လူငယ်တွေက အစာချေဖျက်နှုန်း မြန်ဆန်ကြတယ်
စုယန်ယန်သည် သူမရဲ့ သတို့သားလောင်းကို ကမ္ဘာသစ်ကြီး တစ်ခုဆီသို့
အရောက်ပို့ခဲ့သော ယုန်တွင်းထဲသို့ မရည်ရွယ်ပဲ ပို့ဆောင် လိုက်မိကြောင်းကို လုံးဝ သတိမပြုမိခဲ့ပေ။
တိုက်ရိုက် ထုတ်လွှင့်မှု အပြီးတွင် ကံစမ်းမဲ ဆုလာဘ်များအား
သက်ဆိုင်ရာ ကံထူးရှင်များ ဆီသို့ ပေးပို့ပြီးနောက် သူမ ပြင်ဆင် ချက်ပြုတ်ထားသည့် အစားအစာ
အားလုံးကို မီးဖိုချောင်ထဲမှ အမြန်ယူဆောင် လာခဲ့သည်။
အပေါ်ထပ်တွင် တစ်ရေး မှေးစက်နေသော အဘိုးအိုချိန်သည် ချိန်ရှုချင်ထံမှ
သူ့အဖိုးတန် မြေးမလေးက သူ့အတွက် ဒီည ညစာကို ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင် ပေးမယ်လို့
ကြားလိုက်ရသည်။
အပြင်ပန်းတွင် အေးဆေး တည်ငြိမ်နေဟန် ရှိပေမယ့် စိတ်ထဲမှာ
ကြည်နူးပီတိ ဖြစ်နေပြီးတော့ နာရီဝက်စောပြီး အောက်ထပ်ကို ဆင်းသွားခဲ့သည်။
ချိန်ရှုချင်နှင့် တခြားသူတွေက ဒါကို မြင်ပေမယ့် မသိဟန်ဆောင်ပြီး
သူနဲ့အတူ တိတ်တဆိတ် စောင့်ဆိုင်း နေခဲ့ကြသည်။
ချက်ချင်း ဆိုသလိုပင် မီးဖိုချောင်ထဲတွင် ချက်ပြုတ် ပြင်ဆင်ထားတဲ့
ဟင်းပွဲတွေရဲ့ ရနံ့အမျိုးမျိုးက လေထုထဲ ပျံ့လွင့်လာသည်။
မစ်စတာစုနဲ့ စုယန်ယန်ရဲ့ အချက်အပြုတ် လက်ရာကို မြည်းစမ်းခဲ့ဖူးသော
ကျန်လူများမှာ သူတို့လုပ်နေတဲ့ အရာတွေကို မရပ်တန့် သွားခဲ့ပေမယ့် သူတို့ရဲ့ မျက်လုံးများနှင့်
နှလုံးသားတွေကို စွဲမက်ဖွယ် ကောင်းသော ဟင်းလျာများ၏
သင်းရနံ့များမှ ဆွဲဆောင်ခြင်း ခံခဲ့ရသည်။
အန်တီချင်နဲ့ စုယန်ယန်ရဲ့ လက်ရာကို မမြည်းစမ်းခဲ့ဖူးတဲ့ ကျန်သူတွေက
အရင်လူတွေလောက် ငြိမ်သက်ခြင်း မရှိကြပေ။ စုယန်ယန်က သူမတို့အတွက် ချက်ပြုတ် ပြင်ဆင်ပေးမယ်လို့
ပြောတုန်းက လိမ္မာယဉ်ကျေးတယ်လို့ ထင်ခဲ့ပေမယ့် အခု ဟင်းလျာများရဲ့ သင်းရနံ့ မွှေးကြိုင်
လာချိန်မှာတော့ သူမက မနေနိုင်ပဲ မေးလိုက်မိသည်။
“အခု မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ သူက ယန်ယန်လား”
ချိန်ရှုချင်က ကြွားဝါသည့် အသံရောစွက်ကာ ဂုဏ်ယူ ဝံ့ကြွားစွာဖြင့်
ပြန်ဖြေလိုက်သည်။
“ယန်ယန် မချက်လို့ ဘယ်သူချက်မှာလဲ”
“ယန်ယန်က ဒီလို အရည်အချင်းမျိုးကို ဘယ်တုန်းက စပြီး ရရှိသွားခဲ့တာလဲ။
ကျွင်းဟောင်နဲ့ ငါ နောက်ဆုံးအကြိမ် လာလည်တုန်းက အန်တီလီရဲ့ ဟင်းချက် လက်ရာကိုပဲ ငါတို့
မြည်းစမ်းခဲ့ရပြီး ဒီလောက် အနံ့မမွှေးဘူး”
“ငါလည်း သေချာမသိဘူး၊ သူမက စာဖတ်တာရယ် အန်တီလီ ချက်ပြုတ်တာကို
လိုက်လေ့လာရင်းနဲ့ ကျွမ်းကျင် လာတာလို့ ပြောတယ်။ ကလေးတွေ ကြီးပြင်းလာတဲ့ အခါ သူ့အလိုလို
ကိုယ်ပိုင် ထင်မြင်ချက်တွေ ရှိလာပြီး အခုခေတ် အချိန်အခါမှာ ငါတို့ကို ဘာမဆို ပြောခဲဆိုခဲလာတယ်။
သူ့ သတို့သားလောင်းရဲ့ ကျန်းမာရေးကို ပြုပြင် ထိန်းသိမ်းပေးမယ့် အကြောင်းကို စောစော
မပြောခဲ့ဘူးဆိုရင် သူမ ဟင်းချက်တတ်မှန်း ငါတို့သိမှာတောင် မဟုတ်ဘူး”
ချိန်ရှုချင်ပြောသည့် လေသံထဲတွင် အနည်းငယ် ချဉ်နေသည့်ဟန်
ပါဝင်နေသည်။ ချင်ရွှယ်ရူသည် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင် ခတ်လိုက်သည်။
“နင်ပြောတဲ့ ယန်ယန်ရဲ့ သတို့သားလောင်းက ဘာဖြစ်နေတာလဲ။ သူက
နေမကောင်းဘူးလား”
“သူ့ခြေထောက်ကလွဲရင် ကျန်တာ အဆင်ပြေသင့်တယ်၊ သူက အရမ်း အလုပ်များပြီး
အိပ်ရာဝင် နောက်ကျတဲ့အပြင် စားချင်သောက်ချင် စိတ်ကလည်း သိပ်မကောင်းဘူး။ အဲ့ဒီ အရူးမလေးကလေ
အဲ့အကြောင်းကို ကြားလိုက်ရတော့ အရမ်းကို စိုးရိမ်ပူပန်သွားပြီး စွပ်ပြုတ်နဲ့ ဆေးဖက်ဝင်
ဟင်းလျာတွေကို ချက်ပြုတ် ကျွေးမွေးခဲ့တယ်လေ”
“သူတို့ နှစ်ယောက်ကြား ဆက်ဆံရေးက တော်တော် ကောင်းပုံပဲ၊ အနည်းဆုံးတော့
ယန်ယန်က သူ့ကို တကယ် သဘောကျပုံပဲ။ သူကရော ဘယ်လိုလဲ။ သူက ယန်ယန်အပေါ် ကြင်နာလား”
“အခုကြည့်ရတာတော့ သဘောကျတဲ့ပုံပဲ၊ ဒါပေမယ့် နောင်ကျရင် ဘာဖြစ်မလဲဆိုတာကိုပဲ
ငါစိုးရိမ်နေမိတယ်...”
“အနာဂတ်မှာ စိုးရိမ်ပူပန်စရာတွေ ဖြစ်လာခဲ့ရင် အဲ့ကျမှပဲ စိုးရိမ်ပူပန်လိုက်ပါ။
အခုလောလောဆယ် သူတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကျွမ်းဝင် နေကြတာမို့ ငါတို့ စောင့်ကြည့်ကြရအောင်။
သူတို့ လက်ထပ်ပြီးတဲ့ အခါကျရင် သူ ယန်ယန့်ကို တကယ်ပဲ အနိုင်ကျင့်တယ် ဆိုရင် ငါတို့
ဘေးကနေ ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး မလား။ နင်နဲ့ ခဲအိုက ငယ်သေးတယ်၊ ယန်ယန်ကို နောက်ဆယ်စုနှစ်
အနည်းငယ် လောက်အထိ ကာကွယ်နိုင်စွမ်း အပြည့်ရှိနေပါသေးတယ်။ ကြိုတင် မခန့်မှန်းနိုင်တဲ့
အရာတွေ ဖြစ်ခဲ့ရင် ကျွင်းဟောင်နဲ့ ငါရယ် ယုရွှမ်ပါ ရှိနေသေးတယ်။ ယန်ယန့်ကို ငါတို့
ကာကွယ်ပေးနိုင်ပါတယ်”
ချိန်ရှုချင်က ခေါင်းညိတ်လိုက်ပြီး သူမစိတ်ထဲမှ စိုးရိမ်ပူပန်နေမှုများ
လျော့ပါးသွားသည်။
အမျိုးသမီး နှစ်ယောက် စကားစမြည် ပြောဆိုနေကြစဉ် မီးဖိုချောင်ထဲမှ
စားချင်စိတ် တိုးပွားစေသည့် မွှေးရနံ့တွေဟာ ပိုမိုထူထပ်လာခဲ့သည်။
အစပိုင်းတွင် မစ်စတာစု၊ စုယုရွှမ်နဲ့ အဘိုးချိန်တို့သည် တီဗီကြည့်ခြင်း၊
သတင်းစာဖတ်ခြင်း၊ စာအုပ်ဖတ်ခြင်းတို့ကို ပုံမှန်အတိုင်း ပြုမူနိုင်သေးသည်။ နောက်ပိုင်းမှာတော့
သူတို့ဟာ ဗိုက်ဆာလွန်း သောကြောင့် ဧည့်ခန်းတစ်ဝိုက်ကို ကတုန်ကယင်ဖြင့် ပတ်လျှောက် နေခဲ့ကြသည်။
အဖိုးချိန်သည် စုယုရွှမ်၏ ပတ်ချာလည် လမ်းလျှောက် နေခြင်းကြောင့်
စိတ်ဆိုးသွားပြီး သူ့လမ်းလျှောက်တုတ်ကို မြေပေါ်သို့ ပစ်ချကာ သူ့ကို ပြစ်တင် ကြိမ်းမောင်းတော့သည်။
“မင်း ဒီအသက်အရွယ် ရောက်နေတာကိုတောင် စိတ်ရှည် သည်းခံနိုင်စွမ်း
မရှိသေးဘူး။ မင်း အခုထိ လက်ထပ်ဖို့ ဇနီးမယားကို ရှာမတွေ့သေးတာ အံ့သြစရာ မရှိပါဘူး”
စု-ဇနီး-တစ်ယောက်-မရှာဖွေ- နိုင်သော-ယုရွှမ် “...” အခု ဒီတစ်ကိုယ်ရေ
ခွေးလေး တိုက်ခိုက် ခံလိုက်ရတာလား။
ချင်ရွှယ်ရူက ချောင်းအသာဟန့်ကာ ဒီအခြေအနေအား ကိုင်တွယ်ဖို့
ကြိုးစားလိုက်သည်။
“ယုရွှမ်က ဗိုက်ဆာနေလို့ ဖြစ်မယ်၊ ဟုတ်တယ်မလား။ လူငယ်တွေက
အစာချေဖျက်နှုန်း မြန်ဆန်ကြတယ်”
အဘိုးချိန်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။
“ဒီနေ့ခေတ်လူငယ်တွေက အစာချေဖျက်နှုန်း မြန်ဆန်တာနဲ့ ဘာလို့
ဂနာမငြိမ် ဖြစ်နေရတာလဲ။ နိဂုံးချုပ်ရရင် သူက လုံလုံလောက်လောက် မထိန်းချုပ်နိုင်သေးဘူး”
သူ ဤသို့ ပြောပြီးပြီးချင်း သူ့ဗိုက်ထဲမှ ထွက်ပေါ်လာသည့်
အော်မြည်သံ အကျယ်ကြီးက လူတိုင်းကို လျစ်လျူရှုဖို့ ခက်ခဲစေသည်။
လူတိုင်း “...”
အဘိုးချိန် “…”
***