မှောင်ကြုတ် သွားပြီး ဤသို့ပြောသည်။

 

 

 “ငါ့ကို ထုံထိုင်းတယ်လို့ မထင်အောင် ဘယ်လို လုပ်ရမလဲ။ သာမန် ပရိသတ်တွေက သူတို့ ကြိုက်နှစ်သက်တဲ့ လူတွေကို ဘယ်လို ပြောဆိုပြုမူကြလဲ”

 

 

 

ကုရှောက်ယန်က ဒါကို ခဏလောက် စဉ်းစားကြည့်ပြီးနောက် ပိုစိတ်ချရတဲ့ အဖြေတစ်ခုကို ပေးခဲ့သည်။

 

 

“အလွန်အကျူး ချီးကျူးမြှောက်ပင့်တဲ့ စကားမျိုးတွေ သုံးကြည့်ပါလား။

 

 

“အလွန်အကျူး... ချီးကျူးမြှောက်ပင့်စကားလား”

 

 

“အဲ့တာက ကျွန်တော်တို့ အကြိုက်ဆုံး အိုင်ဒေါတွေကို ချီးကျူးစကား အမျိုးမျိုးနဲ့ တင်စားပြီး မြှောက်ပင့်တာမျိုးပဲ”

 

 

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေဟာ အနည်းငယ် လင်းလက်လာပြီး ဒါကို သူ လုပ်နိုင်လိမ့်မယ်ဟု တွေးမိသည်။

 

 

“ဒီပရိသတ်တွေရဲ့ အလွန်အကျူး ချီးကျူး မြှောက်ပင့်တဲ့ စကားတွေကို ငါ ဘယ်မှာ ရှာလို့ရနိုင်မလဲ”

 

 

“လွယ်ပါတယ်၊ အဲ့တာကို ကျွန်တော် ရှာပေးမယ်”

 

 ကုရှောက်ယန်က ပရိသတ်များ အသုံးပြုလေ့ရှိသည့် နာမည်ကြီး‌သော အလွန်အကျူး ချီးကျူးမြှောက်ပင့် စကားများကို အွန်လိုင်းပေါ်တွင် ချက်ချင်း ရှာဖွေခဲ့ပြီး မိနစ်ပိုင်း အတွင်းမှာပင် ပိုမိုယုံကြည် စိတ်ချရသော လမ်းညွှန်ပို့စ်များ ပါရှိသည့် ဝက်ဆိုဒ်တစ်ခုကို တွေ့ရှိခဲ့သည်။

 

 

 

ဟောက်ချန်ဟွမ်းသည် ထိုဝက်ဆိုဒ်ကို ဝင်ကြည့်သော အခါတွင် သူ့မျက်လုံးရှေ့ရှိ အလွန်အကျူး ချီးကျူးမြှောက်ပင့် စကားများကြောင့် သူ့မျက်လုံး ကွယ်လုနီးပါး ခံစားခဲ့ရသည်။

 

 

အလွန်အကျူး ချီးကျူးမြှောက်ပင့် စကားများ စတင် အသုံးပြုသူ အဆင့်

 

 

[ဒီလိုအလှအပမျိုးက တကယ်ပဲ တည်ရှိနေတာလား။]

 

 

[ငါ ဒီမျက်နှာလေးကို တစ်ချိန်လုံး ကြည့်နေနိုင်တယ်။]

 

 

[သွားစို့၊ မင်းက အကောင်းဆုံးပဲ၊ ကလေးလေး။ မင်းက ဒီနေ့ကစပြီး မြို့ထဲမှာ ချစ်စရာ အကောင်းဆုံး ကလေးလေးပဲ။]

 

 

[မင်းက ‘ချစ်စရာ ကောင်းမှု’တွေကို စားသုံးပြီး ကြီးပြင်းလာခဲ့တာလား။ ဒီထူးခြား ဆန်းကြယ်လှတဲ့ ချစ်စရာကောင်းတဲ့ ပိုင်မုန့်လေးက ဘယ်သူများလဲ။]

 

 

အလွန်အကျူး ချီးကျူးမြှောက်ပင့်စကား အလယ်အလတ် အဆင့်

 

 

[မင်းမျက်ဝန်းထဲက ကြယ်ပွင့်လေးတွေက ငါ့နှလုံးသားထဲ ပစ်ခွင်း ဝင်ရောက် သွားခဲ့ပြီ။ အဲ့အချိန်ကစပြီး မင်းက ကိုယ့်ဘဝကို ချဉ်းနင်းဝင်ရောက် လာခဲ့ပြီး ကိုယ် မင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။]

 

 

[ကိုယ် မင်းကို မြင်တွေ့လိုက်ရချိန်ကစပြီး ကျူးပစ်ရဲ့ မြားချက် ကိုယ့်နှလုံးသားကို တည့်တည့် ပစ်ခွင်းလိုက်သလိုပဲ။ အဲ့အချိန်စပြီး ကိုယ် မင်းကို နက်ရှိုင်းစွာ ချစ်မြတ်နိုး သွားခဲ့မှန်းကို ကိုယ် နားလည် သဘောပေါက်ခဲ့တယ်။]

 

 

[နိုင်ငံတိုင်းဟာ မင်းအပြုံးတွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး၊ မြင့်မားတဲ့ တောင်တန်းတွေနဲ့ ကျယ်ပြောလှတဲ့ ပင်လယ် သမုဒ္ဒရာတွေဟာ မင်းရဲ့ မျက်ရည် တစ်စက်နဲ့တောင် နှိုင်းမယှဉ်သာပါဘူး။]

 

 

အလွန်အကျူး ချီးကျူးမြှောက်ပင့်စကား အဆင့်မြင့်ဆုံးအဆင့်

 

 

[မင်းမျက်ဝန်းတွေက နဂါးငွေ့တန်းတွေ ထောင်သောင်းချီ သယ်ဆောင်ထားတဲ့ စကြဝဠာကြီးလို နက်နဲတယ်။ မင်းရဲ့ နှာတံလေးတွေက မြင့်မားတဲ့ တောင်တန်းကြီးတွေလို ဖြောင့်စင်းပြီး ပိုမိုရင်သပ်ရှုမောဖွယ် ကောင်းတယ်။ မင်းရဲ့ နှုတ်ခမ်းလေးတွေက သန်းခေါင်ယံ နှင်းဆီတွေလို ဆွဲဆောင်မှု အပြည့်နဲ့ ရူးသွပ်စေတယ်။ မင်းက အရမ်းဖြူစင်ပြီး ရိုးသားတယ်၊ မင်းရဲ့ ဟန်ပန် အမူအရာက အရမ်း နှစ်လိုဖွယ်ကောင်းပြီး လူတွေကို အကြည့်မလွဲအောင် ဖြစ်စေတယ်။ သို့သော်ငြားလည်း ကိုယ်အနှစ်သက်ဆုံးက မင်းရဲ့ အဖိုးတန်၊ နူးညံ့ပြီး လုံးဝ အပြစ်ကင်းစင်တဲ့ ရွှေစင် နှလုံးသားလေးကိုပါပဲ။ လူတွေက မင်းရဲ့ အလှအပကို အရင်ဆုံး သတိပြုမိကြတာ ဆိုပေမယ့် မင်း ဘယ်သူလဲ ဆိုတာကို စောင့်ကြည့်နေကြတယ်။ ရဲရဲဝံ့ဝံ့နဲ့ အမြင့်ဆုံးကို ပျံသန်းလိုက်ပါ ကလေးငယ်၊ ကိုယ်က မင်းဘေးမှာ အမြဲရှိနေပေးမယ်။]

 

 

ဟောက်ချန်ဟွမ်း, “…”

 

 

သူက အနာဂတ်မှာ သူ့ဇနီးသည်ကို ဒီလိုမျိုး ချဲ့ကားလွန်းတဲ့ စကားမျိုးကို အမှန်တကယ် ပြောဆိုရမှာလား။

 

 

ဒီအခိုက်အတန့်မှာ နှစ် ၂၀‌ ကျော် တိတ်တခိုး ကျိတ်ပိုးခဲ့သော ဟောက်-လူ-အိုကြီး-ချန်ဟွမ်းက ပြောစထွက် နိုင်လောက်အောင် ဆိုးရွားသော တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်မိတယ်လို့ ခံစားရပြီး သူ့ကို နည်းနည်းတော့ မွန်းကျပ်သွားစေသည်။

***